အောက်တိုဘာ-၇၊၂၀၂၅။လူအေး/People’s Spring
စစ်ကိုင်းတိုင်း၊ကလေးမြို့ နဲ့ တမူးမြို့တွေကို လားရှိူးမြို့မှာအခြေစိုက်တဲ့အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)လက်အောက်ခံတပ်ရင်းတွေကို စစ်ကောင်စီကပို့ပြီး အင်အားဖြည့်တင်းနေပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့အခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်လက်အောက်ခံတပ်ရင်းတွေကို ပြီးခဲ့တဲ့ စက်တင်ဘာလဆန်းက စတင်ပို့ဆောင်ခဲ့ပြီး လက်ရှိမှာ စစ်ကြောင်းထိုးတာတွေလုပ်နေတယ်လို့ ကလေးမြို့က တော်လှန်ရေးအင်အားစုတွေကပြောပါတယ်။
“ ရမခ က တပ်တွေ ရောက်လာတယ်။သူတို့နဲ့အတူ စစ်မှုထမ်းသင်တန်းဆင်း တွေအများကြီးပါတယ်။ အင်အားတော်တော်များတယ်။နန်းစောင်ပုဘက်မှာလည်း စစ်ကြောင်းဝင်နေတာ” လို့ကလေးမြို့ကကာကွယ်ရေးရဲဘော်တစ်ဦးကပြောပါတယ်။

Public Service Announcement
ရမခလို့ အတိုကောက်ခေါ်တဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ဟာ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ ၂၀၂၄ သြဂုတ်လမှာ MNDAA နဲ့ မဟာမိတ်တပ်တွေရဲ့ ထိုးစစ်ဆင်တိုက်ခိုက်သိမ်းယူခဲ့တဲ့ စစ်ဌာနချုပ်ဖြစ်ပါတယ်။ အဲဒီစစ်ဆင်ရေးမှာ ရမခတိုင်းမှူးဗိုလ်ချုပ်စိုးတင့်ကို MNDAA ကဖမ်းဆီးခဲ့သလိုစစ်သားအများစုဟာ အလင်းဝင်တာ ၊လက်နက်ချအရှုံးပေးတာပြုလုပ်ခဲ့ကြပါတယ်။
ရမခတိုင်းမှူးအဖြစ်မူဆယ်အခြေစိုက်တပ်မ(၉၉)တပ်မမှူး ဗိုလ်ချုပ် စိုးလှိုင်ကို စစ်ကောင်စီက ယာယီအစားထိုးခဲ့ပါတယ်။ အဲဒီနောက် ရမခကို မိုင်းရယ်မြို့မှာ ယာယီပြန်ဖွဲ့စည်းပြီး ဗိုလ်ချုပ်မြင့်ကျော်ထွန်းကို တိုင်းမှူးအဖြစ် ခန့်အပ်ခဲ့ပါတယ်။ ဒါပေမယ့် လအနည်းငယ်အကြာမှာဗိုလ်ချုပ်မြင့်ကျော်ထွန်းကိုလည်းကျားဖြန့်ကိစ္စနဲ့ပြန်လည်ဖမ်းဆီးခဲ့ပါတယ်။
MNDAA နဲ့ မဟာမိတ်တပ်တွေက ၂၀၂၄ သြဂုတ် ၃ ရက်နေ့မှ ရမခအပါအဝင်လားရှိုးမြို့ကိုသိမ်းပိုက်နိုင်ခဲ့ပါတယ် ။ဒါပေမယ့် တရုတ်အစိုးရရဲ့ဖိအားကြောင့် MNDAA ဟာ ထိုးစစ်အားလုံးရပ်တန့်ခဲ့သလို ၂၀၂၅ ဧပြီလမှာ စစ်ကောင်စီထံ MNDAAက ကျည်မပေါက်ပဲပြန်လွှဲပေးခဲ့ရပါတယ်။
စစ်တပ်က လားရှိူးမြိို့ကို ပြန်လာတပ်စွဲခဲ့သလို ဗိုလ်မှူးချုပ်အေးမင်းဦးက ရမခတိုင်းမှူးတာဝန်ယူထားပါတယ်။ရမခအောက်မှာ တပ်ရင်း ၁၆ရင်းရှိနေပြီး ၃ပုံ ၁ပုံထက်မနည်းကို ကလေးနဲ့တမူးအပါအဝင် စစ်ကိုင်းတိုင်းဖက်ကို ပို့လိုက်တယ်လို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးကပြောပါတယ်။
