Connect with us

Hi, what are you looking for?

သတင်း

စစ်ရေးနည်းနဲ့ထိန်းချုပ်ထားတဲ့မြို့ရွာတွေ နိုင်ငံရေးနည်းအရအောင်ပွဲခံနိုင်ဖို့ ကြိုးစားနေဟု KIO ဥက္ကဋ္ဌပြော

ကချင်လွတ်လပ်ရေးအဖွဲ့/ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA)အနေနဲ့ စစ်မြေပြင်မှာ အောင်ပွဲခံထားတဲ့ မြို့ရွာနယ်မြေဒေသတွေကို နိုင်ငံရေးနည်းအရ အောင်ပွဲခံဖို့ကြိုးစားနေကြောင်း KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက ကချင်တော်လှန်ရေးနေ့ မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

ဖေဖော်ဝါရီ ၅ရက်က ကျရောက်တဲ့ ကချင်တော်လှန်ရေးနေ့မှာ ဗိုလ်ချုပ်ကြီး အင် ဘန်လကို တွေ့ရစဉ်။ ဓာတ်ပုံ - The Kachin Net

ဖေဖော်ဝါရီ-၆၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကချင်လွတ်လပ်ရေးအဖွဲ့/ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA)အနေနဲ့ စစ်မြေပြင်မှာ အောင်ပွဲခံထားတဲ့ မြို့ရွာနယ်မြေဒေသတွေကို နိုင်ငံရေးနည်းအရ အောင်ပွဲခံဖို့ကြိုးစားနေကြောင်း KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက ကချင်တော်လှန်ရေးနေ့ မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

ဖေဖော်ဝါရီ ၅ရက်က ကျရောက်တဲ့ ကချင်တော်လှန်ရေးနေ့မှာ ဗိုလ်ချုပ်ကြီး အင်ဘန်လက ကချင်ဘာသာနဲ့ မိန့်ခွန်းပြောကြားခဲ့တာကို အဖွဲ့ သတင်းပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အခုလို ဘာသာပြန် ရှင်းပြပေးတာပါ။

“မနေ့က တော်လှန်ရေးနေ့မှာ ကျနော်တို့ ဥက္ကဋ္ဌရဲ့ မိန့်ခွန်းထဲမှာတာ့ ထူးတယ်လို့ ပြောရမှာကတော့ ကျနော်တို့ KIO ဗဟိုကော်မတီအနေနဲ့ ကျနော်တို့ ကချင်ပြည်နယ်မှာ စစ်မြေပြင်မှာ အောင်ပွဲခံထားတဲ့ နေရာဒေသတွေ ကျနော်တို့ရဲ့ မြို့ရွာတွေကို အားလုံးကို နိုင်ငံရေးနည်းလမ်းနဲ့လည်း အောင်ပွဲခံနိုင်ဖို့ ကြိုးစားနေတဲ့ အကြောင်းတွေ ပါပါတယ်။”လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

KIO/KIAဟာ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို တိုက်ခိုက်တဲ့ စစ်ဆင်ရေးတွေ ကို မဟာမိတ်တွေနဲ့ လက်တွဲဖော်ဆောင်ခဲ့ရာ ၂၀၂၃ နှစ်ကုန်ပိုင်းကစပြီး ကချင်နဲ့ ရှမ်းမြောက်က စစ်ကောင်စီ တပ်စခန်းတွေ တခုပြီး တခု သိမ်းပိုက်နိုင်ခဲ့တာပါ။

KIO/KIA ဌာနချုပ်လိုင်ဇာမြို့ကို စစ်ကောင်စီက ဖိအားပေးတဲ့ ထိုးစစ်ကို တန်ပြန်နိုင်ခဲ့တဲ့အပြင် စစ်ကောင်စီရဲ့ တပ်ရင်းဌာနချုပ်အများအပြား ၊ တပ်စခန်းရာချီကို ၂၀၂၃၊ ၂၀၂၄ တွေအတွင်းမှာ သိမ်းပိုက်နိုင်ခဲ့ပါတယ်။ လက်ရှိမှာလည်း ဗန်းမော် မြို့သိမ်း စစ်ဆင်ရေးအပါအဝင် ကချင်ပြည်နယ် အခြားဒေသတွေနဲ့ စစ်ကိုင်းတိုင်း ဒေသအချို့မှာ စစ်ကောင်စီကို ဆက်လက်တိုက်ခိုက်လျက်ရှိပါတယ်။

KIO ဥက္ကဋ္ဌရဲ့ မိန့်ခွန်းမှာ ရှမ်းတိုင်းရင်းသားတွေနဲ့ ကချင်တိုင်းရင်းသားတွေအကြား အတူတကွ ယှဉ်တွဲနေထိုင်နိုင်ရေး အတွက် သတင်းစကားလည်း ပါရှိတယ်လို့ ပြောပါတယ်။

