အောက်တိုဘာ-၂၅၊၂၀၂၅။ထားမြတ်/People’s Spring
နိုင်ငံရေး၊ စစ်ရေး ချိန်ခွန်လျှာညှိပြီးတော်လှန်ရေးလမ်းစဉ်တွေ၊ တော်လှန်ရေးတိုက်ပွဲတွေ အောင်မြင်အောင် ဖော်ဆောင်မယ်လို့ ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက ဒီကနေ့ ပြောကြားလိုက်ပါတယ် ။ဒါအပြင်တော်လှန်ရေးတိုက်ပွဲတွေမှာအချင်းချင်း စည်းလုံးညီညွတ်လက်တွဲကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။
KIO အဖွဲ့အစည်း တည်ထောင်တဲ့ ၆၅ နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားမှာ ဥက္ကဋ္ဌက ကချင်ဘာသာနဲ့ မိန့်ခွန်းပြောကြားခဲ့တာကို ဗိုလ်မှူးကြီးနော်ဘူက ဘာသာရှင်းပြပေးတာဖြစ်ပါတယ်။
မိန့်ခွန်းမှာ KIO/KIA ဝန်ထမ်းတွေ ပြည်သူလူထုတွေကိုအားပေးတဲ့စကားတွေ ပါဝင်သလိုစစိအုပ်စုကြိုးပမ်းနေတဲ့ရွေးကောက်ပွဲနဲ့ပတ်သက်တာ၊ KIO ရဲ့ တော်လှန်ရေးအောင်မြင်အောင် ဖော်ဆောင်မယ့် မူဝါဒ သဘောထား၊ တော်လှန်ရေးရဲဘော်တွေ ညီညွတ်ဖို့သတင်းစကားစတာတွေကိုဗိုလ်ချုပ်ကြီး အင်ဘန်လက ပြောကြားခဲ့ပါတယ်။

Public Service Announcement
“KIO ပါတီဝင်တွေ ဝန်ထမ်းတွေကို ပြောတဲ့နေရာမှာ အခု မြန်မာနိုင်ငံမှာ မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသားတွေအားလုံးကတော့ ရှေးယခင် ဘိုးဘွားခေတ်ကတည်းကအတူယှဉ်တွဲနေထိုင်ကြတဲ့ တိုင်းရင်းသားတွေပဲ ဖြစ်ပါတယ်။ ရန်သူတွေမဟုတ်ကြပါဘူးမိတ်ဆွေတွေညီအကိုတွေပဲ ဖြစ်ကြပါတယ်။ ဒါကြောင့်အားလုံးကို စည်းစည်းလုံးလုံးနဲ့ နေထိုင်ကြဖို့ တွန်းအားပေးတာတွေ ပါပါတယ်။ နောက် ကျနော်တို့ တိုက်ပွဲဝင်နေတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေအားလုံးကိုလည်းလေးစားပါတယ်။ အားလုံးကိုလည်းယုံကြည်ပါတယ်။ ကျနော်တို့ အချင်းချင်း စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ တော်လှန်ရေးတိုက်ပွဲတွေကို ရှေ့ဆက်ပြီးမှ လက်တွဲသွားကြဖို့ အားလုံးကို ဖိတ်ခေါ်တာလည်း ပါပါတယ်” လို့ ဗိုလ်မှူးကြီးနော်ဘူက KIO ဥက္ကဋ္ဌရဲ့ မိန့်ခွန်းကို ဘာသာပြန် ပြောပြပါတယ်။
KIO ဗဟို ကော်မတီအနေနဲ့ နိုင်ငံရေး စစ်ရေးကို ချိန်ခွန်လျှာ ညှိပြီးမှလုပ်ဆောင်နေတာ ဖြစ်တယ်လို့ ဥက္ကဋ္ဌက အသိပေးပါတယ်။
