Connect with us

Hi, what are you looking for?

သတင်း

မြန်မာ့အခြေအနေ တိုးတက်လာလို့ TPS ရုပ်သိမ်းတယ်ဆိုတဲ့အမေရိကန်ထုတ်ပြန်ချက်အ​ပေါ် လူ့အခွင့်အ​ရေးအဖွဲ့​တွေ အပြင်းအထန်ဝေဖန်

အ​မေရိကန် သမ္မတ နဲ့ အမေရိကန်ပြည်တွင်းလုံခြုံရေး ဝန်ကြီးတို့ကို​တွေ့ရစဥ်။ဓါတ်ပုံ-ABC News

နိုဝင်ဘာ-၂၆၊၂၀၂၅။People’s Spring

မြန်မာနိုင်ငံရဲ့ အုပ်ချုပ်ရေးနဲ့ တည်ငြိမ်မှုတွေက ထင်သာမြင်သာ တိုးတက်လာနေပြီလို့ အကြောင်းပြချက်ပေးပြီး မြန်မာနိုင်ငံသားတွေအပေါ် အကာအကွယ် ပေးထားတဲ့ သတ်မှတ်ချက် တစ်ခုကို ရုပ်သိမ်းခဲ့တဲ့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ ဆုံးဖြတ်ချက်ကို လူ့အခွင့်အ​ရေးအဖွဲ့အစည်းတွေက ဝေဖန် ပြစ်တင်နေကြပါတယ်။

အာဏာသိမ်း မြန်မာစစ်တပ်က နိုင်ငံအနှံ့မှာ ပြည်သူတွေအပေါ် ရက်စက်ကြမ်းကြုတ်တဲ့ ဖိနှိပ်မှုတွေ ဆက်လက် ကျူးလွန်နေပြီး စစ်ရာဇဝတ်မှုနဲ့ စွဲချက်တင်ဖို့ တောင်းဆိုမှုတွေ ရှိနေချိန်မှာ ထရမ့်ရဲ့ အစိုးရက ပြည်တွင်းရောက် မြန်မာနိုင်ငံသားတွေအတွက် ပေးအပ်ထားတဲ့ ယာယီ အကာအကွယ်ပေးရေး သတ်မှတ်ချက် (TPS)ကို ရုပ်သိမ်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

TPS ဆိုတာက စစ်ဘေးနဲ့ သဘာဝဘေးတွေ ကြုံနေတဲ့ နိုင်ငံတွေဆီ ပြန်သွားဖို့ အခြေအနေ မပေးသေးတဲ့ နိုင်ငံသားတွေကို အမေရိကန်က ယာယီ ခိုလှုံခွင့်ပေးထားခြင်းမျိုးဖြစ်ပါတယ်။နိုဝင်ဘာ ၂၄ ရက်နေ့မှာ အမေရိကန်ပြည်တွင်းလုံခြုံရေး ဝန်ကြီးခရစ္စတီနိုအမ်ရဲ့ အမိန့် ကြေညာချက်အရ ဇန်နဝါရီ ၂၆ ရက်နေ့ကျရင် မြန်မာနိုင်ငံသားတွေအတွက် TPS ခွင့်ပြုမှု အဆုံးသတ်တော့မှာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ထုတ်ပြန်ချက်ထဲမှာတော့မြန်မာစစ်တပ်ဟာ ဒီဇင်ဘာလကျရင် လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတစ်ခု ကျင်းပဖို့ စီစဉ်နေသလို တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တချို့နဲ့ အပစ်အခတ် ရပ်စဲမှုတွေ အောင်အောင်မြင်မြင် လုပ်ဆောင်ခဲ့တဲ့ အခြေအနေတွေကြောင့် မြန်မာနိုင်ငံသားတွေအတွက် TPS မလိုအပ်တော့ဘူးလို့ သူယူဆကြောင်း နိုအမ်က မှတ်ချက်ပေးထားပါတယ်။

မြန်မာနိုင်ငံသားတွေနေရပ်ကိုဘေးကင်းကင်း ပြန်သွားနိုင်လောက်တဲ့ထိ မြန်မာနိုင်ငံရဲ့ အခြေအနေက လုံလုံလောက်လောက် တိုးတက်လာနေပြီလို့ နိုအမ်က ဆိုပါတယ်။ ဒါပေမဲ့ အခုဆုံးဖြတ်ချက်ဟာ လူ့အခွင့်အရေး အင်အားစုတွေအတွက်တော့ အကြီးအကျယ် ဝေဖန်စရာ ဖြစ်လာပါတယ်။

