မတ်-၉၊ ၂၀၂၆။ အိမ်သွင်၊ ထားမြတ်/People’s Spring
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်မှာ ကိုးကန့်တပ်မတော်(MNDAA)နဲ့ တအာင်းတပ်မတော်(TNLA)တို့ နှစ်ဖက် စစ်ရေးစုဖွဲ့မှုတွေ ဆက်ရှိနေကြောင်း ဒေသခံနဲ့ ဒေသစစ်ရေး သတင်းရင်းမြစ်အချို့က ပြောပါတယ်။
ဖေဖော်ဝါရီ ၁၃ရက်က ကွတ်ခိုင်မြိုမှာ MNDAA က CCTV တပ်ဆင်တဲ့ကိစ္စနဲ့ပတ်သက်ပြီး MNDAA တပ်ဖွဲဝင်တွေကို TNLAက စီးနင်းဖမ်းဆီးမှု စတင်ခဲ့ရာမှဒေသတွင်းမှာ နှစ်ဖက်တပ်တွေ အပြန်အလှန် ဖမ်းဆီးမှုတွေ ရှိခဲ့ပါတယ်။ ဒါ့အပြင် လက်ရှိ ကွတ်ခိုင်မြို့တွင်းမှာ TNLAတပ်အင်အားအများအပြား ချထားပြီး MNDAAက မြို့အပြင်မှာ အင်အားအလုံးအရင်း ဝိုင်းထားတဲ့ အနေအထားဟု ဒေသသတင်းရင်းမြစ်တွေက ပြောပါတယ်။

” အခုက ပြဿနာကတော့ TNLAကတော့ ကွတ်ခိုင်မြို့ထဲမှာ အင်အား ၄၀၀၊ ၅၀၀ လောက် မြို့ထဲမှာ နေရာယူထားတာ။ MNDAAက တော့ အပြင်ဘက်ကနေ ကွတ်ခိုင်မြို့ကို ၀ိုင်းထားတာပေါ့။ကြားရသလောက်ဆို လမ်းထဲမှာ ကိုးကန့်တွေက စစ်တယ်။ စစ်ပြီးမှ ပလောင်ဆိုရင် ကွတ်ခိုင်ကို ပေးမဝင်ဘူး။ ဥပမာ အခြားသော တိုင်းရင်းသားတွေဆိုရင် ဝင်ခွင့်ပေးတာပေါ့ အဲဒီလောက်ထိတောင် ဖြစ်နေတယ်လို့ သတင်းရတယ်။ အခု အပြင်မှာ ဝိုင်းထားတဲ့ MNDAA အင်အားက ၁၀၀၀ လောက်ရှိတယ်လို့ ပြောကြတာပေါ့” လို့ ဒေသစစ်ရေးသတင်းရင်းမြစ် တစါဦးက ပြောပါတယ်။

Public Service Announcement
ဒေသခံ တစ်ဦးကလည်း “လက်ရှိနောက်ဆုံး အခြေအနေမှာ ကိုးကန့်တွေက မြို့ပတ်ပတ်ချာလည်မှာ ပိတ်ထားတယ်။ TNLAကလည်း အင်အားအများရှိတယ်”လို့ ပြောပါတယ်။
ကိုးကန့်တပ်နဲ့ တအာင်းတပ်အကြား ပြဿနာ ညှိနှိုင်းလို့မရသေးတဲ့ အခြေအနေမှာ ပိတ်ဆို့ကန့်သတ်မှုတွေကြောင့် ဒေသခံလူထုတွေ လည်း အခက်အခဲများစွာ ကြုံရတယ်လို့ ဒေသ သတင်းရင်းမြစ်က ပြောပါတယ်။
” ဒီလောက်လူတွေခက်ခဲနေတဲ့အချိန်မှာ သူတို့မို့လို့ ဒီလိုမျိုးတွေလုပ်နေရက်တယ်”လို့ ဒေသခံက TNLAနဲ့ MNDAA တို့ မဟာမိတ်အချင်းချင်း ရန်စောင်နေတဲ့ အခြေအနေကြောင့် စစ်ရေးပဋိပက္ခတွေ ဖြစ်လာနိုင်တဲ့ အလားအလာအပေါ် စိုးရိမ်မှုရှိကြောင်း ပြောပါတယ်။
TNLAနဲ့ MNDAA တို့ဟာ ကွတ်ခိုင်မြို့မှာ ဖြစ်ခဲ့တဲ့ ပြဿနာ ဖြေရှင်းနိုင်ရေးဆွေးနွေးမှုအချို့ လုပ်ခဲ့ကြောင်း ဒေသသတင်းရင်းမြစ်အချို့က ပြောထားပါတယ်။
ကိုးကန့်နဲ့ တအာင်းတပ် နှစ်ဖွဲ့စလုံး ပါဝင်တဲ့ ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ(FPNCC)ရဲ့ ဦးဆောင်အဖွဲ့ ၀တပ်ဖွဲ့(UWSA)က ပြဿနာ မပြေလည်သေးတဲ့ အခြေအနေမှာ နှစ်ဖက် ကျည် မပေါက်ဖို့ ပြောဆိုထားတယ်လို့ သိရကြောင်းလည်း ဒေသသတင်းရင်းမြစ်က ပြောပါတယ်။
” သူတို့က မဟာမိတ်သာပြောတာ ဒီကောင်တွေက စကားကသာ မဟာမိတ်ပြောတာ တကယ် အတွင်းအထဲမှာ ဒီကောင်တွေမဟာမိတ်မဟုတ်ဘူး။ ကိုယ့်ရရင် ရသလို အခွင့်အရေးယူတက်တဲ့ အဖွဲ့တွေ”လို့လည်း သတင်းရင်းမြစ်က ကိုးကန့် နဲ့ တအာင်းအကြား ပြဿနာ ပိုကြီးမားလာနိုင်ကြောင်း သုံးသပ်ပါတယ်။
ကွတ်ခိုင်ပြဿနာနဲ့ပတ်သက်ပြီး နှစ်ဖက်က တရားဝင် ထုတ်ပြန်ထားတာမရှိပေမယ့် TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးကတော့ မဟာမိတ်အချင်းချင်း အကြား ပြဿနာကို နိုင်ငံရေးနည်းအရ ဆွေးနွေးဖြေရှင်းသွားမယ်လို့ ဖေဖော်ဝါရီ ၁၆ရက်က ပြောပြထားပါတယ်။
လက်ရှိအခြေအနေတွေကို မေးမြန်းဖို့လည်း လွေးယေဦးထံ ဆက်သွယ်ထားပြီး အဆက်အသွယ်မရသေးပါဘူး။ ကိုးကန့်တပ်ကတော့ သူတို့ အသိပေးလိုတဲ့ သတင်းအခက်အလက်ကို အဖွဲ့ သတင်းပြန်ကြားရေးဌာနက ဖော်ပြလေ့ရှိပြီး တာဝန်ရှိသူတွေက မီဒီယာတွေမှာ ပြောဆိုတာမျိုး မလုပ်တာကာလအတော်ကြာပြီဖြစ်ပါတယ်။


















































