မတ်-၁၆၊၂၀၂၆။ဇော်ရမ်း/People’s Spring
မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ်မှာ စစ်ကောင်စီတပ်ထိန်းချုပ်ထားတဲ့နေရာအထိ တော်လှန်ရေးတပ်ဖွဲ့တွေ သွားရောက်တိုက်ခိုက်ခဲ့တဲ့တိုက်ပွဲမှာ စစ်သား နှစ်ဦးသေဆုံးတယ်လို့ သတင်းရရှိပါတယ်။
ဆင်ပေါင်ဝဲမြို့နယ် ဆူးလေကုန်းရွာ ၊စိုင်းစုရွာနဲ့ ရှားတိုင်းကြီးကျေးရွာကြားက မီးရထားလမ်းဘေးမှာ အင်အား ၅၀ခန့်ရှိတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းကို တော်လှန်ရေးတပ်တွေက မတ်လ ၁၅ရက်မနက်မှာ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရသွားတယ်လို့ ဗမာပြည့်ကာကွယ်ရေးတပ် (USBA)က ဒီနေ့ မတ်လ ၁၆ရက် နေ့လည်ပိုင်းမှာ ထုတ်ပြန်ထားပါတယ်။

Public Service Announcement
သေဆုံးနဲ့ ဒဏ်ရာရသူတွေကို စစ်တပ်က ဆင်ပေါင်ဝဲမြို့ဘက်ကနေ ဧရာဝတီမြစ်ကြောင်းအတိုင်း စက်လှေနဲ့ လာရောက်သယ်ဆောင်သွားတယ်လို့ ဆိုပါတယ်။
တော်လှန်ရေးတပ်တွေ သွားရောက်တိုက်ခိုက်ခဲ့တဲ့နေရာဟာ စစ်အုပ်စု အပြည့်အဝထိမ်းချုပ်ထားခဲ့တဲ့ နေရာဖြစ်ပြီး ယခုလည်း တပ်စွဲဖို့လာတဲ့စစ်ကြောင်းကို သွားရောက်တိုက်ခိုက်ခဲ့တာလို့ USBAက သတင်းထုတ်ပြန်ထားပါတယ်။
ဆင်ပေါင်ဝဲမြို့ဟာ လက်တလော စစ်ရေးတင်းမာနေတဲ့ သရက်ခရိုင်ထဲက အထက်မင်းလှ၊ သရက်မြို့နယ်တွေနဲ့လည်းဆက်စပ်နေပါတယ်။အထက်မင်းလှမြို့နယ်မှ ကပစ (၂)၊ကပစ(၁၀)၊ ဆင်ပေါင်ဝဲမြို့နယ် ကပစ(၈)က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ပြင်ပထုတ်ပြီး စစ်ကြောင်းထိုးနေလို့ ဒေသခံတွေသတိပြုကြဖို့ တော်လှန်ရေးအင်အားစုတွေက သတိပေးထားပါတယ်။
သရက်ခရိုင်မှာ စစ်ကောင်စီတပ်စစ်ကြောင်းတွေရှိနေသလို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကလည်း စစ်ရေးအရှိန်မြှင့်တင်မှာမို့လို့ ဒေသခံပြည်သူတွေအနေနဲ့သတိပြုနေထိုင်ကြဖို့သရက်ခရိုင်အမှတ်-၄တပ်ရင်းက သတိပေးပါတယ်။
သရက်ခရိုင်၊မင်းတုန်းမြို့နယ်က အများပြည်သူ စုဝေးရာနေရာဖြစ်တဲ့ ကုန်ကားစခန်းနေရာကိုစစ်ကောင်စီက မတ်လ ၁ ရက်မှာ လေကြောင်းကနေ ဗုံးကြဲလို့ အရပ်သား ၂၀ကျော် သေဆုံးပြီး ၂၀ကျော် ဒဏ်ရာရခဲ့ပါတယ်။



















































