Connect with us

Hi, what are you looking for?

သတင်း

စစ်အုပ်စုရွေးကောက်ပွဲ တရားမျှတမှုမရှိကြောင်း သိက္ခာရှိတဲ့နိုင်ငံကြီးတွေရပ်တည်ပြသဟု CRPH ဥက္ကဋ္ဌပြော

အာဏာသိမ်းစစ်အုပ်စု ကြိုးပမ်းနေတဲ့ရွေးကောက်ပွဲဟာ အဖြေမဟုတ်ဘူး တရားမျှတမှုမရှိဘူးဆိုတာ သိက္ခာရှိတဲ့ နိုင်ငံကြီးတွေက ရပ်တည်ပြသကြတာတွေ့ရကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) ဥက္ကဋ္ဌဦးအောင်ကြည်ညွန့်က ပြောပါတယ်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) ဥက္ကဋ္ဌဦးအောင်ကြည်ညွန့်။ ဓာတ်ပုံ - CRPH

ဒီဇင်ဘာ-၂၀၊ ၂၀၂၅။ ဆန်အောင်/People’s Spring

အာဏာသိမ်းစစ်အုပ်စု ကြိုးပမ်းနေတဲ့ရွေးကောက်ပွဲဟာ အဖြေမဟုတ်ဘူး တရားမျှတမှုမရှိဘူးဆိုတာ သိက္ခာရှိတဲ့ နိုင်ငံကြီးတွေက ရပ်တည်ပြသကြတာတွေ့ရကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) ဥက္ကဋ္ဌဦးအောင်ကြည်ညွန့်က ပြောပါတယ်။

ပြည်ထောင်စုလွှတ်တော် အဋ္ဌမအကြိမ်အစည်းအဝေးကို ဒီဇင်ဘာ ၁၈ရက်မှစတင်ပြီး ၂ရက်တာ ကျင်းပခဲ့ရာ ပြည်ထောင်စုလွှတ်တော်နာယကအဖြစ် တာဝန်ယူခဲ့တဲ့ ဦးအောင်ကြည်ညွန့်က ဒီဇင်ဘာ ၁၉ရက် အစည်းအဝေးနိဂုံးချုပ် အမှာစကား ပြောကြားခဲ့ရာ အခုလို အသိပေးခဲ့တာပါ။

“အကြမ်းဖက်အာဏာသိမ်းစစ်တပ်ဟာ အတုအယောင် ဟန်ပြရွေးကောက်ပွဲကျင်းပပြီးတော့ သူတို့ စိတ်တိုင်းကျ လူရွေးထားပြီးတော့ အာဏာရှင်တွေကို ဆက်လက်ရွေးချယ်ပြီး အာဏာရှင်တွေကို ဆက်လက်ရွေးချယ်ပြီး နိုင်ငံနဲ့ ပြည်သူကို ဆင်းရဲတွင်း ထပ်နက်ဖို့ အဆုံးတိုင် ဖျက်ဆီးဖို့ရာ ကြိုးစားနေတာ ကျနော်တို့လုံး၀လက်ခံလို့မရပါဘူး”လို့ ဦးအောင်ကြည်ညွန့်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

နိုင်ငံတကာအနေနဲ့လည်း အားလုံး ကောင်းစွာ သဘောပေါက်နားလည်ပြီးဖြစ်တယ်ဆိုတာ တွေ့မြင်ရကြောင်းလည်း ပြောပါတယ်။

“ဥရောပ ပါလီမန်အပါအဝင် အရေးကြီးတဲ့အင်အားကြီး နိုင်ငံတွေဟာ ဒီကနေ့ စစ်အုပ်စုကနေ လုပ်နေတဲ့ ရွေးကောက်ပွဲဟာ ဘယ်လိုနည်းနဲ့မှ အဖြေမဟုတ်ဘူး၊ တရားမျှတမှုလည်းမရှိနိုင်ဘူး တကယ်တန်း အတည်ဖြစ်တယ်လို့ လက်ခံနိုင်လောက်တဲ့ အခြေအနေမရှိဘူးဆိုတာ ဒေသတွင်းထဲမှာ ရှိတဲ့ အာဆီယံနိုင်ငံများအပါအဝင် အဓိက ကျတဲ့ ကမ္ဘာ့နိုင်ငံကြီးတွေ သိက္ခာရှိတဲ့ နိုင်ငံကြီးတွေ က ဒီအတိုင်း ရပ်တည်နေတဲ့ အနေအထား မျိုး ကျနော်တို့ တွေ့နေရပါတယ်” လို့ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်က ပြောပါတယ်။

