■စစ်ကောင်စီကအဆိပ်ငွေ့ဗုံးအသုံးပြုတိုက်ခိုက်
စက်တင်ဘာ-၂၈၊၂၀၂၅။လူအေး/People’s Spring
ကျောက်မဲနဲ့နောင်ချိုမြို့နယ်အတွင်း နေရာ၅ခုမှာ တိုက်ပွဲဖြစ်ပွားနေပြီး ကျောက်မဲမြို့နယ်လုံဝယ်ကျေးရွာကို စစ်ကောင်စီက အဆိပ်ငွေ့ဗုံးအပါအဝင် ဗုံးအလုံး၃၀ကျော်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ TNLAကဒီကနေ့ညမှာသတင်းထုတ်ပြန်ပါတယ်။
ကျောက်မဲမြို့နယ်မှ လုံဝယ်၊တောင်ဆေးလိပ်၊ စခန်းသာကျေးရွာ၊နောင်ချိုမြို့နယ်မှဆိပ်ဖူးကျေးရွာ၊ ဘန်ကာချောင်းအနီးတို့မှာ တိုက်ပွဲတွေဖြစ်နေတာလို့ဆိုပါတယ်။

Public Service Announcement
လုံဝယ်ကျေးရွာကို စစ်တပ်က လေကြောင်းကနေ ဗုံး (၃၀)လုံး နှင့် အဆိပ်ငွေ့ဗုံး(၃)လုံး ကြဲချတိုက်ခိုက်ပြီး နေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဖော်ပြပါတယ်။
အဆိပ်ငွေ့ဗုံးကြောင့်TNLAတပ်ဖွဲ့ဝင်တွေမူးဝေအော့အန်ပြီး မအီမသာဖြစ်တာတွေ၊ ၊ မောပြီး အသက်ရှူမြန်ဆန်တဲ့လက္ခဏာတွေဖြစ်ခဲ့တယ်လို့ဆိုပါတယ်။
ကျောက်မဲမြို့ကို TNLA က ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ ၂၀၂၄ ခုနှစ်သြဂုတ်လမှာ သိမ်းယူခဲ့တာပါ။
ပြီးခဲ့တဲ့ဇူလိုင်လမှာ နောင်ချိုမြို့ကိုပြန်လည်သိမ်းယူပြီးတဲ့နောက် သြဂုတ်လ၁၉ရက်နေ့ကစပြီး ကျောက်မဲမြို့နယ် နောင်ပိန်တိုက်နယ်ကို စစ်တပ်စစ်ကြောင်းဝင်ရောက်လာပြီးနောက် TNLA၊PDF ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတိုက်ပွဲစတင်ဖြစ်ခဲ့တာပါ။ဒီနေ့အထိတိုက်ပွဲတွေဆက်လက်ပြင်း
ထန်နေပြီး စစ်ကောင်စီက လေကြောင်းကနေ ဗုံးအဆက်မပြတ်ကြဲကာမြေပြင်စစ်ကြောင်းတွေရှေ့ကိုတိုးလာတာလို့ သိရပါတယ်။
စက်တင်ဘာလ၂၇ရက်နေ့ကလည်း ကျောက်မဲမြို့ ပန်သပြေရွာက ဘုန်းကြီးကျောင်းဆောင်နဲ့ ဓမ္မာရုံတွေကို စစ်ကောင်စီကနေကျောင်းကနေဗုံးကြဲလို့ အဆောက်အအုံတွေ ပျက်စီးခဲ့ပါတယ်။ လေကြောင်းအန္တရာယ်၊လက်နက်ကြီးအန္တရာယ်နဲ့ စစ်ရေးအခြေအနေတွေကိုသတိပြုဖို့ TNLAကသတိပေးထားပါတယ်။


















