“ကျနော်တို့ နောက်မဆုတ်ဘူးတဲ့။ ဘာပဲဖြစ်ဖြစ် အောင်မြင်တဲ့အထိ ဒီတော်လှန်ရေး လမ်းစဉ်တွေကို တော်လှန်ရေးတိုက်ပွဲတွေကို ဖော်ဆောင်သွားမှာ ဖြစ်ပါတယ်ဆိုတဲ့အကြောင်းတွေ ပါပါတယ်” လို့ ဗိုလ်မှူးကြီးနော်ဘူက အဖွဲ့ ဥက္ကဋ္ဌ မိန့်ခွန်းပါ အချက်ကို ပြောပြပါတယ်။
စစ်ရေးဖြစ်ပေါ်လာတဲ့ တိုက်ပွဲတွေ နောက်ပဋိပက္ခတွေအားလုံးအချောကိုင်ဖြေရှင်းဖို့အတွက်ကတော့ နိုင်ငံရေးနည်းလမ်းနဲ့ နိုင်ငံရေးဆွေးနွေးပွဲကနေ ပဲ အဲဒါတွေကို နိဂုံးချုပ် အချောကိုင်ရမှာဖြစ်တဲ့ အကြောင်းလည်း ဗိုလ်ချုပ်ကြီးအင်ဘန်လက ပြောကြားခဲ့ပါတယ်။
စစ်အုပ်စုကျင်းပဖို့ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲကို ရွေးကောက်ပွဲ အပေါ် ဆန်ကျင်တဲ့ အဖွဲ့ နဲ့ထောက်ခံတဲ့အဖွဲ့ အဖွဲ့ နှစ်ဖွဲ့ကတော့ သေချာပေါ်လာမှာ ဖြစ်တဲ့အကြောင်း ဥက္ကဋ္ဌ က ပြောပါတယ်။
“အဲဒီ အဖွဲ့နှစ်ဖွဲ့က အချင်းချင်း ညှိနှိုင်းပြီးမှ နိုင်ငံရေးဆွေးနွေးပွဲကို ကျင်းပနိုင်ဖို့ အတွက်ကတော့ အခက်အခဲတွေ အများကြီးရှိမယ်လို့ မြင်ပါတယ်လို့ ပြောပါတယ်။ဒါကြောင့် မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်တွေအရှုပ်တော်ပုံကို ဖြေရှင်းနိုင်ဖို့ ဝေးသွားနိုင်တာကို စိတ်မကောင်းဖြစ်မိပါတယ်လို့ ပြောပါတယ်။ထိုနည်းလမ်းကောင်း ပြည်တွင်းစစ်ဟာလည်း ပိုပြီးမှ ကြာလာနိုင်ပါတယ်လို့ အဲဒါကြောင့် စိတ်မကောင်းဖြစ်မိတဲ့အကြောင်းတွေ ပါပါတယ်” လို့ ဗိုလ်မှူးကြီး နော်ဘူကဘာသာပြန်ပြောပြပေးပါတယ်။
တော်လှန်ရေးတိုက်ပွဲဝင်တဲ့ နေရာမှာ စစ်မြေပြင်မှာ လူငယ်လူရွယ်တွေအသက်ပေးလှူဒါန်းသွားတာ များစွာ ရှိခဲ့သလိုဒဏ်ရာရပြီးမှ ဒုက္ခိတဖြစ်နေသူတွေများစွာ ရှိနေတဲ့အကြောင်းလည်း ဗိုလ်ချုပ်ကြီး အင်ဘန်လက ပြောပါတယ်။
“သွေးတွေချွေးတွေ သူတို့ ရင်းနှီးမြှုပ်နှံခဲ့တဲ့ဟာတွေ ကျနော်တို့တန်ဖိုးထားဖို့လိုပါတယ်တဲ့။အလဟသ မဖြစ်အောင် အားလုံး ကြိုးစားရမှာဖြစ်ပါတယ်လို့ ပြောပါတယ်။” လို့ ဗိုလ်မှူးကြီးနော်ဘူက ဗိုလ်ချုပ်ကြီး အင်ဘန်လရဲ့ မိန့်ခွန်းကို ဘာသာပြန် ပြောပြပါတယ်။
KIO/KIAဟာ အာဏာသိမ်းစစ်တပ်ကိုအထိနာအောင် တိုက်ခိုက်နိုင်တဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ဖြစ်ပြီးလက်ရှိမှာလည်း ဗန်းမော်၊ ၀ိုင်းမော်၊ ဖားကန့်၊ ဆော့လော်၊ ခေါင်လန်ဖူး မြို့နယ်တွေမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲတွေဖြစ်ပွားလျက်ရှိပါတယ်။


















































