ဖေဖော်ဝါရီ-၂၀၊ ၂၀၂၆။မိုမို/Peoples Spring
မကွေးတိုင်း၊ဂန့်ဂေါမြို့အခြေစိုက် အမှတ်(၃၇၁) အမြောက်တပ်က တပ်သားတစ်ဦး လက်နက်နဲ့အလင်းဝင်လာတယ်လို့ Yaw Revolution Army(YRA ထီးလင်း)တာဝန်ရှိသူက ပြောပါတယ်။
တပ်တွင်းကနေ လွတ်မြောက်ဖို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီ ၅ရက်အကြာ ခြေလျင်ခရီးနှင်ပြီးနောက် ဖေဖော်ဝါရီ ၁၇ရက်က YRA တပ်စခန်းတစ်ခုဆီ ရောက်လာတာလို့ ဆိုပါတယ်။
တပ်သားသန့်ဇင်အောင်ဟာ ၂၀၂၃မှာ စစ်တပရဲ့ ပေါ်တာဆွဲခဲ့ပြီး ၂၀၂၄မှာ ဂန့်ဂေါအမြောက် တပ်ကို ရောက်လာတာလို့ သိရပါတယ်။

Public Service Announcement
“သူ့မိသားစုဆီပြန်ဖို့ ထွက်ပြေးလာတာ။ငါးရက်ကြာ အငတ်ငတ်အပြတ်ပြတ်နဲ့ သူသိနိုင်တယ်လို့ထင်တဲ့ PDF စခန်းတွေဆီလာခဲ့တာ။အဆက် အသွယ်မရှိဘဲ ငါးရက်လုံးလုံးကြိုးစားပြီလာခဲ့တာ”လို့ YRA တာဝန်ရှိသူက ထွက်ပြေးလာသူရဲ့ဖြစ်စဥ်ကို ပြောပါတယ်။
MA 1 သေနတ်နဲ့အတူ ကျည်ဘောက်သုံးခု ၊ ကျည် ၇၀ ယူဆောင်လာခဲ့တယ်လို့ အသိပေးပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီကလည်း ထီးလင်းမြို့ကို ရောက်လာတဲ့ တပ်မ(၉၉)စစ်ကြောင်းက တပ်သားတစ်ဦး လက်နက်တွေနဲ့အတူ YRA ဆီ ဘက်ပြောင်းထားပါတယ်။
၂၀၂၅ ဇန်နဝါရီကနေ အခုနှစ် ဖေဖော်ဝါရီဒုတိယပတ်အထိ စစ်တပ်ဘက်က ဘက်ပြောင်းခိုလှုံတာနဲ့ လက်နက်ချ စစ်သုံ့ပန်း ၂၉၀၀ ကျော်ရှိတယ်လို့ ပြည်သူ့ပန်းတိုင်အဖွဲ့က ထုတ်ပြန်ထားပါတယ်။


















