“ကျနော်တို့ ကချင်နဲ့ ရှမ်းနဲ့ကတော့ အရင်ကတည်းက အတူတူ ယှဉ်တွဲနေထိုင်တဲ့ တိုင်းရင်းသား ညီနောင်တွေဖြစ်ပါတယ်။ ကျနော်တို့ရဲ့ ယဉ်ကျေးမှု ဓလေ့ထုံးစံတွေကအတူတူ နေခဲ့တဲ့ တိုင်းရင်းသား ညီနောင်ဖြစ်ပါတယ်။ အခု ရန်သူရဲ့ သွေးထိုးမှုကြောင့် ကျနော်တို့ အချင်းချင်း ပစ်တာ ခတ်တာတွေကတော့ မလုပ်သင့်တဲ့ အရာဖြစ်ပါတယ်။ ကျနော်တို့ သမိုင်းကြောင်းတွေကို ပျက်ပြားစေတဲ့ဟာ မဖြစ်စေချင်ဘူး လို့ ဆိုတဲ့အသိပညာပေးတဲ့ အပိုင်းပေါ့ ပါပါတယ်” လို့ ဗိုလ်မှူးကြီးနော်ဘူက ရှင်းပြပါတယ်။

လက်ရှိမှာ ရှမ်းနီလက်နက်ကိုင်တပ်ဟာ စစ်ကောင်စီနဲ့ ပူးပေါင်းပြီး KIAနဲ့ တိုက်ပွဲတွေမှာပါဝင်လျက်ရှိပါတယ်။

ဒါ့အပြင် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးထိရောက်စွာလုပ်ဖို့၊ အွန်လိုင်းငွေလိမ်လုပ်ငန်း ကျားဖြန့် ဒေသတွင်းမှာ လုပ်ကိုင်းခြင်းမရှိစေဖို့ အကြောင်းတွေကိုလည်း KIO ဥက္ကဋ္ဌ က ပြောကြားခဲ့ပါတယ်။

“မူးယစ်ဆေးဝါးနဲ့ပတ်သက်လို့တော့ ကျနော်တို့ KIO အနေနဲ့ ကျနော်တို့ ကချင်ဒေသမှာ မူးယစ်ဆေးဝါးကို ပြင်းပြင်းထန်ထန် ဖမ်းဆီးဖို့တွေ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ကော်မတီ လုပ်ငန်းတွေအကြောင်း ပါပါတယ်။ နောက် ကျားဖြန့်ဆိုတဲ့ကိစ္စကိုလည်း ကျနော်တို့ KIO ဝန်ထမ်းတွေ နောက် ကချင်ပြည်နယ်သူ ပြည်နယ်သားတွေ ပတ်သက်မှုမရှိအောင် ကျနော်တို့ရဲ့ ပတ်ဝန်းကျင်မှာ ကျားဖြန့် စခန်းချတာမျိုးတွေမဖြစ်အောင် ကြိုတင် သတိပေးတဲ့ မိန့်ခွန်းတွေဖြစ်ပါတယ်”လို့ ဗိုလ်မှူးကြီးနော်ဘူက ဘာသာပြန် ရှင်းပြပေးပါတယ်။

တော်လှန်ရေးပန်းတိုင်ရောက်တဲ့အထိ KIO/KIA ဝန်ထမ်းတွေ ပြည်သူလူထုတွေ အားလုံးဝိုင်းပြီးမှ ကြိုးစားရအောင်လည်း ဗိုလ်ချုပ်ကြီးအင်ဘန်လက မိန့်ခွန်းမှာ ထည့်သွင်း ပြောကြားခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ဗန်းမော်မြို့မှာကချင်လွတ်လပ်ရေးတပ်မတော်(KIA)ဦး​ဆောင်တဲ့ပူးပေါင်းတပ်နဲ့ အာဏာသိမ်းစစ်တပ်ကြားတိုက်ပွဲတွေနေ့စဉ်ဖြစ်ပွားလျက်ရှိရာ အခုရက်ပိုင်းအတွင်းမှာစစ်တပ်စွဲရာ နေရာအချို့ကို KIA ပူးပေါင်းတပ်က ထပ်မံ သိမ်းနိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

(ဖေဖော်ဝါရီ ၂၂ရက်ညက မိုင်ဂျာယာန်အနီး ဘွမ်ကထောင်ကျေးရွာကို စစ်တပ်လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့မှု။ ဓာတ်ပုံ − ပေးပို့)

သတင်း

မြန်မာ-တရုတ်နယ်စပ် ချီဖွေဒေသအပါအဝင် အာဏာသိမ်းစစ်တပ်က ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA) ထိန်းချုပ်နယ်မြေတွေကို လေကြောင်း တိုက်ခိုက်မှုအကြိမ်ကြိမ် ပြုလုပ်ခဲ့လို့ အရပ်သား ထိခိုက်ဒဏ်ရာရတာတွေရှိခဲ့ဟု KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

မြစ်ကြီးနားလေဆိပ်ကခရီးသည်တင်​လေယာဥ်ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က တိုက်ခိုက်ခဲ့ခြင်းမရှိဘဲ အများပြည်သူနဲ့ပတ်သက်တဲ့​နေရာ​တွေကို တိုက်ခိုက်တဲ့ မူဝါဒ KIA မှာမရှိ​ကြောင်း KIO/KIA သတင်းပြန်ကြားရေးတာဝန်ခံဗိုလ်မှူးကြီးနော်ဘူကပြောကြားလိုက်ပါတယ်။