မြန်မာနိုင်ငံရဲ့ ကိုးကန့် ဒေသမှာ အွန်လိုင်း ငွေလိမ်ဂိုဏ်း (ကျားဖြန့်)နဲ့ တခြား ဒုစရိုက် လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့တဲ့ မြီမိသားစုတွေအပါအဝင် ဂိုဏ်းသား ၁၁ ဦးကို တရုတ်က သေဒဏ် ချမှတ်ခဲ့ကြောင်း သိရပါတယ်။
စက်တင်ဘာ ၂၉ ရက်နေ့မှာ တရုတ် တရားရုံး တစ်ခုက မြီမိသားစုဝင်တွေ ဦးဆောင်တဲ့ ဒုစရိုက် ဂိုဏ်းသားတွေဟာ ငွေကြေးလိမ်လည်မှုနဲ့ တခြား ဒုစရိုက်မှုတွေအတွက် ပြစ်မှုထင်ရှားတယ်လို့ ဆုံးဖြတ်ပြီး အပြင်းထန်ဆုံး ပြစ်ဒဏ်ကို ချမှတ်လိုက်တာ ဖြစ်ပါတယ်။
ဝမ်းကျူး အလတ်တန်း ပြည်သူ့ တရားရုံးက အဲဒီ ဂိုဏ်းသားတွေဟာ ၂၀၁၅ ခုနှစ်ကစလို့ တရုတ်-မြန်မာ နယ်စပ်နားမှာ ဆိုက်ဘာ ငွေကြေး လိမ်လည်မှု၊ မူးယစ်ဆေး မှောင်ခို ရောင်းဝယ်မှု၊ ပြည့်တန်ဆာမှု၊ တရားမဝင် ကာစီနိုတွေ ထူထောင်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်ခဲ့တယ်လို့ စွပ်စွဲခဲ့ပါတယ်။

Public Service Announcement
ကိုးကန့်ဒေသကို ဩဇာ လွှမ်းမိုးထားနိုင်ခဲ့ဖူးတဲ့ မိသားစုဟာ လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ အကာအကွယ်ကို ယူပြီး ကျားဖြန့်လုပ်ငန်းနဲ့ တခြား ဒုစရိုက်လှုပ်ရှားမှု အများအပြားကို လည်ပတ်နေခဲ့တယ်လို့ တရားရုံးက ဆိုပါတယ်။
အဲဒီဂိုဏ်းဟာ ထွက်ပြေးဖို့ ကြိုးစားတဲ့ ဝန်ထမ်းတွေ၊ အမိန့်မနာခံသူတွေ ၁၀ ယောက်လောက် အပါအဝင် လူ ၁၄ ဦးထက် မနည်းကိုလည်း သတ်ဖြတ်ခဲ့တယ်လို့ တရားရုံးက ယူဆခဲ့ပါတယ်။ အဲဒီထဲမှာ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလတုန်းက ကျားဖြန့် ဝန်ထမ်းတွေကို တရုတ်ဖက် ပြန်မပို့နိုင်အောင် တားဆီးဖို့ ရည်ရွယ်ပြီး ပစ်ခတ်ခိုင်းခဲ့တဲ့ ဖြစ်ရပ် တစ်ခုလည်း အပါအဝင်လို့ ဆိုပါတယ်။
အဲဒီ မိသားစု ဒုစရိုက် စီးပွားရေး လုပ်ငန်းဟာ တခြားမိတ်ဖက် ရင်းနှီးမြှုပ်နှံသူတွေကိုလည်း ဆွဲဆောင်နိုင်ခဲ့ပြီး ယွမ်ငွေ ၁၀ ဘီလီယံ၊ တနည်းအားဖြင့် ဒေါ်လာ ၁.၄ ဘီလီယံဖိုးလောက်ထိ ကျယ်ပြန့် ကြီးထွားခဲ့တယ်လို့လည်း သိရပါတယ်။
တရုတ်အစိုးရက အပူတပြင်း အလိုရှိနေတဲ့ မြီမိသားစုဝင်တွေကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၆ ရက်နေ့မှာ အာဏာသိမ်း မြန်မာစစ်တပ်က တရုတ်ဆီ လက်လွှဲပေးခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက်ပိုင်း သူတို့ဟာ တရုတ်မှာ တရားစွဲဆိုမှုတွေနဲ့ ရင်ဆိုင်ခဲ့ရတာပါ။
တရားရုံး စီရင်ချက်မှာတော့ ၁၁ ဦးကို သေဒဏ်ချမှတ်ပြီး နောက်ထပ် ၅ ဦးကတော့ ဆိုင်းငံ့သေဒဏ်အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။
တခြားဂိုဏ်းသား ၂၃ ယောက်ကိုတော့ ထောင်ဒဏ် ၅ နှစ်ကနေ ထောင်တစ်သက်ထိ အသီးသီး ချမှတ်ခဲ့တယ်လို့ ဆိုပါတယ်။ တရုတ် သတင်းဌာန CCTVကတော့ စီရင်ချက် ချမှတ်ခံရသူ ၃၉ ဦးစလုံးဟာ မြီမိသားစု အဆက်အနွယ်တွေလို့ ဖော်ပြထားခဲ့ပါတယ်။
တရုတ်ဟာ မြန်မာနိုင်ငံရဲ့ နယ်စပ်အခြေစိုက် ကျားဖြန့်ဂိုဏ်းတွေကို ဖိနှိပ် ဖြိုခွင်းနိုင်ရေးအတွက် အာဏာသိမ်း စစ်ကောင်စီ၊ ထိုင်းအစိုးရတို့နဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေကို အရှိန်မြှင့် လုပ်ဆောင်လာခဲ့ပါတယ်။
အခုနှစ် ဧပြီလထဲမှာတော့ ထိုင်း-မြန်မာ နယ်စပ်နားက ကျားဖြန့် လုပ်ငန်းတွေကနေ နိုင်ငံခြားသား ၇,၀၀၀ လောက်ကို မိခင်နိုင်ငံ နှစ်ဒါဇင်လောက်စီ ပြန်လည် ပို့ဆောင်ပေးခဲ့တယ်လို့လည်း သိရပါတယ်။
မြီမိသားစုဟာကိုးကန့်ဒေသ က အချမ်းသာဆုံး မိသားစု လေးစုထဲက တစ်စုဖြစ်ပါတယ်။
အွန်လိုင်းငွေလိမ် လုပ်ငန်း နဲ့ ဆက်စပ်ပြီး ဖမ်းဝရမ်းထုတ်ထားတဲ့ မြီမိသားစု ရဲ့ ဦးစီးဖြစ်သူ မြီရှောက်ချန်း ကတော့ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ၊ နိုဝင်ဘာလအတွင်း လောက်ကိုင်မြို့ မှာ ဝင်ရောက်ဖမ်းဆီးချိန် ပစ္စတိုနဲ့ သူ့ကိုသူအဆုံးစီရင်ခဲ့တယ် လို့ စစ်ကောင်စီက ထုတ်ပြန်ခဲ့ပါတယ်။
ကိုးကား – BBC ၊ ဓာတ်ပုံ – CCTV


















