ဒါပေမဲ့ တကယ်တန်း ကျတော့ ကိုယ်ကိုယ်တိုင်က ရုန်းကန်ကြရမှာ ဖြစ်ပြီး ကိုယ်တိုင်ရဲ့ ရဲဝံ့မှုအပေါ် နိုင်ငံတကာ အသိအမှတ်ပြုကြမှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

“ကျနော်တို့ရဲ့ ဆောင်ရွက်ချက်ကို အစွမ်းနိုင်ဆုံး အများဆုံး ဆောင်ရွက်တဲ့ အခါမှာ လိုအပ်တဲ့ အထောက်အကူပြုတွေအတွက်ကို မျက်ကွယ်မပြု အသိအမှတ်မပြုဘဲ ရရှိနိုင်လောက်တဲ့ အနေအထားမျိုးတွေ ပေါ်ပေါက်လာအောင်လည်းပဲ ကျနော်တို့ စွမ်းဆောင်ကြရမှာ ဖြစ်ပါတယ်။ အဓိကက ပြည်တွင်းထဲမှာရှိတဲ့ အင်အားဟာ ကျနော်တို့ရဲ့ အင်အားပဲဖြစ်ပါတယ်။” လို့ ဦးအောင်ကြည်ညွန့်က ပြောပါတယ်။

တော်လှန်ရေးအင်အားစုတွေကြားမှာ လက်တွဲညီညီ ချီတက်ဆောင်ရွက်မှုဟာ အလွန်အဓိက ကျကြောင်းလည်း ဦးအောင်ကြည်ညွန့်က ပြောပါတယ်။

ဒါ့အပြင်လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့လည်း စစ်အုပ်စု ရွေးကောက်ပွဲ တန်ပြန်ဖို့ ဦးအောင်ကြည်ညွန့်က မှာကြားပါတယ်။

“မိမိတို့အနေနဲ့လည်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားများအပါအဝင် ပြည်နယ်ဖက်ဒရယ်ယူနစ်များက ကိုယ်စားလှယ်များကိုလည်းပဲ လေးလေးနက်နက်တိုက်တွန်းမေတ္တာရပ်ခံလိုတာကတော့ အကြမ်းဖက် စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲရဲ့ နိုင်ငံရေးလှည့်ကွက်အပေါ်မှာ ကျနော်တို့ ကိုယ်စားလှယ်များဟာ ဘယ်လိုပုံနဲ့ ပြည်သူတွေနဲ့အတူ ဆက်လက်ပြီးတော့လက်တွဲရုန်းကန်သွားကြမယ်ဆိုတာ ကြိုတင်ပြင်ဆင်ပြီး တန်ပြန်လုပ်ဆောင်နိုင်ဖို့ ဗျူဟာကျကျ အမြော်အမြင်ရှိရှိနဲ့ ဆောင်ရွက်သွားကြဖို့ ဖြစ်ပါတယ်”လို့ ဦးအောင်ကြည်ညွန့်က ပြောပါတယ်။

အဲဒီလို တန်ပြန်ဖို့ ဆောင်ရွက်နေတဲ့ အစီအစဉ်တွေရှိနေပြီဆိုတာကိုလည်း တွေ့နေရကြောင်း ဦးအောင်ကြည်ညွန့်က ပြောပါတယ်။

ပြည်ထောင်စုလွှတ်တော် အဋ္ဌမအကြိမ် အစည်းအဝေးကို ၂ ရက်တိတိ ကျင်းပခဲ့ပြီး ပထမနေ့တွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် (၁၈၈) ဦး အစည်းအဝေးတက်ရောက်ခွင့်ရှိသူဦးရေရဲ့ ၆၆ ရာခိုင်နှုန်းကျော်နဲ့ ဒုတိယနေ့မှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် (၁၇၁) ဦး ရာခိုင်နှုန်း ၆၀ ကျော် တက်ရောက်ခဲ့တယ်လို့ CRPHက ထုတ်ပြန်ပါတယ်။

