မတ်လ-၂၊၂၀၂၆။ သုည/People’s Spring
မတရားစစ်အာဏာသိမ်းခံထားရတဲ့ ၅ နှစ်တာကာလ မြန်မာနိုင်ငံရဲ့ ပကတိအခြေအနေနဲ့ စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီစနစ်အသွင်ကူးပြောင်းနိုင်ရေး မြန်မာ့အရေးကြားနာပွဲကို ဒီကနေ့ (မတ်လ ၂) မှာ ဂျပန်အထက်လွှတ်တော်အမတ်များရုံးမှာ ပြုလုပ်ခဲ့ပါတယ်။
ပါတီစုံပါဝင်သောမြန်မာ့ဒီမိုကရေစီရေးကိ အားပေးထောက်ခံသော လွှတ်တော်အမတ်များသမဂ္ဂမှ ဥက္ကဌ Mr. Kondo Shoichi နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ် ဦးစောဘလှသိန်းမှ အဖွင့်နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပါတယ်။
အဆိုပါကြားနာပွဲမှာ အမျိုးသားညီညွတ်ရေးအစိုးရ၊နိုင်ငံခြားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင် Online မှတဆင့် တက်ရောက် ဆွေးနွေးခဲ့ပါတယ်။မြန်မာပြည်တွင်းရှိ ပကတိအခြေအနေတွေကို ပေါ်လွင်စေတဲ့ မှတ်တမ်း Video အချို့အား ပြသခဲ့သလို ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်၊ ကရင်နီတိုင်းရင်းသားခေါင်းဆောင် ခွန်ဘီထူးတို့မှလည်း Video message မှတဆင့် မြန်မာ့နွေဦးတော်လှန်ရေးကြိုးပမ်းဆောင်ရွက်နေတဲ့အခြေအနေတွေကိုရှင်းပြကာနိုင်ငံတကာအသိုင်းအဝိုင်းသို့ သတင်းစကားပေးပို့ခဲ့ကြပါတယ်။

Public Service Announcement
“ အမှန်တော့နှစ်စဉ် ၂ လပိုင်း ၁ ရက်နေ့တိုင်းလုပ်လေ့ရှိတာပါ၊အခုနှစ်က ဂျပန်အစိုးရအပြောင်းအလဲနဲ့ လွှတ်တော်ကို ဖျက်ပြီးရွေးကောက်ပွဲလုပ်တဲ့ အချိန်နဲ့ တိုက်သွားလို့ နောက်ကျသွားတာ” လို့ ပွဲကိုတက်ရောက်ခဲ့သူတစ်ဦးကပြောပါတယ်။
အခုလိုမြန်မာ့အရေးကြားနားပွဲကို အရင်နှစ်တွေက စစ်တပ်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက်နှစ်ပါတ်လည်နေ့တွေအပြင် NUG ဝန်ကြီးတွေဂျပန်နိုင်ငံလာရောက်ချိန်မှာလည်းပြုလုပ်လေ့ရှိပြီး ကြားနားပွဲ ၁၀ ကြိမ်လောက်လုပ်ဖူးတယ်လို့သိရပါတယ် ။
ယခုတကြိမ်ပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ ဂျပန်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ်တွေ၊ ပါတီစုံပါဝင်တဲ့ မြန်မာ့ဒီမိုကရေစီအရေးထောက်ခံအားပေးသော လွှတ်တော်အမတ်တွေ၊ အမေရိကန်၊မလေးရှား အစရှိသော နိုင်ငံတကာသံရုံးမှတာဝန်ရှိသူတွေ၊ ဂျပန်အလုပ်သမားအဖွဲ့အစည်းခေါင်းဆောင်တွေ၊သတင်းမီဒီယာတွေနဲ့ မြန်မာ့အရေးအစဉ်တစိုက်ကူညီပေးနေတဲ့ ဂျပန်လူမျိုးတွေလည်း တက်ရောက်ခဲ့ပါတယ်။
အဆိုပါပွဲကို တက်ရောက်သူ ၁၂၀ လောက်ရှိတယ်လို့သိရပါတယ် ။
“ ဂျပန်လူမျိုးတွေရော မီဒီယာတွေရော စိတ်ဝင်တစားတက်ရောက်နားထောင်ကြတဲ့အတွက်အထိုက်အလျောက်တော့ကျေနပ်အားရပါတယ်” လို့ မြန်မာအရေးကြားနာပွဲတက်ရောက်ခဲ့သူတဦးကပြောပါတယ်။


























