ကလေးနဲ့ တမူးမြို့နယ်ဘက်ကို ရမခလက်အောက်ခံစစ်တပ်ရင်းတွေအပြင် မြန်မာနဲ့အိန္ဒိယနယ်စပ်မှာအခြေစိုက်တဲ့ ကသည်းလက်နက်ကိုင်အဖွဲ့တွေကိုလည်း စစ်ကောင်စီကပို့ဆောင်ထားပါတယ်။ ပြီးခဲ့တဲ့စက်တင်ဘာလလယ်က ကလေးမြို့နယ်၊ နန်းဟန်နွဲ့ရွာမှာဖြစ်တဲ့တိုက်ပွဲမှာ စစ်ကောင်စီနဲ့အတူကသည်းလက်နက်ကိုင်တပ်ဖွဲ့တွေ ပါဝင်လာတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊အမှတ်(၁) စစ်ဒေသက စက်တင်ဘာလ ၂၃ရက် ထုတ်ပြန်ချက်မှာ ထုတ်ပြန်ပါတယ်။
ကလေးခရိုင်နဲဲ့ဆက်စပ်နေတဲ့ တမူးခရိုင်မှာ အိန္ဒိယနိုင်ငံအတွင်းရှိ ကသည်းလက်နက်ကိုင်တပ်ဖွဲ့ တွေဖြစ်တဲ့ People Liberation Army Manipur (PLA-MP/ PLAM)၊ United National Liberation Front (UNLF)၊ People’s Revolutionary Party of Kangleipak (PREPAK)၊ People’s Revolutionary Party of Kangleipak-Progressive (PrePak-Pro)၊ Kangleipak Communist Party (KCP)၊ Kanglei Yawol Kanna Lup (KYKL) တို့ လှုပ်ရှားပြီး ပူးပေါင်းအင်အား (၅၀၀) ကျော်ရှိတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်။
ဆယ်စုနှစ်တစ်စုကျော်အကြာကတည်းက စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ ဟဲဇင်းရွာ အတွင်းသို့ စတင်ဝင်ရောက် နေထိုင်ခဲ့ပြီး လက်နက်နဲ့မူးယစ်ဆေးဝါးလည်း ရောင်းဝယ်ဖောက်ကား နေတယ်လို့ဒေသ(၁) ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ကသည်းလက်နက်ကိုင် တပ်ဖွဲ့ တွေအပြင် နာဂလက်နက်ကိုင် တပ်ဖွဲ့ Nationalist Socialist Council of Nagaland-Khaplang (NSCN-K) လည်း တမူးခရိုင်နဲ့ခန္တီးခရိုင်အတွင်းမှာ စစ်တပ်နဲ့ ပူးပေါင်းပြီး တော်လှန်ရေး တပ်တွေကိုတိုက်ခိုက်နေတယ်လို့စစ်ဒေသ(၁)ကအသိပေးထားပါတယ်။
MNDAAက စစ်ကောင်စီနဲ့ဆွေးနွေးညိုနှိုင်းပြီး တိုက်ပွဲတွေရပ်လိုက်ပြီးတဲ့နောက် စစ်ကောင်စီဟာ ရှမ်းပြည်နယ်က တပ်ရင်းတွေကို အခြားဒေသတွေကို ပို့ဆောင်မှုတွေရှိနေပါတယ်။အာရက္ခတပ်တော်(AA)နဲ့ မဟာမိတ်တွေတိုက်ခိုက်နေတဲ့ ရခိုင်ပြည်နယ်၊ မကွေး၊ ပဲခူးနဲ့ ဧရာဝတီတိုင်းက နယ်စပ်ဒေသတွေကိုလည်း တပ်မ၉၉ လက်အောက်ခံတပ်တွေအထိနာတာကြောင့် ရှမ်းပြည်တောင်ပိုင်း မိုင်းပန်အခြေစိုက်စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၁၇) လက်အောက်ခံတပ်ရင်းတွေကို ပြီးခဲ့တဲ့သြဂုတ်လကစပြီး စစ်ကောင်စီကပို့ခဲ့ပါတယ်။
ပြီးခဲ့တဲ့စက်တင်ဘာလဆန်းကတိုက်ပွဲတွေမှာ စကခ-၁၇လက်အောက်ခံတပ်ရင်းတွေ ထိခိုက်သေဆုံးမှုများပြီး တိုက်ပွဲတွေဆက်လက်ပြင်းထန်နေတယ်လို့ AAက သတင်းထုတ်ပြန်ထားပါတယ်။



















































