ဒီဇင်ဘာ-၁၉၊ ၂၀၂၅။ ဆန်အောင်/People’s Spring
ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်မှာ အခုနှစ် ဒီဇင်ဘာခရစ္စမတ်ကာလနဲ့ နှစ်သစ်ကူးကာလအတွင်း လူစု၊လူဝေးနဲ့ ပွဲလမ်းသဘင် ကျင်းပတာမပြုဖို့နဲ့ လိုက်နာခြင်းမရှိပါကတည်ဆဲဥပဒေနဲ့အညီ အရေးယူခြင်းခံရမယ်လို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အခုလို ဒေသန္တရအမိန့် ထုတ်ပြန် ခဲ့တာဖြစ်ပါတယ်။
အခုထုတ်ပြန်တဲ့ အမိန့်ဟာ နောက်ထပ်အမိန့်တစ်စုံတစ်ရာအတည်မပြုမခြင်း အတည်ဖြစ်ကြောင်းလည်း ဖော်ပြထားပါတယ်။

Public Service Announcement
မင်းတပ်မြို့နယ်ဟာ ချင်းညီနောင် နဲ့မဟာမိတ်တွေ ၂၀၂၄ ဒီဇင်ဘာက သိမ်းပိုက်ထားတဲ့ မြို့နယ်ဖြစ်ပြီး ပြီးခဲ့တဲ့ တနှစ်တာအတွင်း စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်တာတွေ အကြိမ်ကြိမ်ပြုလုပ်ခဲ့ပါတယ်။
စစ်ကောင်စီဟာ ချင်းပြည်နယ်အတွင်း မြို့နယ်တွေ နိုင်ငံတဝန်းအရပ်သား ပြည်သူနေထိုင်ရာနေရာတွေကို လေကြောင်း ဗုံးကြဲတိုက်ခိုက်တာတွေ အရှိန်မြှင့် ပြုလုပ်နေလို့ စစ်တပ် လေကြောင်းရန် သတိထားဖို့ လူစုလူဝေးနဲ့ ပွဲလမ်းသဘင်တွေ မကျင်းပဖို့ တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းနှိုးဆော်ထားပါတယ်။
ဒါ့အပြင် ကရင်နီပြည်နယ်မှာလည်း ဒီကနေ့(ဒီဇင်ဘာ ၁၉ရက်)ကစပြီး အရေးကြီးကာလအဖြစ်သတ်မှတ်တယ်လို့ ကရင်နီပြည်တပ်မတော်(KA)က ထုတ်ပြန်ပါတယ်။
KA စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်အောင်မြတ်လက်မှတ်နဲ့ ထုတ်ပြန်စာအရ ဒီဇင်ဘာ ၁၉ ရက်ကစပြီး လာမယ့်နှစ် ဇန်နဝါရီ ၅ရက်အထိ အရေးကြီးကာလအဖြစ်သတ်မှတ်တယ်လို့ ဖော်ပြပါတယ်။
ထုတ်ပြန်ချက်ကိုလည်း ကရင်နီပြည်သူလူထု၊ကရင်နီပြည် တပ်ပေါင်းစုံတပ်ဖွဲ့ဝင်တွေနဲ့ လူမှုအသင်း အဖွဲ့တွေသိစေဖို့လို့လည်း တိုက်တွန်းထားပါတယ်။
ခရစ္စမတ်ချိန်ခါ နှစ်သစ်ကူးကာလမှာ လူစုလူဝေးနဲ့ ဝတ်ပြုစုတောင်းတာ၊နေထိုင်သွားလာတာနဲ့ လူစုလူ ဝေးတွေမလုပ်ဖို့လည်း သတိပေးပါတယ်။
ရန်သူစစ်ကောင်စီကလည်း သူ့အလုပ်သူလုပ်နေသလို မိမိတို့လည်း သတိကြီးစွာနေထိုင်ရေးနဲ့ ကိုယ့်အလုပ်ကိုယ်လုပ်ကြဖို့ ဗိုလ်မှူးချုပ်အောင်မြတ်က တိုက်တွန်းပါတယ်။
စစ်ကောင်စီက တော်လှန်ရေးတပ်တွေရဲ့ အားနည်းချက်ကိုယူပြီး ၁၉၈၅ကနေ ဒီကနေ့အချိန်ထိ ခရစ္စမတ်နဲ့ နှစ်သစ်ကူးအချိန်ကာလတွေမှာ သတ်ဖြတ်တာ၊ရာဇဝတ်မှုကျူးလွန်တာနဲ့ ယုတ်မာမှုတွေကို ကြုံတွေ့ခံစားနေရဆဲလို့ သူက ဆိုပါတယ်။

















































