အောက်တိုဘာ-၂၊၂၀၂၅။လူအေး/People’s Spring
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) ထိန်းချုပ်ထားတဲ့ နမ္မတူနဲ့ မန်တုံမြို့ကို ဒီနေ့အောက်တိုဘာ ၂ရက် မနက်ပိုင်းမှာ စစ်ကောင်စီက လေကြောင်းကနေဗုံးကြဲတိုက်ခိုက်တာမှာအရပ်သားသုံးဦးသေဆုံးပြီး ကလေးငယ်တွေအပါအဝင် ခြောက်ဒဏ်ရာရခဲ့ပါတယ်။
နမ္မတူမြို့၊ ရပ်ကွက်(၈)နဲ့ မန်တုံမြို့နယ်တနေရာကို မနက် ၇နာရီ၁၅မိနစ်နဲ့ ၇နာရီခွဲမှာ ဗုံးကြဲသွားတာလို့ ဒေသခံတွေကပြောပါတယ်။
အခြားနမ္မတူမြို့ခံတဦးကလည်း “နမ္မတူဆိုရင် မြို့ထဲကိုကြဲသွားတာ။ မန်တုံလည်း မြို့နားနီးတယ် “လို့ ပြောပါတယ်။စစ်တပ်ဗုံးကြဲမှုကြောင့်သေဆုံးသူတွေထဲမှာ စစ်တပ်ကနောင်မွန်ရွာကိုစစ်ကြောင်းထိုးလို့ နမ္မတူမြို့ဘက်ကိုထွက်ပြေးလာတဲ့ စစ်ဘေးရှောင်ပြည်သူအချို့ပါဝင်တယ်လို့လည်းဒေသခံအချို့ကပြောပါတယ် ။

Public Service Announcement
စစ်ကောင်စီတပ်ဟာအောက်တိုဘာ ၂ ရက်နံနက် ၇နာရီ မိနစ်၂၀အချိန်မှာဗုံးကြဲတိုက်ခိုက်ရာ အရပ်သားသုံးဦးသေဆုံးပြီး ကလေးငယ်အပါအဝင် ခြောက်ဦး ဒဏ်ရာရခဲ့သလို နေအိမ် ၈ လုံးပျက်စီးခဲ့တယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)ကလည်း ထုတ်ပြန်ပါတယ်။
ပြည်သူလူထုတွေတည်ရှိရာကို ဦးတည်ပြီး ရည်ရွယ်ချက်ရှိရှိနဲ့ လေကြောင်းကနေ နမ္မတူမြို့မှာ ဗုံးတလုံးနဲ့ မန်တုံမြို့မှာ လေးလုံး ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ဒါ့အပြင် မန်တုံမြို့အနီးကိုလည်း ဂျက်ဖိုက်တာ နှစ်စီးနဲ့ ဗုံးကြဲတာဖြစ်ပြီး လူထိခိုက်မှုအခြေနေကို မသိရသေးဘူးလို့ ရှမ်းမြောက်သတင်းရင်းမြစ်က ပြောပါတယ်။
TNLAဟာ ၂၀၂၃အောက်တိုဘာ ၂၇ရက်ကစတင်တဲ့ ၁၀၂၇ စစ်ဆေးတွေနဲ့အတူ ရှမ်းပြည်နယ်မြောက်ပိုင်းက ကျောက်မဲမြို့၊ သီပေါ၊နမ့်ဆန်၊ မိုင်းလုံ၊ မိုးမိတ်၊ မန်တုံ၊နမ္မတူ၊ ကွတ်ခိုင်၊ နောင်ချို၊နမ့်ခမ်း၊မိုင်းငေါ့မြို့နဲ့ မန္တလေးတိုင်းကမိုးကုတ်မြို့ကိုသိမ်းယူခဲ့တာပါ။
၂၀၂၅ နှစ်လယ်ပိုင်းမှာ စစ်ကောင်စီကပြန်ပြီးစစ်ကြောင်းထိုးလို့ ပြီးခဲ့တဲ့ဇူလိုင်မှာ နောင်ချိုမြို့ကို လက်လွတ်ဆုံးရှုံးခဲ့ပါတယ်။ စစ်ကောင်စီက ကျောက်မဲမြို့ကိုလည်းထိုးစစ်ဆင်ရာ မနေ့က အောက်တိုဘာ ၁ရက်မှာ ပြန်လည်ထိန်းချုပ်နိုင်ပြီလို့ သတင်းထုတ်ပြန်ထားပါတယ်။
ကျောက်မဲမြို့ကိုထိန်းချုပ်လိုက်ပြီလို့ ကြေညာပြီးနောက်တနေ့မှာ နမ္မတူနဲ့ မန်တုံမြို့ကို စစ်ကောင်စီက ဗုံးကြဲတာ ဖြစ်ပါတယ်။
“ပြေးလိုက်တာဗျာ။ရင်တွေတုန်လိုက်တာ။ရှေ့ဆက်ပြီးဘာတွေဆက်ဖြစ်မှာလဲမသိတော့ဘူး။ အရပ်သားတွေအတွက်က အရမ်းစိုးရိမ်ရတဲ့အခြေအနေဖြစ်နေပါပြီ”လို့ နမ္မတူမြို့ခံတဦးကပြောပါတယ်။
TNLA ထိန်းချုပ်ထားတဲ့မြို့တွေကို ဆက်လက်တိုက်ခိုက်မယ်လို့ စစ်ကောင်စီဝါဒဖြန့်ချိရေးလူမှုကွန်ရက်စာမျက်နှာတွေကနေခြိမ်းခြောက်ဝါဖြန့် နေကြပါတယ်။
ဒါ့အပြင် အောက်တိုဘာ ၁ ရက်နေ့လည်း မိုးကုတ်မြို့အနောက်ပိုင်း၊ ရေထွက်ကြီးကျေးရွာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသား တဦး ဒဏ်ရာရရှိခဲ့ပြီး နေအိမ် တလုံးလည်း ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
ဒါ့ကြောင့် ပြည်သူတွေအနေနဲ့ စစ်ကောင်စီရဲ့လေကြောင်းနဲ့လက်နက်ကြီးအန္တရာယ်၊ စစ်ရေးအခြေအနေတွေကို သတိပြုဖို့ထိုးပြန်ထားပါတယ်။ စစ်ရေးသတိ အမြဲရှိရန်ဖို့တိုက်တွန်းထား ပြီး လေကြောင်းရန် ကာကွယ်နိုင်ဖို့ လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းတွေ လိုက်နာဖို့လည်း TNLAက တိုက်တွန်းထားပါတယ်။
စစ်တပ်ကနမ္မတူမြို့ကို ဗုံးကြဲ ပြည်သူ သုံးဦးသေပြီး ၆ဦးဒဏ်ရာရ အောက်တိုဘာ-၂၊၂၀၂၅။လူအေး/People's Spring…
Posted by People's Spring on Wednesday 1 October 2025
(စစ်တပ်ဗုံးကြဲလို့သေဆုံးခဲ့တဲ့ စစ်ဘေးရှောင်ပြည်သူရဲ့မိသားစုဝင်အချို့ငိုကြွေးနေစဥ်။ရုပ်သံ-Mai A Shai)


















