အထူးသဖြင့် အတိုက်အခံအင်အားစုတွေ အားလုံးကိုဖမ်းဆီးဖိနှိပ်ထားပြီးတစ်ဖက်သတ် ခြယ်လှယ် ကျင်းပမယ့် ရွေးကောက်ပွဲကို နိုင်ငံတကာက အတုအယောင် တစ်ခုလို့ ကန့်ကွက်နေချိန်မှာ အမေရိကန်က TPS ရုပ်သိမ်းချင်တာတစ်ခုတည်းအတွက်လွတ်လပ်ပြီးတရားမျှတတယ်လို့ သဘောထား မှတ်ချက်ပေးထားခြင်းက စိုးရိမ်စရာတွေ ဖြစ်လာစေပါတယ်။

TPS ကိုင်ဆောင်သူတွေကို နိုအမ် ဆက်ဆံနေပုံက သူ့မိသားစု မွေးထားတဲ့ ခွေးကို ဆက်ဆံတဲ့ ပုံစံနဲ့ တူနေကြောင်း၊ သူ့ခွေးကအမူအကျင့်မကောင်းလို့ဆိုပြီး နိုအမ်ကသေနတ်နဲ့ သွေးအေးအေးပစ်သတ်ခဲ့ဖူးကြောင်း၊ လက်ရှိ သူ့ရဲ့အမိန့်အတိုင်း ရှေ့ဆက် အကောင်အထည် ဖော်မယ်ဆိုရင် နိုအမ်ဟာ သူတို့ကို မြန်မာနိုင်ငံမှာ ဖမ်းဆီးထောင်ချတာ၊ နှိပ်စက်တာ၊ ယုတ်စွအဆုံး သတ်ဖြတ်ခံရတွေ ကြုံရင်တောင်မှ ပြန်ပို့မယ့်သဘောဖြစ်နေကြောင်း အာရှ လူ့အခွင့်အရေးနဲ့ လုပ်သားရေးရာ ကူညီရေးအဖွဲ့ရဲ့ ဒါရိုက်တာ ဖီးလ်ရောဘတ်ဆန်က ဝေဖန်ခဲ့ပါတယ်။

သူက လာမယ့် မြန်မာ့ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမယ်လို့ နိုအမ်က ထင်နေရင်တော့ အရမ်း စိတ်ကယောင်ချောက်ချားဖြစ်နေတဲ့ သဘောလို့သတ်မှတ်နိုင်ကြောင်းလည်းပြောပါတယ်။

အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) ပြောရေးဆိုခွင့်ရ ဦးနေဘုန်းလတ်ကလည်း စစ်တပ်ဟာ အရပ်သား ပြည်သူတွေကိုအဓမ္မစစ်မှုထမ်း စုဆောင်းတာ၊ ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်တာတွေ နေ့စဉ် ကျူးလွန်နေပြီး စစ်တပ် ကျင်းပမယ့်ရွေးကောက်ပွဲဆိုတာကလည်းတကယ့် ပြိုင်ဘက်တွေကို ဖယ်ထုတ်ထားပြီးဘယ်သူကမှလည်း တရားဝင်လို့ လက်ခံမထားကြောင်း ထောက်ပြခဲ့ပါတယ်။ TPS ရုပ်သိမ်းမှုနဲ့ ပတ်သက်လို့ အမေရိကန်က ပေးတဲ့ အကြောင်းပြချက်က မြန်မာရဲ့ လက်တွေ့ အရှိတရားတွေကို မထင်ဟပ်ကြောင်း သူက ဆိုပါတယ်။

နိုအမ်က သူ့ရဲ့ TPS ရုပ်သိမ်းမှု ကြေညာချက်မှာ သူဟာ နိုင်ငံခြားရေး ဝန်ကြီးဌာနဆီကလည်း အကြံဉာဏ် ယူခဲ့တယ်လို့အကြောင်းပြချက်ပေးထားပါတယ်။ ဒါပေမဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ မြန်မာ့ လူ့အခွင့်အရေးဆိုင်ရာ နောက်ဆုံး သဘောထားအမြင် ထုတ်ပြန်ချက်မှာတော့ တရားလက်မဲ့ သတ်ဖြတ်မှု၊ ဖျောက်ဖျက်မှု၊ နှိပ်စက်မှု၊ ရက်စက်စွာနဲ့ လူမဆန်စွာ ပြုမူမှု၊ ကြမ်းကြုတ်တဲ့ အပြစ်ပေးမှု၊ ဖမ်းဆီးချုပ်နှောင်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေဆဲလို့ ဖော်ပြထားပါတယ်။

