ဖေဖော်ဝါရီ-၄၊၂၀၂၆/People’s Spring
ပေါက်ကိုယ်တော်ကိုဆဲကာ တပည့်ဖြစ်သူပျူစောထီးတစ်ဦးကို ဖမ်းဆီးလိုက်တဲ့ မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ် အမှတ်(၁၀)ရဲစခန်းက ရဲတပ်သားတစ်ဦး ဖမ်းဆီးနှိပ်စက်ခံထားရတယ်လို့ ရဲတပ်ဖွဲ့အသိုင်းအဝိုင်းက သိရပါတယ်။
ဇန်နဝါရီ ၃၀ ရက် ညပိုင်းက မန္တလေးမြို့၊မဟာမုနိဘုရားကြီးပွဲမှာ ဓားကိုင် ဆောင်ထားတဲ့လူငယ်တစ်ဦးကို ရဲကဖမ်းရာက ပြဿနာ စဖြစ်ခဲ့တာလို့ သိရပါတယ်။
တုတ်၊ဓား၊လက်နက်ကိုင်ဆောင်ခွင့်ပိတ် ထားတဲ့ပွဲမှာ ဓားကိုင်ကာ အုပ်စုလိုက်ရမ်းကားလို့ အဲဒီရဲတပ်သားက ဖမ်းရာကနေ ဖမ်းဆီးခံရသူတွေဟာ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်လက်အောက်ခံ ပျူစောထီးတွေဖြစ်ကြောင်းနဲ့ ၎င်းတို့ဟာ တရားဝင် လက်နက်ကိုင်ခွင့်ရှိသူတွေလို့ ပြောဆိုပြီး ရန်ဖြစ်ကြတယ်လို့ သိရပါတယ်။

Public Service Announcement
အဲဒီနောက် နောက်ထပ်ပျူစောထီးတွေပါရောက်လာပြီး ရုန်းရင်းဆန်ခတ်ဖြစ်ရာက အဲဒီရဲတပ်သားက “ပေါက်ကိုယ် တော်ဆိုတော့ ငါက – ီီီီီီီီီီီီီီီီီီီီီီီီီီီီီီီီးလုပ် ရမှာလား”လို့ ဆဲလိုက်တယ်လို့ သိရပါတယ်။
အဲဒီနောက် ရဲကရှာ ဖွေမှုတွေ ဆက်တိုက်လုပ်ပြီး စခန်းအထိ ဖမ်းခေါ်ခဲ့ရာမှာ ပျူစောထီးတွေက မကျေနပ်ပြီး အမှတ်(၁၀)ရဲစခန်းအထိ လိုက်လာကာ စခန်းမှူးနဲ့ နယ်ထိန်းတွေအထိပါ ဆဲဆိုခဲ့တယ်လို့ သိရပါတယ်။
“ရဲပုံရိပ် တော်တော်ကျတာ ပေါ့။ရဲက ရဲအလုပ်ရဲလုပ်တာတောင် စခန်းမှူးကအစ ပြန်တောင်းပြန်ရတယ်။အဲဒီတပ်သားလည်း ဖမ်းလိုက်ရတယ်။အဲတာ တိုင်းမှူးအထိပါ ပေါက်ကိုယ်တော်က ဖုန်းဆက်တိုင်တာလို့ သိရတယ်။နယ်မြေ ရဲစခန်းတိုင်း သူတို့ပျူတွေ အာကျယ်နေကြတာ။လုယက်မှု တောင်ဘယ်ရဲမှ မဖမ်းရဲတော့ဘူး။မိလို့ သူတို့လူဆိုရင် ဖမ်းတဲ့ ရဲကဒုက္ခရောက်ရော”လို့ ရဲတပ်ဖွဲ့က အရာရှိတစ်ဦးက ပြောပါတယ်။
လက်ရှိမှာ ပေါက်ကိုယ်တော်ကစခန်းမှူးအထိ ပြုတ်အောင်လုပ်မယ်လို့ ခြိမ်းခြောက်တာမို့ စခန်းမှူးက ပင်စင်ယူခါနီးမို့ ခွင့်လွှတ်ပေးဖို့ တောင်းပန်ခဲ့ရတယ်လို့ သိရပါတယ်။
