ဒီဇင်ဘာ-၂၊ ၂၀၂၅။ People’s Spring
အာဏာသိမ်းစစ်ကောင်စီကို ငွေကြေးထုတ်မပေးဖို့နဲ့ ဘဏ္ဍာရေးဆိုင်ရာကတိကဝတ်သစ်တွေကို ဆက်လက်ဆိုင်းငံ့ထားဖို့ရည်ရွယ်တဲ့ ‘No New Burma Funds Act’ ကို အမေရိကန်အောက်လွှတ်တော်က ဒီဇင်ဘာ ၁ရက် မနေ့က အတည်ပြုလိုက်ပါတယ်။
စစ်တပ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံကို ငွေကြေးထောက်ပံ့မှုအသစ်တွေ ထပ်မပေးရေးဥပဒေမူကြမ်းကို အမေရိကန်အောက်လွှတ်တော်က ကန့်ကွက်သူမရှိ တညီတညွတ်တည်း အတည်ပြုခဲ့တာပါ။ မနေ့က အမေရိကန်အောက်လွှတ်တော်အစည်းအဝေးမှာ တက်ရောက်ခဲ့ကြတဲ့ လွှတ်တော်အမတ် ၄၃၁ ဦးထဲက ၃၈၅ ဦးက ဥပဒေမူကြမ်းကို ထောက်ခံမဲ ပေးခဲ့ကြပြီး ၄၆ ဦးက မဲမပေးခဲ့ကြဘူးလို့ သိရပါတယ်။
မြန်မာ့အရေးနဲ့ပတ်သက်တဲ့ အဲဒီဥပဒေမူကြမ်းကို အမေရိကန်အောက်လွှတ်တော်က အတည်ပြုခဲ့ပြီးဖြစ်တာကြောင့် အထက်လွှတ်တော်က ဆက်လက်ထောက်ခံအတည်ပြုမယ်ဆိုရင် သမ္မတဒေါ်နယ်ထရမ့် လက်မှတ်ရေးထိုးဖို့သာ ကျန်ရှိမှာဖြစ်ပါတယ်။ အမေရိကန်သမ္မတလက်မှတ်ရေးထိုး အတည်ပြုလိုက်ပါက ‘No New Burma Funds Act’ ဟာ ဥပဒေတရပ်အဖြစ် အသက်ဝင်လာမှာဖြစ်ပါတယ်။

Public Service Announcement
လက်ရှိ အောက်လွှတ်တော်က အတည်ပြုလိုက်တဲ့ ဥပဒေမူကြမ်းကို ဂျော်ဂျီယာပြည်နယ်လွှတ်တော်အမတ် နီကီမာဝီလီယမ်က ဦးဆောင်တင်သွင်းခဲ့တာဖြစ်ပြီး ကယ်လီဖိုးနီးယားပြည်နယ်လွှတ်တော်အမတ်ယောင်းကင်မ်က ပူးတွဲတင်သွင်းခဲ့တာပါ။
မနေ့က အမေရိကန်အောက်လွှတ်တော်မှာ အဲဒီဥပဒေမူကြမ်း မဲမခွဲခင်မှာ မစ္စစ်ယောင်းကင်မ်က အာဏာသိမ်းစစ်ကောင်စီဟာ နိုင်ငံတကာ ဘဏ္ဍာငွေကြေးတွေကို တာဝန်ခံမှုရှိရှိ ထိန်းသိမ်းနိုင်မှာမဟုတ်သလို အလိုအပ်ဆုံးမြန်မာပြည်သူတွေဆီကိုလည်း ရောက်ရှိစေမှာမဟုတ်ဘူးလို့ ဆွေးနွေးခဲ့ပါတယ်။
စစ်တပ်ဟာ ၂၀၂၁ ဖေဖော်ဝါရီမှာ ဒီမိုကရေစီနည်းကျရွေးကောက်ခံအရပ်သားအစိုးရကို ဖယ်ရှားပြီး အာဏာသိမ်းခဲ့တာဖြစ်ကြောင်း၊ အဲဒီဥပဒေမဲ့ အာဏာသိမ်းလိုက်ချိန်ကစလို့ မြန်မာနိုင်ငံအခြေအနေဟာ ပရမ်းပတာဖြစ်နေခဲ့ကြောင်း လွှတ်တော်အမတ် ယောင်းကင်မ်က ပြောပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာပြည်သူ ၆,၀၀၀ ကျော် သတ်ဖြတ်ခံခဲ့ရပြီး လူပေါင်း ၂၀,၀၀၀ ကျော်ဟာ ဖမ်းဆီးထိန်းသိမ်းခံထားရကာ လူပေါင်း ၃ ဒသမ ၅ သန်းကျော်ဟာ သူတို့ အိမ်တွေကနေ နေရပ်စွန့်ခွာ ထွက်ပြေးနေရကြောင်း ကယ်လီဖိုးနီးယားပြည်နယ်လွှတ်တော်အမတ်က ရှင်းပြပါတယ်။ ဒီလူသားချင်းစာနာမှုဆိုင်ရာအကြပ်အတည်းဟာ အာဏာသိမ်းစစ်တပ်ကြောင့် ဖြစ်ပေါ်လာတယ်ဆိုတာ အလွန်ပဲ ထင်ရှားတယ်လို့ မစ္စစ်ယောင်းကင်မ်က ပြောပါတယ်။
ဒါကြောင့် ’No New Burma Funds Act’ ကို ထောက်ခံမဲ ပေးကြဖို့ အောက်လွှတ်တော်အမတ်တွေကို မစ္စစ်ယောင်းကင်မ်က တိုက်တွန်းခဲ့ပါတယ်။
















