အစည်းအဝေး ပထမနေ့မှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ နိုင်ငံတကာဆက်ဆံရေးကော်မတီက တင်သွင်းခဲ့တဲ့ “မြန်မာနိုင်ငံ၌ ဖက်ဒရယ် ဒီမိုကရေစီစနစ် တည်ဆောက်ရေး၊ ငြိမ်းချမ်းရေးနှင့် ဒေသတွင်းတည်ငြိမ်ရေးတို့အတွက် ဆက်လက်ပံ့ပိုးကူညီပေးရန်နှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ အမျိုးသားညီညွတ်ရေးအစိုးရအပါအဝင် ဒီမိုကရေစီနှင့်လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်နေသော အင်အားစုများနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်ရေး နိုင်ငံတကာအသိုက်အဝန်းသို့ တိုက်တွန်းကြောင်း” အဆိုကို အစည်းအဝေး ဒုတိယနေ့မှာ လွှတ်တော်ကိုယ်စားလှယ်တွေက ထောက်ခံ ဆွေးနွေးခဲ့ကြပါတယ်။

အဆိုရှင် နိုင်ငံတကာဆက်ဆံရေးကော်မတီ အဖွဲ့ဝင် ဦးအာကာမျိုးထက်က ထောက်ခံဆွေးနွေးချက်တွေအပေါ် ပြန်လည်ဆွေးနွေးခဲ့ပြီး နိုင်ငံတကာအသိုက်အဝန်းသို့ တိုက်တွန်းကြောင်း ထုတ်ပြန်ချက် မူကြမ်းပြုစုဖို့ လွှတ်တော်က ဆုံးဖြတ်ခဲ့ပါတယ်။

ဒါပြင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်တွေရဲ့မေးခွန်း မေးမြန်းမှုတွေကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာရွှေပုံ၊ လူမှုကူညီရေး၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ ငိုမ်းတမ်မောင်း၊ ပြည်ထောင်စုဝန်ကြီး ဂျာထွယ်ပန်တို့က ဖြေကြားပေးခဲ့ပါတယ်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ လုံခြုံရေးနဲ့ ကာကွယ်ရေးဆိုင်ရာ အတွင်းရေးမှူး ဒေါ်ဝေမာလွင်က ပြည်ထောင်စုလွှတ်တော်ရဲ့ နိုင်ငံတကာအသိုက်အဝန်းသို့ တိုက်တွန်းကြောင်း ထုတ်ပြန်ချက် မူကြမ်း ဖတ်ကြားတင်သွင်းခဲ့ပြီး လွှတ်တော်ရဲ့ သဘောထားရယူကာ ကန့်ကွက်မည့်သူမရှိ ထောက်ခံကြလို့ အတည်ပြုကြောင်း ဆုံးဖြတ်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက် နိုင်ရေး ရည်မှန်းချက်ပန်းတိုင်ကို ပြည်ထောင်စုရဲ့ မိသားစုတွေအားလုံး စုစည်းပြီး လက်တွဲညီညီ လျှောက်လှမ်းနိုင်ဖို့ လိုအပ်ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIO) ခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော် တို့က ပြောကြားခဲ့ပြီး ဒီလို စုစည်းရာမှာ အထက်အောက်အတွေးအခေါ် ရိုက်သွင်းတာတွေကို နားမထောင်ဖို့...

သတင်း

CRPHနဲ့ NUGကိုတရားဝင် အသိအမှတ်ပြုဖို့၊စစ်တပ် ရွေးကောက်ပွဲအသိအမှတ်မပြုဖို့၊ စစ်ရာဇဝတ်မှုကျူးလွန်တဲ့ စစ်တပ်ကို အရေးယူဖို့ တောင်းဆို

သတင်း

အကြမ်းဖက်စစ်အုပ်စုက ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်ရှိ ပြည်သူ့ဆေးရုံကြီးအား လူမဆန်စွာ လေကြောင်းတိုက်ခိုက်ခဲ့မှုအပေါ် ရှုတ်ချကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)က ထုတ်ပြန်ခဲ့ပြီး ရာဇဝတ်မှု ကျူးလွန်နေတဲ့ စစ်အာဏာရှင်တွေကို နိုင်ငံတကာအနေနဲ့ ထောက်ခံ အားပေးတာ မလုပ်ဖို့ ထပ်မံတောင်းဆိုခဲ့ပါတယ်။

သတင်း

ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့မှာ ကျင်းပနေတဲ့ (၁၅၁) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များအဖွဲ့(IPU)ညီလာခံမှာ ဒေါက်တာဝင်းမြတ်အေးနဲ့ ဒေါ်ဇင်မာအောင်တို့ ဦးဆောင်တဲ့ မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ တက်ရောက်နေတယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)က ဒီနေ့ ထုတ်ပြန်လာပါတယ်။