အာဏာသိမ်းစစ်တပ်​ သတင်းထုတ်ပြန်​ရေးအဖွဲ့​ခေါင်း​ဆောင် ဗိုလ်ချုပ်​ဇော်မင်းထွန်းက​တော့ အ​မေရီကန်ရဲ့အခုထုတ်ပြန်ချက်ဟာ အပြုသ​ဘော​ဆောင်တဲ့ထုတ်ပြန်ချက်လို့ မှတ်ယူပြီး ၊အ​မေရီကန်​ရောက်မြန်မာ​တွေ ပြန်လာလို့ရပါတယ် ကြိုဆိုတယ်လို့ဆိုပါတယ်။

ဒါတင် မကသေးဘဲ နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ အမေရိကန်နိုင်ငံသားတွေအတွက်ခရီးသွားမှုဆိုင်ရာ နောက်ဆုံးထုတ် အကြံပေးချက်မှာတော့ မြန်မာဟာ လုံးဝဥဿုံ ရှောင်ကွင်းသင့်တဲ့ နိုင်ငံတစ်ခုအဖြစ် စာရင်းသွင်းထားပါတယ်။ အဲဒီ အခြေအနေမျိုးမှာ နိုအမ်က မြန်မာနိုင်ငံရဲ့ အနေအထားက တိုးတက်မှုတွေ ရှိလာပါပြီလို့ သုံးသပ်ခဲ့တာ ဖြစ်ပါတယ်။

လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ (HRW)ရဲ့ အာရှရေးရာ ဒါရိုက်တာ ဂျွန်ဆစ်ဖ်တန်က မြန်မာနိုင်ငံအကြောင်းကျယ်ပြန့်စုံလင်တဲ့သတင်းဖော်ပြချက်တွေနဲ့ ပြည်တွင်းလုံခြုံရေး ဝန်ကြီးဌာနရဲ့ သုံးသပ်ချက်ကြားမှာ ရှုထောင့်တိုင်းလိုလိုက ရှေ့နောက်မညီတွေ ဖြစ်နေတယ်လို့ ​ပြောပါတယ်။

မြန်မာနိုင်ငံသားတွေအပေါ် TPS ရုပ်သိမ်းဖို့အတွက် ပြည်တွင်းလုံခြုံရေး ဝန်ကြီးဌာနက ပေးခဲ့တဲ့ အကြောင်းပြချက်ဟာ မျက်နှာပြောင် တိုက်လွန်းရာ ကျနေတာကြောင့် ဘယ်လိုလူမျိုးတွေ ယုံမလဲဆိုတာ တွေးတောင်မတွေးတတ်ကြောင်း၊ ဘယ်သူမှလည်း ယုံမယ်လို့ မထင်ကြောင်း ဆစ်ဖ်တန်က ဝေဖန်သွားပါတယ်။

ကိုးကား-AP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရုရှား ရေနံတင် သင်္ဘောကို ယူကရိန်းက ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တဲ့ ကိစ္စကို တူရကီ အစိုးရက အပြင်းအထန် ကန့်ကွက်ကြောင်း ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ကြိုတင် ကြေညာထားတဲ့အတိုင်း သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ အစိုးရဟာ ကမ္ဘာ့ ခုခံအား ကျဆင်းမှုရောဂါ တိုက်ဖျက်ရေးနေ့ (ကမ္ဘာ့ AIDSနေ့)ဆိုင်ရာ လှုပ်ရှားမှုတွေကို ရပ်ဆိုင်းထားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်မှာ ခိုလှုံခွင့် လျှောက်ထားမှု မှန်သမျှကို ဆိုင်းငံ့ထားစေတဲ့ သူ့ရဲ့ ဆုံးဖြတ်ချက်ဟာ အချိန်အကြာကြီး ဆက်ပြီး တည်ရှိနေနိုင်ကြောင်း သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ယူကရိန်းစစ်ပွဲ ရပ်ဆိုင်းရေးကိစ္စ ဆွေးနွေးမှုတွေက အပြုသဘောဆန်တဲ့ ရလဒ်တွေ ရှိနေပေမယ့် ဆက်လုပ်ရမယ့် အပိုင်းတွေ ကျန်နေတုန်းလို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မာကို ရူဘီရိုက ပြောကြားခဲ့ပါတယ်။