■ဗုံးဆက်တိုက်ကြဲနေချိန် စစ်သုံ့ပန်းတွေကို AAကယ်ထုတ်
မတ်-၁၂၊၂၀၂၆။ဇော်ရမ်း/People’s Spring
အမ်းမြို့နယ်ရှိ အာရက္ခတပ်တော်(AA)ရဲ့အကျဉ်းစခန်းကို စစ်ကောင်စီဗုံးကြဲမှုမှာ စစ်သုံ့ပန်းဗိုလ်မှူးချုပ်မြင့်ရွှေအပါအဝင် အရာရှိအများအပြားသေဆုံးခဲ့ပြီး စစ်တပ်အသိုင်းအဝိုင်းမှာ အကြီးအကျယ်ဂယက်ရိုက်နေတယ်လို့ စုံစမ်းသိရှိရပါတယ်။
စစ်တပ်က မတ် ၈ ရက်နေ့မှာ သုံးနာရီခွဲခန့်ကြာဗုံးကျဲမှုကြောင့် ဗိုလ်မှူးချုပ်မြင့်ရွှေ၊ ဗိုလ်မှူးတွေ နဲ့စစ်ဆေးဆရာဝန်များ သေဆုံးသွားတယ်လို့ စစ်သုံ့ပန်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ဒုတိုင်းမှူး ဗိုလ်မှူးချုပ်သောင်းထွန်းက ရခိုင်ဒေသအခြေစိုက် သတင်းမီဒီယာများကိုပြောကြားခဲ့ပါတယ်။

Public Service Announcement
အမ်းမြို့နယ်၊ ဒါးလက်ချောင်းဒေသမှာရှိတဲ့ စစ်သုံ့ပန်း အကျဉ်းစခန်းကို မတ်လ ၈ ရက်နေ့ နံနက် ၁၁ နာရီ ၂ မိနစ်ကနေ မွန်းလွဲ ၂ နာရီ ၂၈ မိနစ်အချိန်အထိ ဂျက်ဖိုက်တာ လေး စီး ၊ Y-12လေးစီးနဲ့ စစ်ကောင်စီက ဗုံးကြဲခဲ့လို့ အရာရှိကြီးတွေအပါအဝင် စစ်သုံ့ပန်း ၁၁၆ ဦး သေဆုံးခဲ့ပြီး ၃၂ ဦးဒဏ်ရာရခဲ့တယ်လို့ အာရက္ခတပ်တော်(AA)က ထုတ်ပြန်ထားပါတယ်။သေဆုံး၊ဒဏ်ရာရ စစ်သားတွေဟာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)ကဖြစ်တယ်လို့စုံစမ်းသိရပါတယ်။ AA က နပခ အပါအဝင် အမ်းမြို့ကို ၂၀၂၄ နှစ်ကုန်ပိုင်းမှာ သိမ်းပိုက်ထိန်းချုပ်ခဲ့တာပါ။
ဗုံးကြဲတိုက်ခိုက်မှုကို ကိုယ်တိုင်ကြုံခဲ့တဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ) ဒုတိုင်းမှူး ဗိုလ်မှူးချုပ် သောင်းထွန်းက စစ်ကောင်စီဟာ အကျဉ်းစခန်းကို ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတာဖြစ်ပြီး ဗိုလ်မှူးချုပ်မြင့်ရွှေအပါအဝင် အရာရှိတွေလည်း သေဆုံးခဲ့တယ်လို့ ဒေသအခြေစိုက်သတင်းဌာနတွေကို ပြောထားပါတယ်။
” ဗိုလ်မှူးချုပ် မြင့်ရွှေပါသွားတယ်။ ပြီးတော့ နောက် ဗိုလ်မှူးအဆင့်တွေ ပါသွားတယ်။ နောက် ကျနော်တို့ကို ထိန်း သိမ်းထားတဲ့အဆောင်တွေအနားမှာ ရှိတဲ့ ဆေးခန်းကနေပြီးတော့ ကျနော်တို့ရဲ့စစ်သည်တွေထဲက အရာရှိ ဆရာဝန်လေးတွေ ပါသွားတယ်” လို့ ဒုတိုင်းမှူး ဗိုလ်မှူးချုပ်သောင်းထွန်းက ဖြေထားတာပါ။
အခုဖြစ်ရပ်ဟာ စစ်ကောင်စီနဲ့ စစ်တပ်အသိုင်းအဝိုင်းမှာ ပွက်လောရိုက်နေတယ်လို့ နေပြည်တော် သတင်းရင်းမြစ်ကပြောပါတယ်။တပ်မိသားစုဝင်တွေဟာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ဒေါသထွက်နေကြပြီး တပ်ရင်းမှူးတွေကအခြေအနေကိုတင်းတင်းကြပ်ကြပ်ကိုင်တွယ်နေရတယ်လို့ ဆိုပါတယ်။
