ရုရှားနဲ့ စစ်ဖြစ်နေတဲ့ ယူကရိန်းအတွက် EUက ယူရိုငွေ ၉၀ ဘီလီယံကို ထုတ်ချေးဖို့ စီစဉ်ထားပြီး အမေရိကန်က အဲဒီငွေကြေးကို အမေရိကန်ဆီက စစ်လက်နက်တွေ ဝယ်ယူရေးအတွက် သုံးစွဲဖို့ ပြင်ဆင်နေတာပါ။ ဒါပေမဲ့ ဥရောပ အင်အားကြီး နိုင်ငံတစ်ခုဖြစ်တဲ့ ပြင်သစ်ကတော့ EUက ထောက်ပံ့ထားတဲ့ ငွေကြေးကို ဥရောပ နိုင်ငံတွေဆီက စစ်လက်နက်တွေ ဝယ်ယူမှု အတွက်ပဲ ယူကရိန်း အနေနဲ့ အသုံးချသင့်ကြောင်းပြောပြီး အဲဒီ အစီအစဉ်ကို ကန့်ကွက်ထားတာ ဖြစ်ပါတယ်။
ဥရောပ သမဂ္ဂ (EU)က ထုတ်ချေးထားတဲ့ ငွေကြေးတွေနဲ့ အမေရိကန် လက်နက်တွေ ဝယ်ယူမယ့် ယူကရိန်းရဲ့ အစီအစဉ်ကို ပြင်သစ် အစိုးရက ကန့်ကွက် တားဆီးထားကြောင်း သိရပါတယ်။
ပြင်သစ် သမ္မတ အီမန်နျူရယ်လ် မာခရွန်က EUက ယူကရိန်းအတွက် ထောက်ပံ့တဲ့ စစ်ရေး ရန်ပုံငွေတွေဟာ ဥရောပရဲ့ ကာကွယ်ရေး စက်မှုလုပ်ငန်းတွေ အတွက်ပဲ အကျိုးရှိသင့်တယ်လို့ အခိုင်အမာ ပြောပါတယ်။ လောလောဆယ်မှာတော့ အဲဒီ ငွေကြေးကို ယူကရိန်းစိတ်ကြိုက် သုံးစွဲပိုင်ခွင့်နဲ့ ပတ်သက်ပြီး EU အဖွဲ့ဝင် နိုင်ငံတွေကြားမှာကို သဘောထား ကွဲလွဲတာတွေ ရှိနေပါတယ်။
EUဟာ ရုရှားဆီက ထိန်းချုပ်ထားတဲ့ ပိုင်ဆိုင်မှုတွေထဲက အကျိုးအမြတ်တွေကို ယူကရိန်းဆီ ချေးငွေအဖြစ် ထောက်ပံ့မယ့် အစီအစဉ်ကို ဒီဇင်ဘာလမှာ သဘောတူခဲ့ပေမယ့် ဘယ်လို အသုံးပြုစေမလဲ ဆိုတဲ့အပေါ် ဆက်ပြီး ဆွေးနွေးဖို့ လိုအပ်နေတဲ့ သဘောပါ။

Public Service Announcement
ဂျာမနီနဲ့ ပြင်သစ်တို့လို နိုင်ငံတွေကတော့ ယူကရိန်းရဲ့ ကာကွယ်ရေး အစီအမံတွေမှာ အမေရိကန်လုပ် Patriot လေကြောင်းကာကွယ်ရေး စနစ်လိုမျိုး စစ်လက်နက်တွေ လိုအပ်နေတာကြောင့် အမေရိကန်ဆီက စစ်လက်နက် ဝယ်ချင်တဲ့ ယူကရိန်းရဲ့ ဆန္ဒကို လိုက်လျောသင့်ကြောင်း ယူဆထားကြပါတယ်။
ယူကရိန်း အနေနဲ့ ဘယ်နိုင်ငံတွေဆီက လက်နက်တွေကိုပဲ ဝယ်ရမယ်ဆိုတဲ့ ကန့်သတ်ချက်မျိုးကို ဂျာမနီ အနေနဲ့ အားမပေးကြောင်း၊ ဒါဟာ ယူကရိန်းအတွက် ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်ရေးမှာ အများကြီး လုပ်ရကိုင်ရ ခက်သွားစေနိုင်ကြောင်း EUဆီ ပေးပို့တဲ့ စာထဲမှာ ဂျာမနီက ဖော်ပြထားပါတယ်။ နယ်သာလန်ကလည်း ယူကရိန်း စစ်တပ်ဟာ လက်နက်တွေကို အပူတပြင်းနဲ့ အများအပြား လိုအပ်နေကြောင်း၊ ဥရောပ ကာကွယ်ရေး စက်မှုလုပ်ငန်းတွေဟာ အဲဒီ လိုအပ်ချက်ရဲ့ အစိတ်အပိုင်း တစ်ခုလောက်ကိုတော့ ဖြည့်တင်းပေးနိုင်စွမ်း ရှိကြောင်း၊ ဒါပေမဲ့ ယူကရိန်းဟာ အမေရိကန်လုပ် F-16 တိုက်လေယာဉ်တွေ၊ လေကြောင်းကာကွယ်ရေး စနစ်တွေ၊ ခဲယမ်းမီးကျောက်တွေနဲ့ တိုက်လေယာဉ် အပိုပစ္စည်းတွေကိုပါ လက်တွေ့ကျကျ လိုအပ်နေကြောင်း ထောက်ပြခဲ့ပါတယ်။
ပြင်သစ်ကတော့ ဥရောပတိုက် ကိုယ်တိုင်က စစ်လက်နက် ဝယ်ယူမှုနဲ့ ပတ်သက်ပြီး အမေရိကန်အပေါ် အလွန်အကျွံ မှီခိုနေရတဲ့ အခြေအနေကို ပြောင်းလဲဖို့ လိုအပ်ပြီး ယူကရိန်းကပါ အမေရိကန် လက်နက်တွေ ထပ်ဝယ်တာမျိုးကို အားမပေးသင့်ကြောင်း သဘောထားမှတ်ချက် ပေးထားခဲ့ပါတယ်။
ကိုးကား: Telegraph
ဓာတ်ပုံ – Getty Images
𝗣𝗲𝗼𝗽𝗹𝗲’𝘀 𝗦𝗽𝗿𝗶𝗻𝗴
https://www.facebook.com/LuduNwayOo/subscribe/
𝗬𝗼𝘂𝗧𝘂𝗯𝗲 – https://www.youtube.com/@peoplespring
𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸 – https://www.facebook.com/LuduNwayOo/
𝗪𝗲𝗯𝘀𝗶𝘁𝗲 – https://www.ludunwayoo.com/
𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺 – https://t.me/peoplespring
ludunwayoo #လူထုနွေဦး #PS #People*sSpring #myanmar #NewsMedia #media #politics #international #trending #new #update #info #newsfeed #dailynews #newsupdate #breakingnews #myanmarnews #updatenews

















































