ဖေဖော်ဝါရီ ၂၀၊ ၂၀၂၆။မေရီ/People’s Spring
မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်မှာ ဘုန်းကြီးကျောင်းအပါအဝင် တရက်တည်း ၂နေရာဓားပြတိုက်ခံရကြောင်း ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၅ရက် နေ့လယ်ပိုင်းက ဝမ်းတွင်းမြို့နယ်၊ ခံတော-အောင်သာကျေးရွာက ဥတ္တရာရာမ ကျောင်းတိုက်ကို သေနတ်ကိုင်ထားတဲ့ လူတစ်စုဝင်လာပြီး ကျောင်းထိုင်ဘုန်းကြီးဦးခေါင်းကို သေနတ်နဲ့ထောက်ကာ ငွေတောင်းခဲ့ကြောင်း၊ ဘုန်းကြီးဆီမှာ ငွေမရှိလို့ ကားကိုယူသွားပြီး ကျပ် ၆သိန်းနဲ့ ပြန်ရွေးခိုင်းခဲ့ကြောင်း Voice Of Wundwin အဖွဲ့က ပြောပါတယ်။
ဒါ့အပြင် အဲဒီအဖွဲ့ကပဲ ပျားစွဲကျေးရွာကနေ ဝမ်းတွင်းမြို့ကို ကားနဲ့သွားတဲ့သားအဖ ၂ဦးကို ဓားပြတိုက်ရာ ရွှေလေးကျပ်သားခန့်၊ ကျပ်သိန်း ၃၀နဲ့ ကားတစ်စီးပါသွားကြောင်း Voice Of Wundwin အဖွဲ့က ပြောပါတယ်။

Public Service Announcement
ဓားပြတွေဟာ အသက်(၁၈)နှစ်ဝန်းကျင် ၂ဦး၊ အသက်(၂၅)နှစ်အရွယ်တစ်ဦးဖြစ်ပြီး စစ်ကောင်စီတပ်လက်သပ်မွေးထားတဲ့ ကျားသေကန်ရွာက အုပ်ကြီးတပည့် ပျူစောထီးတွေဖြစ်ကြောင်း သိရပါတယ်။
“အဲ့ကျားသေကန်ဘက်မှာ အရင်ကလည်းခဏခဏဖြစ်တယ်။ အဲ့ဘက်ကပြည်သူတွေကြောက်ပြီး သတင်းမပို့ကြလို့သာ မသိရတာ။ အဲ့ကောင်တွေကို ဘုန်းကြီးကျောင်းနားကလူတွေကမြင်ဖူး တွေ့ဖူးတာ အရင်ကတည်းက”လို့ Voice Of Wundwin အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။
ပြည်သူတွေဟာ ဝမ်းတွင်းရဲစခန်းနဲ့ ပင်းတလဲနယ်မြေရဲစခန်းကို ဆက်သွယ်တိုင်ကြားပေမဲ့ အရေးယူဆောင်ရွက်ပေးတာမရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ဓါးပြတိုက်မှုတွေကြောင့် ဝမ်းတွင်းမြို့နယ်၊ ဘုရားဖြူ-ရွှေပေါ်ကျွန်း လမ်းပေါ်ကို ပြည်သူတွေ မသွားရဲ၊ မလာရဲ ဖြစ်နေပြီး ဒေသထွက်သီးနှံတွေ အရောင်းအဝယ်လုပ်ဖို့ အခက်အခဲဖြစ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။


















































