ဧပြီ-၂၉၊၂၀၂၆။မိုမို/People’s Spring
ပခုက္ကူမြို့အခြေစိုက် တပ်မ(၁၀၁)က တပ်သား ငါးဦးဟာ ကားနဲ့ လက်နက်တွေယူလာပြီး အလင်းဝင်လာတယ်လို့ ပခုက္ကူခရိုင် အမှတ်(၈)တပ်ရင်းက ဒီကနေ့ ဧပြီ ၂၉ရက်မှာ ထုတ်ပြန်ပါတယ်။
တပ်မ(၁၀၁)က တပ်သား ၅ဦးဟာ Crown ကားတစ်စီး ၊ MA1တစ်လက် ၊ MA2 တစ်လက် ၊ MA3 ၂လက် ၊ MA4 ၁လက် ၊ ၅.၅၆ ကျည် ၈၁၆တောင့် ၊ MA ကျည်ဘောက် ၂၄ ဘောက်နဲ့ အခြားပစ္စည်းတွေ ယူလာပြီး ဧပြီ ၁၄ရက်က အလင်းဝင်လာတာလို့ ဆိုပါတယ်။

အလင်းဝင်လာသူတွေနဲ့ပတ်သက်လို့ အသေးစိတ်အခြေအနေကို ပြန်လည်ဖြေကြားပေးမယ်လို့ ပခုက္ကူခရိုင် အမှတ်(၈)တပ်ရင်း တာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement
ပခုက္ကူခရိုင် အမှတ်(၈)တပ်ရင်းဟာ ပခုက္ကူ -မြစ်ခြေ ကို အခြေပြုပြီး ဒေသတွင်း စစ်တပ်အခြေစိုက်တပ်စခန်းတွေကို တိုက်ခိုက်နေပါတယ်။
မကွေးတိုင်းစစ်ရေးအချက်အလက်တွေအရ အခုနှစ် မတ်လဆန်းကစပြီး ပခုက္ကူမြို့အခြေစိုက် တပ်မ ၁၀၁ နဲ့ လက်အောက်ခံတပ်ရင်းတွေ ကို ဆိပ်ဖြူမြို့နဲ မိတ္ထီလာမြို့ဘက်ကနေ စစ်မှုထမ်းတပ်သားတွေကို စစ်တပ်က အင်အားဖြည့်နေပါတယ်။

ဧပြီ တတိယပတ်အတွင်း စစ်တပ်က အလင်းဝင်လာတဲ့သူ ၁၆ ဦးနဲ့ စစ်သုံ့ပန်း ၁၄ ဦးရှိတယ်လို့ စစ်တပ်ထံက အလင်းဝင်လာသူတွေကို ကူညီပေးနေတဲ့ ပြည်သူ့ပန်းတိုင်က ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ၂၀၂၅ကနေ ၂၀၂၆ ဧပြီတတိယပတ်အထိ စစ်တပ်ဘက်က အလင်းဝင်ပူးပေါင်းတာနဲ့လက်နက်ချတဲ့စစ်သုံ့ပန်း စုစုပေါင်း ၃ထောင်ကျော်ရှိတယ်လို့ အသိပေးပါတယ်။
တဖက်မှာလည်း စစ်သားသစ်စုဆောင်းမှုတွေကို စစ်တပ်က ဆက်လက်လုပ်ဆောင်နေဆဲ ဖြစ်ပြီး ဒေသအနှံ့က လူငယ်တွေနဲ့အမျိုးသားတွေဟာ အချိန်မရွေးပေါ်တာဆွဲ ဖမ်းဆီးခံနေရပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတဝန်းတိုက်ပွဲတွေကြောင့် စစ်တပ်အင်အားပြုန်းတီးမှုကို ဖာထေးနိုင်ဖို့နဲ့ လူငယ်တွေ နဲ့ တော်လှန်ရေးကဏ္ဍကို ဖြတ်တောက်နိုင်ဖို့အတွက် စစ်တပ်က ၂၀၂၄မှာ စစ်မှုထမ်းဥပဒေကို ပြဌာန်းခဲ့ပြီး အပတ်စဥ်တစ်ခုကို လူငါးထောင်နှုန်းနဲ့စုဆောင်ကာ လက်ရှိမှာ အပတ်စဥ်(၂၄) စတင်နေပြီလို့ သိရပါတယ်။

















































