အောက်တိုဘာ-၇၊၂၀၂၅/People’s Spring
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ သီတင်းကျွတ်လပြည့်ည ဆီမီးထွန်းပွဲတော်လုပ်နေတဲ့ ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ရာ ကလေးငယ်တွေအပါအဝင် ဒေသခံပြည်သူ ၂၀ကျော်သေဆုံးပြီး ၃၀ခန့် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။
မနေ့ည အောက်တိုဘာ ၆ရက် သီတင်းကျွတ်လပြည့်ည ၇နာရီကျော်အချိန်မှာ မုံရွာ-ချောင်းဦးအစပ်ချောင်းဦးမြို့နယ်က ဆီမီးထွန်းပွဲတော်လုပ်နေတဲ့ ကျေးရွာတရွာကို စစ်ကောင်စီတပ်က စက်တပ်လေထီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
” ဒီမနက်အထိ သိထားရတာက ၂၀ကျော် သေဆုံးတယ်။ ၃၀လောက် ဒဏ်ရာရတယ်။ အားလုံး အရပ်သားပြည်သူတွေ ဖြစ်ပါတယ်။ ညက သေဆုံးရုပ်အလောင်းတွေ ညတွင်းချင်းမြုပ်နေချိန်မှာတောင် ပါရာမော်တာနဲ့ ၄၀ မမ ဗုံးသီးတွေ ထပ်ချတယ်”လို့ ချောင်းဦးနယ်က ဒေသခံသတင်းရင်းမြစ်တဦး ဒီကနေ့(အောက်တိုဘာ ၇ရက်)မနက်မှာ ပြောပါတယ်။

Public Service Announcement
စစ်ကောင်စီတပ်ဟာ မနေ့ညက သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကို နာရေးပြုလုပ်ချိန်မှာ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
ဗုံးကြဲခံရတဲ့ဖြစ်စဥ်က ဓာတ်ပုံအချို့ ထွက်ပေါ်လာပြီး အမျိုးသမီးခြေပြတ်လက်ပြတ်တွေ၊ ဒဏ်ရာပရပွနဲ့ ခန္ဓာကိုယ်ဝမ်းဗိုက်ပေါက်ထွက်ကာသေဆုံးနေတဲ့ ကလေးငယ်ပုံတွေကို တွေ့မြင်ရပါတယ်။
စစ်ကောင်စီက မုံရွာမြို့နယ် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)မှာ စက်တပ်လေထီးတွေအပြင် ဂျိုင်ရိုကော်ပတာ (Gyrocopter)တွေကို ပြီးခဲ့တဲ့လကတည်းက ဖြည့်တင်းထားတယ်လို့ သိရပါတယ်။
စစ်ကောင်စီ လေကြောင်းတိုက်ခိုက်တာနဲ့ပတ်သက်ပြီး အဲဒီဒေသက တော်လှန်ရေးတပ်ဖွဲ့တွေကို လူထုနွေဦးက ဆက်သွယ်မေးမြန်းနေဆဲဖြစ်ပါတယ်။


















