“သူတို့အပေါ်ပိုင်းလူတစ်စုကောင်းစားဖို့ ကျန်တဲ့သူတွေရင်းနေကြရတယ်ဆိုတဲ့ စဉ်းစားချက်တွေ အရင်ကတည်းကရှိတယ်။ အခုက ပိုဆိုးသွားတာပေါ့။တပ်ရင်းတွေထဲကနေ ပြင်ပကိုထွက်ဖို့တောင် ခွင့်မပေးတော့ဘူး။ဘယ်သူတွေသေကုန်လဲဆိုတာလည်း တိတိကျကျမသိရသေးဘူးဖြစ်နေတော့ အရူးတပိုင်းဖြစ်ကုန်တာ”လို့ စစ်ကောင်စီအသိုင်းအဝိုင်းထဲမှာရှိတဲ့ နေပြည်တော်သတင်းရင်းမြစ်က ပြောပါတယ်။
စစ်တပ်ဝါဒဖြန့်ချိရေးလူမှုကွန်ရက်စာမျက်နှာတွေမှာတော့ တောမီးလောင်တာကနေ အချုပ်ဆောင်တွေကို မီးကူးပြီး သေဆုံးကုန်တဲ့ပုံစံ ပြောနေကြပါတယ်။ AAမှာ တာဝန်ရှိတယ်လို့လည်း ဆက်တိုက်ရေးတင်နေပြီး စစ်တပ်ကျူးလွန်ခြင်းမဟုတ်ကြောင်း သတင်းမှားတွေဖြန့်ချီနေကြပါတယ်။
ဗိုလ်မှူးချုပ်သောင်းထွန်းကတော့ စစ်ကောင်စီဟာလေကြောင်းတိုက်ခိုက်မှု မလုပ်ခင်ကတည်းက လေယာဉ်တွေနဲ့ ကင်းထောက်ခဲ့သလို အကျဉ်းစခန်းဟာ အဆောက်အဦးတွေ စနစ်တကျ တည်ဆောက်ထားပြီး တူညီဝတ်စုံ ဝတ်ဆင်ထားတဲ့ အကျဉ်းသားတွေမှန်း သိလျက် ဗုံးကြဲသွားတာလို့ ရှင်းပြထားပါတယ်။
“ကျနော်ကတော့ အနီးကပ်ရှိနေတဲ့အတွက်ကြောင့် အာရက္ခတပ်တော်အနေနဲ့ ကျနော့်ကို လုံလုံခြုံခြုံထားပေးထားပါတယ်။ကတုတ်ကျင်းတွေ ဘာတွေ တူးပြီးသေချာ ထားပေးထားတဲ့အတွက်ကြောင့်မို့လို့ ကျနော်ကတော့ ဒီဖြစ်စဉ်အားလုံးကို ကျနော်မြင်လိုက်တယ်။ ကျနော်နေရာနဲ့ အရမ်းလည်းနီးတဲ့အတွက်ကြောင့်မို့လို့ ပထမဆုံးအကျဉ်းထောင်တွေထဲမှာ ဗုံးတွေကျတယ်။ ကျတော့ ကျနော်နဲ့ လည်းအနီးကပ်ဆိုတော့ ချက်ချင်း မီးလောင်သွားတာကို တွေ့ရပါတယ်။ ဗုံးကြဲကြဲခြင်း အကျဉ်းထောင်တွေ မီးလောင်တာ။ အဓိကတော့ ထောင် ၄ ၊ ထောင် ၅ ၊ ထောင် ၆ ရယ်။ ကျနော်တို့ ဒီတပည့်တွေရဲ့ ထောင်တွေပေါ့။ အဲဒီမှာတော့ ချက်ချင်း ဗုံးကျတယ်။ ချက်ချင်းမီးလောင်တော့ သူတို့လည်း ထွက်ပြေးလွတ်မြောက်နိုင်စရာလည်းမရှိတော့ပါဘူး။မီးလောင်ပြီးသေဆုံးသွားတဲ့အခြေအနေဖြစ်ပါတယ်” ဟု ဗိုလ်မှူးချုပ်သောင်းထွန်းက ရုပ်သံကနေတဆင့် ပြောပြထားပါတယ်။
မတ်လ ၈ရက်နေ့က ဗုံးမကြဲမီ တစ်ပတ်ခန့်ကပင် စစ်ကောင်စီကလေကြောင်းမှကင်းထောက်နေခဲ့ပြီး အကျဉ်းစခန်းကို ပစ်မှတ်ထား ဗုံးကြဲခဲ့တယ်လို့ဆိုပါတယ်။
“သိသိကြီးနဲ့ ကြဲပစ်လိုက်တဲ့သဘော။ ရက်စက်တဲ့သဘောဖြစ်သွားတာပေါ့”လို့သူကသုံးသပ်ထားပါတယ်။။
ဗုံးကြဲချိန်မှာ AA တပ်ဖွဲ့ဝင်တွေက ထောင်တံခါး တွေကို ရိုက်ချိုးဖျက်ဆီးပြီး စစ်သုံ့ပန်းတွေကို ကယ်ထုတ်ခဲ့လို့ အားလုံးမသေဆုံးခဲ့တာလို့ ဗိုလ်မှူးချုပ်သောင်းထွန်းကဆက်ပြောထားပါတယ်။
