အောက်တိုဘာ-၂၃၊ ၂၀၂၅။ People’s Spring
မကြာခင်ကျင်းပမယ့် အာဆီယံထိပ်သီးညီလာခံမှာ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် တက်ရောက်မှာမဟုတ်ဘူးလို့ အလှည့်ကျဥက္ကဋ္ဌနိုင်ငံ မလေးရှားဝန်ကြီးချုပ်က အတည်ပြုလိုက်ပါတယ်။
အောက်တိုဘာ ၂၆ ကနေ ၂၈အထိ သုံးရက်ကြာကျင်းပမယ့် ၄၇ ကြိမ်မြောက်အာဆီယံထိပ်သီးညီလာခံမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တက်ရောက်မယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းက စစ်ကောင်စီထောက်ခံတဲ့သတင်းမီဒီယာတချို့က ဖော်ပြခဲ့ကြပြီး ညီလာခံမစတင်မီ ရက်ပိုင်းအလိုမှာပဲ မလေးရှားဝန်ကြီးချုပ်က စစ်ခေါင်းဆောင် မတက်ရောက်ဘူးလို့ အတည်ပြုခဲ့တာဖြစ်ပါတယ်။
စစ်ခေါင်းဆောင်ကိုယ်တိုင် ၂၀၂၁ ဧပြီမှာ သဘောတူခဲ့တဲ့ တူညီဆန္ဒ ၅ရပ်ကို လိုက်နာဖို့ ပျက်ကွက်တယ်ဆိုပြီး အာဆီယံဟာ အဲဒီနှစ်နှောင်ပိုင်းကတည်းက မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် နိုင်ငံရေးနဲ့မသက်ဆိုင်တဲ့ကိုယ်စားလှယ်(non-political representative)ကိုသာ တက်ရောက်ခွင့်ပြုမယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာလည်း အာဏာသိမ်းစစ်ခေါင်းဆောင်ဟာ အာဆီယံရဲ့ တူညီဆန္ဒ ၅ရပ်ကို အကောင်အထည်ဖော်မှု မရှိတာကြောင့် အာဆီယံထိပ်သီးညီလာခံအပါအဝင် ဆက်စပ်အစည်းအဝေးကို တက်ရောက်ခွင့် မရခဲ့ပါဘူး။

Public Service Announcement
အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်အပြင် စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးလည်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးအဆင့်နဲ့ ဆက်စပ်အစည်းအဝေးတွေမှာ တက်ရောက်ခွင့်မရခဲ့ပါဘူး။ စစ်ခေါင်းဆောင်နဲ့ သူ့နိုင်ငံခြားရေးဝန်ကြီးတို့ဟာ အာဆီယံထိပ်သီးညီလာခံနဲ့ ဆက်စပ်အစည်းအဝေးတွေကို တက်ရောက်ခွင့်မရတာ အကြိမ်အရေအတွက်အားဖြင့် အနည်းဆုံး ၉ ကြိမ်ရှိပါပြီ။
အာဆီယံအဖွဲ့ဝင်နိုင်ငံခေါင်းဆောင်အားလုံးတက်ရောက်ကြမယ့် ထိပ်သီးညီလာခံမှာ အမေရိကန်သမ္မတဒေါ်နယ်ထရန့်အပါအဝင် ကမ္ဘာ့အင်အားကြီးနိုင်ငံတွေက ခေါင်းဆောင်တက်ရောက်ကြဖို့လည်း ရှိနေတယ်လို့ သိရပါတယ်။ ဒါပေမဲ့ ရုရှားသမ္မတ ဗလာဒီမာပူတင်ကတော့ ညီလာခံတက်ရောက်နိုင်မှာမဟုတ်ဘဲ သူ့အစား ဒုတိယဝန်ကြီးချုပ် အလက်ဇန်ဒါးနိုဗက် တက်ရောက်မယ်လို့ မလေးရှားဝန်ကြီးချုပ်က ပြောထားပါတယ်။
ဒေသတွင်းခေါင်းဆောင်တွေအပြင် ကမ္ဘာ့ခေါင်းဆောင်အများအပြားတက်ရောက်ကြမယ့် အာဆီယံထိပ်သီးညီလာခံမှာ နှစ်နိုင်ငံအချင်းချင်းအကြား တွေ့ဆုံဆွေးနွေးမှုတွေသာမက ကုန်သွယ်ရေး၊ ဒေသတွင်းလုံခြုံရေးနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်တွေကိုလည်း ဆွေးနွေးသွားကြဖို့ ရှိတယ်လို့ သိရပါတယ်။
ကိုးကား – Bernama


















































