Connect with us

Hi, what are you looking for?

သတင်း

ဘော့စ်နီးယား စစ်ပွဲမှာ အရပ်သားတွေကို စနိုက်ပါနဲ့ အပျော်သဘော ပစ်ခတ်ခဲ့တဲ့ကိစ္စ အီတလီမှာ စုံစမ်းနေ

ဘော့စ်နီးယား စစ်ပွဲကာလအတွင်း အီတလီ နိုင်ငံသားတွေက ဒေသခံ အရပ်သား ပြည်သူတွေကို စနိုက်ပါနဲ့ ပစ်ခတ်ပြီး အပျော်တမ်း အမဲလိုက်တဲ့ သဘောမျိုး သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ ကိစ္စကို အီတလီမှာ အမှုဖွင့် စုံစမ်းနေပါတယ်။

ဓာတ်ပုံ - Reuters

ဘော့စ်နီးယား စစ်ပွဲကာလအတွင်း အီတလီ နိုင်ငံသားတွေက ဒေသခံ အရပ်သား ပြည်သူတွေကို စနိုက်ပါနဲ့ ပစ်ခတ်ပြီး အပျော်တမ်း အမဲလိုက်တဲ့ သဘောမျိုး သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ ကိစ္စကို အီတလီမှာ အမှုဖွင့် စုံစမ်းနေပါတယ်။

မီလန်မြို့ရဲ့ အစိုးရ ရှေ့နေတွေက ဒီလို စက်ဆုပ်စရာ ဖြစ်ရပ်မျိုးမှာ အီတလီ နိုင်ငံသားတွေ ဆက်နွှယ် ပါဝင်ခဲ့တယ်ဆိုတဲ့ သတင်း အချက်အလက်တွေကို အသေးစိတ် စုံစမ်းနေတယ်လို့ အတည်ပြုခဲ့ပါတယ်။ သတင်းတွေအရ ဘော့စ်နီးယား စစ်ပွဲကာလအတွင်း အီတလီ နိုင်ငံသား တချို့ဟာ ဆာရာယေဗိုကို သွားရောက်ခဲ့ပြီး မြို့ကို ဝန်းရံ ပိတ်ဆို့ထားတဲ့ ဆာဘီးယား တပ်တွေကို အခကြေးငွေ ပေးခဲ့ကြပါတယ်။ အပြန်အလှန်အဖြစ် သူတို့ဟာ မြို့ခံတွေကို စနိုက်ပါ ရိုင်ဖယ်တွေနဲ့ ချောင်းမြောင်း ပစ်ခတ်ခွင့် ရခဲ့ကြတယ်လို့ ဆိုပါတယ်။

၁၉၉၀ ပြည့်လွန်နှစ်တွေတုန်းက စစ်ပွဲကာလအတွင်း ဘော့စ်နီးယားရဲ့ မြို့တော် ဆာရာယေဗိုဟာ ဆာဘီးယားတပ်တွေရဲ့ တင်းတင်းကျပ်ကျပ် ပိတ်ဆို့မှုကို ၄ နှစ်ကြာ ကြုံတွေ့ခဲ့ပါတယ်။ ဒါဟာ ခေတ်သစ် သမိုင်းကြောင်းမှာတော့ မြို့တစ်မြို့က အချိန်အကြာဆုံး စီးနင်းပိတ်ဆို့ ခံရမှုလည်း ဖြစ်ပါတယ်။ ၁၉၉၂ ကနေ ၁၉၉၆ ခုနှစ်အတွင်း မြို့ထဲမှာ စနိုက်ပါကျည် ထိမှန်လို့၊ လက်နက်ကြီး ကျရောက်ပေါက်ကွဲလို့ သေဆုံးသူ အရေအတွက်က ၁၀၀၀၀ ကျော်လောက်ထိ များပြားခဲ့ပါတယ်။

