ဒီဇင်ဘာ – ၁၁ ၊၂၀၂၅ ၊ နိုင်ပကောင်း/People’s Spring
မြန်မာစစ်တပ်က ဒီဇင်ဘာလမှာ ပြုလုပ်ဖို့စီစဉ်ထားတဲ့ ရွေးကောက်ပွဲဟာ ဖြစ်ပေါ်နေပြီးသား အကျပ်အတည်းအခြေအနေတွေကို ပိုမိုဆိုးရွားလာစေမယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က ဒီဇင်ဘာလ (၁၀ ) ရက်မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့မှာ ထုတ်ပြန်ပါတယ်။
နိုင်ငံရဲ့ သုံးပုံနှစ်ပုံဟာ စစ်ရေးတင်းမာနေတာ ဒါမှမဟုတ် တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ ဒေသတွေဖြစ်တာကြောင့် စစ်ကောင်စီက ရွေးကောက်ပွဲတစ်ခုကို ပြုလုပ်နိုင်ဖို့ လုံး၀မဖြစ်နိုင်ဘူးလို့ KHRG က ပြောပါတယ်။
ဒီနေ့အချိန်မှာလည်း ပြည်သူတွေအပေါ် ဆက်လက်ကျုးလွန်နေတဲ့ တိုက်ခိုက်မှုတွေ၊ လူအများအပြားထွက်ပြေးတိမ်းရှောင်နေရမှုတွေ ၊ တရားလက်လွှတ်ဖမ်းဆီးချုပ်နှောင်မှုတွေနဲ့ အခြေခံလွတ်လပ်ခွင့်တွေကို စနစ်တကျကန့်သတ်မှုတွေ ဆက်လက်ဖြစ်ပွားနေတာကြောင့် မျှတပြီးလွတ်လပ်တဲ့ ရွေးကောက်ပွဲတစ်ခုပြုလုပ်ဖို့ မဖြစ်နိုင်ဘူးလို့ ထုတ်ပြန်ချက်မှာ ရှင်းလင်းထားတာပါ။

Public Service Announcement
အဲဒီလိုအခြေအနေအောက်မှာ ရွေးကောက်ပွဲပြုလုပ်တာက စစ်အာဏာရှင်တွေရဲ့ မတရားတဲ့ အုပ်ချုပ်ရေးကို တရားဝင်မှုပေးရာရောက်တဲ့အပြင် စစ်အုပ်စုဟာ အာဏာကို ဆက်လက်ထိန်းချုပ်ထားနိုင်ဖို့အတွက် ကာလကြာရှည်အသုံးပြုလာခဲ့တဲ့ ဝါဒဖြန့်မှုနဲ့ ဖိအားပေးမှုနည်းလမ်းတွေကို ဆက်လက်အသုံးပြုတာပဲ ဖြစ်တယ်လို့ KHRG က ပြောပါတယ်။
နိုင်ငံတကာအသိုက်အဝန်းအနေနဲ့လည်းမြန်မာပြည်သူတွေရဲ့ အသံတွေကို အာရုံပြုပြီး နိုင်ငံတကာဥပဒေအောက်မှာရှိတဲ့ ၀တ္တရားတွေအတိုင်း လူသားတွေရဲ့အသက်ဟာ စီးပွားရေးနဲ့ နိုင်ငံရေးအကျိုးစီးပွားတွေထက် တန်ဖိုးကြီးတယ်ဆိုတဲ့ ရပ်တည်ချက်ကို ဦးစားပေး ကြဖို့ တိုက်တွန်းထားပါတယ်။
စစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ရပ်တန့်စေဖို့နဲ့ စစ်ခေါင်းဆောင်တွေကို တာဝန်ယူမှုရှိစေဖို့ ပြတ်သားတဲ့ဆောင်ရွက်မှုတွေလိုအပ်ပြီး အဲဒီလို လုပ်ဆောင်မှုတွေမရှိရင် မြန်မာ ပြည်သူတွေဟာ နေ့စဉ်နဲ့အမျှ ဆင်းရဲဒုက္ခတွေ ဆက်လက်ခံစားနေရမှာဖြစ်တယ်လို့ နိုင်ငံတကာအသိုင်းအဝိုင်းကို KHRG က ထောက်ပြပါတယ်။
တဆက်တည်းမှာပဲနိုင်ငံတကာအသိုက်အဝန်းတွေအပါအဝင်သက်ဆိုင်သူအားလုံးအနေနဲ့လည်း စစ်တပ်က ပြုလုပ်ဖို့စီစဉ်ထားတဲ့ရွေးကောက်ပွဲကို ပြင်းပြင်းထန်ထန်ရှုံ့ချဖို့၊ အဲဒီ ရွေးကောက်ပွဲဟာ မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီဆန္ဒကို လျစ်လျူရှုထားတယ်ဆိုတာကို နားလည်ကြ ဖို့ KHRG က အသိပေးတောင်းဆိုလိုက်ပါတယ်။
မြန်မာပြည်အနှံ့အပြားမှာ ဖြစ်ပွားနေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ လူသားချင်းစာနာထောက်ထားမှု အကျပ်အတည်းတွေရဲ့ အရင်းအမြစ်က စစ်တပ်သာဖြစ်တယ်ဆိုတာ ကိုလည်းသိမှတ်ထားကြဖို့ကိုလည်း ကရင် လူ့အခွင့်အရေးအဖွဲ့ (KHRG)က နိုင်ငံတကာအသိုက်အဝန်းတွေကို အကြံပြုထားပါတယ်။


















