အဲဒီရဲတပ်သားလည်း ဖေဖော်ဝါရီ ၁ရက်က ဖမ်းဆီးခံရပြီးနောက် အခု သတင်းပျောက်နေတယ်လို့သိရပါတယ်။
“နယ်ပြောင်းနဲ့ ရှေ့တန်း၃နှစ်လောက်သွားရမယ် ထင်တယ်။ကြိမ်းဝါးပြီး စိတ်ကြိုက်ဖမ်းပြသွားတာ။ရဲဂုဏ်သိက္ခာမရှိတော့ဘူး”လို့ အဲဒီရဲ အရာရှိက ဆက်ပြောပါတယ်။
ချမ်းမြသာစည်မြို့နယ်က အမှတ်(၁၀)ရဲစခန်းနယ်မြေမှာ အမှိုက်ကောက်သူတွေပါ ပျူစောထီးအဖွဲ့ထဲဝင်ရောက်နေပြီး အသက်မပြည့် သေးသူလူငယ်တွေက ပျူဟုဆိုကာ ရဲစခန်းကား တွေကိုပါ စိတ်ကြိုက်စီးပြီး ဓားအတိုအရှည်၊လက်နက်ကိုင်ကာ မြို့ထဲပတ်နေတာလို့ ရဲတွေက ပြောပါတယ်။
ပြည်သူတွေကို ရက်ရက်စက်စက်သတ်ဖြတ်နေတဲ့ စစ်တပ်ရဲ့ လက်ကိုင်တုတ်ဖြစ်တဲ့ ပေါက်ကိုယ်
တော်ဟာ မန္တလေးတိုင်းအတွင်းက ပြည်သူ့စစ်နဲ့ ပျူစောထီးတွေကို အဓိက ဦးစီးကိုင်တွယ်နေသူဖြစ်ပါတယ်။ စစ်တပ်နဲ့ ပြည်သူ့စစ်တွေရဲ့ ရှေ့တန်းစခန်းတွေဆီသွားပြီး တိုက်ခိုက်သတ်ဖြတ်ဖို့၊ နောက်မဆုတ်ကြဖို့နဲ့ အသေခံတိုက်ခိုက်ကြဖို့ မြှောက်ပင့်လှုံ့ဆော်နေသူဖြစ်ပါတယ်။
ပေါက်ကိုယ်တော်က ဦးသိန်းစိန်အစိုးရလက်ထက်ကမျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ (မန္တလေး)
၏ အဖွဲ့ဝင်ဖြစ်ပါတယ်။ ၂၀၁၈မှာ ဒီချုပ်အစိုးရပြုတ်ကျရေး မန္တလေးမြို့မှာ ဆန္ဒပြခဲ့သူလည်းဖြစ်ပါတယ်။ လက်ဦးဆရာဖြစ်တဲ့ ဦးဝီရသူဟာ စစ်တပ်အာဏာသိမ်းချိန်မှာ အကျဉ်းထောင်အတွင်းရောက်နေလို့ ပေါက်ကိုယ်တော်က ၂၀၂၁မှာ ရှေ့ထွက်လာခဲ့သူပါ။
ပေါက်ကိုယ်တော်ဟာ မန္တလေးတိုင်းမှာ ပျူစောထီးတွေနဲ့ ပြည်သူ့စစ်တွေ စတင်ဖွဲ့စည်းပြီးနောက် ၂၀၂၄ ဇန်နဝါရီ ၁၆ ရက်က ပြင်ဦးလွင်မြို့မှာ စစ်တပ်ထောက်ခံရေးဆန္ဒပြစဉ် စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို ရာထူးကနေ နုတ်ထွက်ပေးဖို့ တောင်းဆိုကာ ဒုချုပ်စိုးဝင်းနဲ့ အစားထိုးဖို့ တောင်းဆိုဆန္ဒပြပြီးတဲ့နောက်မှာ ပေါက်ကိုယ်တော်ရဲ့ သြဇာက ပိုကြီးလာခဲ့ပါတယ်။


















