“တပ်တော်က အရာရှိတစ်ဦးဆိုရင် မဖျက်ရင် မမီတော့ဘူး။ အကုန်ဖျက်။ ဖြစ်သမျှ ငါခံမယ်ဆိုပြီး သူပြောသွားတယ်။ဖျက်တယ်၊ ဖျက်ပြီးတော့ ရှိတဲ့သူတွေ အကုန်ဆွဲထုတ်တယ်။တော်သေးတယ်။ အဆိုးထဲက အကောင်းပဲ”လို့ ပြောထားပါတယ်။
ဗိုလ်မှူးချုပ်သောင်းထွန်းက စစ်တပ်ကိုလည်း ပြင်းပြင်းထန်ထန်ပြန်လည်ဝေဖန်ထားပါတယ်။
“စစ်သားဆိုတာကတော့နော် ပွင့်ပွင့်လင်းလင်းပြောရရင် သေနတ်နဲ့ ပစ်ကြ ခတ်ကြရင်းသေသွားတာက တော့ဒါမဆန်းပါဘူးလေ။ကျနော်တို့ ဖမ်းဆီးခံရတယ်။ ဖမ်းဆီးခံရတော့လည်း ကောင်းကောင်းမွန်မွန်ပဲ ထားတာပဲ။ ဒါသည် စစ်သားပီသတာပေါ့။ကျနော်အဲဒီတစ်ခုပဲပြောချင်တယ်။ စစ်သားပီပီသသ လုပ်ပေါ့” ဟု ပြောထားပါတယ်။
စစ်ရေးပစ်မှတ်မဟုတ်တဲ့နေရာကိုဗုံးကြဲမှုနဲ့ပတ်သက်ပြီး ၎င်းက”နည်းပညာခေတ်တွေ ဖြစ်နေတဲ့အတွက်ကြောင့်မို့လို့ ဒါကြည့်လိုက်ရင် သိသာတယ်။ Google ကကြည့်မလား၊ App က ကြည့်မလား၊ ကြည့်မယ်ဆိုရင်တော့ သူရဲ့ အဆောက်အဦး ဆောက်ထားတဲ့ ပုံစံက ထောင်ဆိုတာ သိသာပါတယ်။ သိသာတော့ ဒါမျိုးကတော့ မလုပ်သင့်ဘူးလို့ထင်တယ်။ လုပ်လည်း မလုပ်သင့်တဲ့လုပ်ရပ်လို့ ကျနော်ထင်တယ်”လို့ ဆိုထားပါတယ်။
AAက မြို့သိမ်းတိုက်ပွဲတွေမှာ ထောင်နဲ့ချီတဲ့စစ်သုံ့ပန်းတွေ ထိန်းသိမ်းထားပြီး အဲဒီထဲမှာ စစ်ကောင်စီထိပ်တန်းအရာရှိတွေလည်း ပါဝင်ပါတယ်။၂၀၂၄ ဖေဖော်ဝါရီလဆန်းပိုင်းက ကျောက်တော်၊ မြောက်ဦး၊မင်းပြားမြို့သိမ်းတိုက်ပွဲတွေမှာ အမှတ် (၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်း၊မောင်တောမြို့သိမ်း တိုက်ပွဲမှာ စကခ(၁၅) စကခမှူး ဗိုလ်မှူးချုပ်သူရိန်ထွန်း၊ အမ်းမြို့နဲ့အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)ကို သိမ်းယူတဲ့တိုက်ပွဲမှာ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်သောင်းထွန်းနဲဲ့တိုင်းဦးစီးချုပ်ဗိုလ်မှူးချုပ် ကျော်ကျော်သန်းတို့ကိုဖမ်းမိခဲ့ပါတယ်။ စစ်သုံ့ပန်းတွေရဲ့ မိသားစုဝင်တွေကိုလည်း စစ်တပ်ကပြန်လည်ဖမ်းဆီးထားတယ်လို့ သတင်းတွေထွက်ခဲ့ပါတယ်။
အမ်းမြို့သိမ်းတိုက်ပွဲမှာ ဖမ်းမိခဲ့တဲ့ စစ်သုံ့ပန်းတွေအနက်ဗိုလ်မှူးချုပ်သောင်းထွန်းက စစ်တပ်ကိုပြန်ပြီးဝေဖန်တဲ့ ဒုတိယမြောက်ထိပ်တန်းအရာရှိဖြစ်ပါတယ်။ စစ်ကောင်စီခေါင်းဆောင်တွေအနေနဲ့ အသိတရားရပြီး လက်နက်ချဖို့၊ အရပ်သား ပြည်သူတွေကို မသတ်ဖြတ်ဖို့ ဗိုလ်မှူးချုပ်ကျော်ကျော်သန်းကရုပ်သံကတစ်ဆင့်တိုက်တွန်းခဲ့ဖူးပါတယ်။


















