အဲဒီကာလတွေတုန်းက ဆာရာယေဗို မြို့ခံတွေကို နေ့စဉ်နဲ့အမျှ ခြိမ်းခြောက်နေခဲ့တာကတော့ အချိန်မရွေး ရောက်လာမယ့် စနိုက်ပါ ကျည်ဆန်တွေ ဖြစ်ပါတယ်။ မြို့ကို ပတ်ပတ်လည် ဝိုင်းထားတဲ့ ဆာဘီးယား စစ်တပ်က လမ်းပေါ်မှာ သွားလာနေသူတွေကို ကလေးတွေပါမချန် ကြုံသလို ပစ်ခတ် သတ်ဖြတ်လေ့ ရှိပါတယ်။ ဒါဟာ ဆာဖာရီ အမဲလိုက်ဂိမ်း တစ်ခုလို သဘောမျိုးနဲ့ ကျူးလွန်ခဲ့တဲ့ လူသတ်မှုမျိုးတွေပါ။ မြို့ခံတွေဟာ လမ်းတွေပေါ်မှာ ပေါ်ပေါ်ထင်ထင်တောင် မသွားလာရဲဘဲ နံရံတွေ၊ အဆောက်အအုံတွေကို အကာအကွယ်ယူပြီး ကုန်းကုန်းကွကွ၊ ကျီးလန့်စာစား သွားရလေ့ ရှိပါတယ်။

Public Service Announcement

Public Service Announcement

အီတလီ နိုင်ငံသား တချို့နဲ့ တခြားနိုင်ငံတွေက လူပုဂ္ဂိုလ်တွေကလည်း အဲဒီတုန်းက ဆာရာယေဗိုထိ သွားရောက်ခဲ့ပြီး မြို့ကို ပိတ်ဆို့ထားတဲ့ ဆာဘီးယား တပ်တွေနဲ့ စနိုက်ပါ ပစ်ခတ်ခွင့် ညှိနှိုင်းယူခဲ့တယ်လို့ ဆိုပါတယ်။ သူတို့က မြို့ခံတွေကို သားကောင်တွေလို လိုက်ရှာပြီး ချိန်ရွယ် ပစ်ခတ်ခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီလူတွေကို ဆာဘီးယား တပ်တွေက စနိုက်ပါ တိုးရစ်တွေလို့ ခေါ်ခဲ့ပါတယ်။

အလက်ဇန္ဒရို ဂေါ့ဘီ ဦးဆောင်တဲ့ မီလန် အစိုးရ ရှေ့နေတွေက နှစ်တွေ အများကြီး ကြာမြင့်ခဲ့ပြီး ဖြစ်ပေမယ့် အီတလီ နိုင်ငံသား စနိုက်ပါ တိုးရစ်တွေကို ဖော်ထုတ်ပြီး အရေးယူဖို့အတွက် ကြိုးစားနေဆဲလို့ ပြောပါတယ်။ ဒါဟာ ကြမ်းကြုတ် ရက်စက်တဲ့ စိတ်ကို အခြေခံပြီး လိုလိုလားလား ကျူးလွန်တဲ့ လူသတ်မှုမျိုး ဖြစ်တယ်လို့ ဂေါ့ဘီက မှတ်ချက်ပေးခဲ့ပါတယ်။

မီလန်မှာရှိတဲ့ စာရေးဆရာ တစ်ဦးဖြစ်သူ အီဇီယို ဂါဗက်ဇီနီက ဒီစွပ်စွဲချက်နဲ့ ပတ်သက်လို့ အထောက်အထားတွေကို စုဆောင်းပေးပို့ခဲ့သလို ဆာရာယေဗို မြို့တော်ဝန်ဟောင်း ဘန်ဂျမင်နာ ကာရစ်ကလည်း အီတလီ အစိုးရ ရှေ့နေတွေဆီ အထောက်အထားတွေ ပို့ဆောင်ပေးထားတယ်လို့ သိရပါတယ်။

ဂါဗက်ဇီနီက စနိုက်ပါ တိုးရစ်တွေအကြောင်းကို ယုံတမ်းဆန်ဆန် ကြားခဲ့ဖူးပေမယ့် ၂၀၂၂ တုန်းက ဆလိုဗေးနီးယား ဒါရိုက်တာ မီရန် ဇူပါနစ် ရိုက်ကူးထားတဲ့ Sarajevo Safari မှတ်တမ်း ရုပ်ရှင်ကို ကြည့်ပြီးမှသာ ဒီကိစ္စက ဘယ်လောက် လူမဆန်သလဲဆိုတာ သဘောပေါက်ခဲ့တယ်လို့ ပြောပါတယ်။ ရုပ်ရှင်ထဲမှာတော့ ဆာဘီးယား စစ်သားဟောင်း တစ်ဦးက အနောက်နိုင်ငံသား အဖွဲ့တစ်ခုက မြို့ပတ်ပတ်လည် တောင်ကုန်းတွေပေါ်ကနေ မြို့ခံတွေကို စနိုက်ပါနဲ့ လှမ်းပစ်ခွင့်ရဖို့ ငွေတွေ အများကြီးပေးပြီး ကမ်းလှမ်းခဲ့တယ်လို့ ဝန်ခံထားပါတယ်။ တစ်ဖက်မှာတော့ ဆာဘီးယား စစ်ပြန်ကြီးတွေ အတော်များများက အဲဒီ စွပ်စွဲချက်ကို ငြင်းဆန်ထားပါတယ်။

ဘော့စ်နီးယား စစ်ပွဲကာလတုန်းကတော့ ဆာရာယေဗိုရဲ့ အဓိက လမ်းမကြီးဖြစ်တဲ့ မီဆာ ဆယ်လီမိုဗစ်ဟာ စနိုက်ပါ လမ်းကြားလို့တောင် နာမည်ပြောင် ရခဲ့ပါတယ်။ ဆာရာယေကို လေဆိပ်ကို သွားဖို့ဆိုရင် အဲဒီလမ်းကို မဖြစ်မနေ အသုံးပြုရပြီး မြင်ကွင်းကလည်း ထင်းထင်းကြီး ဖြစ်နေတာကြောင့် အရမ်း အန္တရာယ် ကြီးပါတယ်။ ဘတ်စ်ကားတွေ၊ မြို့ပတ်ရထားတွေမှာ ဆိုရင်လည်း မှန်တွေမှာ စနိုက်ပါ အန္တရာယ် သတိထားဖို့ စာတန်းတွေ ကပ်ထားခဲ့ရကြောင်း သိရှိရပါတယ်။

ကိုးကား: Guardian

ဆက်စပ်သတင်းများ

သတင်း

ပဲခူးတိုင်း၊ သဲကုန်းမြို့အဝင် တယ်သီးပင်ရွာရှိ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်ကို စနိုက်ဘာဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ပြည်ခရိုင်တပ်ရင်း ၃၆၀၁ မှ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ရှဲဒိုးက ပြောသည်။

နိုင်ငံတကာ

အမေရိကန် နိုင်ငံမှာ တောမီးကို ငြှိမ်းသတ်နေတဲ့ မီးသတ်သမားတွေကို စနိုက်ပါနဲ့ ချောင်းမြောင်း ပစ်ခတ်ခဲ့သူကို သေဆုံးလျက် ရှာတွေ့ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အမေရိကန်မှာ တောမီးကို ငြှိမ်းသတ်နေတဲ့ မီးသတ်ဝန်ထမ်းတွေကို စနိုက်ပါနဲ့ ချောင်းပစ်လို့ အနည်းဆုံး ၂ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

သတင်း

စစ်ကောင်စီတပ်သား ၁၉ဦးကို စနိုက်ပါဖြင့် နှစ်လအတွင်း ချေမှုန်းနိုင်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။

Facebook