မတ်-၁၇၊ ၂၀၂၆။ သော်မွန်/People’s Spring
အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ လုပ်ကြံဖန်တီးထားတဲ့ သမ္မတရာထူးနဲ့ ဝတ်စုံပြောင်းလိုက်ရုံနဲ့ မြန်မာပြည်သူတွေနဲ့ နိုင်ငံတကာကို လှည့်စားနိုင်မှာမဟုတ်သလို သူကျူးလွန်ထားတဲ့ရာဇဝတ်မှုတွေကိုလည်း ချေဖျက်နိုင်မှာမဟုတ်ဘူးလို့ အထူးအကြံပေးကောင်စီ(SAC-M)က ထုတ်ပြန်ပါတယ်။
ဇန်နဝါရီမှာ ပြီးဆုံးခဲ့တဲ့ စစ်ကောင်စီရဲ့ အလိမ်အညာရွေးကောက်ပွဲတွေနောက်ပိုင်း ပထမဆုံးအကြိမ်အနေနဲ့ စစ်ဗိုလ်ချုပ်တွေ၊ စစ်တပ်လက်ဝေခံတွေဟာ မနေ့က(မတ်လ ၁၆ရက်) နေပြည်တော်မှာ တရားဝင်မှုမရှိတဲ့ လွှတ်တော်ကို ခေါ်ယူကျင်းပကာ အာဏာသိမ်းစစ်ဗိုလ်ချုပ်တွေက အရပ်ဝတ်လဲပြီး နောက်ထပ်အဆင့်တစ်ခုကို ကူးပြောင်းဝင်ရောက်ခဲ့တယ်လို့ ကုလသမဂ္ဂကျွမ်းကျင်ပညာရှင်တွေနဲ့ ဖွဲ့စည်းထားတဲ့ SAC-M က ဆိုပါတယ်။
“မင်းအောင်လှိုင်ဟာ သူ့ကိုယ်သူ သမ္မတအဖြစ် တင်မြှောက်ဖို့ ကိုယ်ကျိုးအတ္တတစ်ခုအတွက် အရပ်သားထောင်ပေါင်းများစွာကို သတ်ဖြတ်ခဲ့ပြီး တိုင်းပြည်ကို မီးလောင်တိုက်သွင်းကာ ဒေသတွင်း မတည်ငြိမ်အောင်လုပ်ဆောင်ခဲ့ပါတယ်”လို့ SAC-Mမှ မစ္စစ်ယန်ဟီးလီက ပြောပါတယ်။

Public Service Announcement
ဒါပေမဲ့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ တရားမျှတမှုအောက်မှာ သေချာပေါက် စီရင်ခံရလိမ့်မယ်လို့ မစ္စစ်ယန်ဟီးလီက ပြောပါတယ်။
လာမယ့်သီတင်းနှစ်ပတ်ကျော်အတွင်း မြန်မာစစ်တပ်ထိပ်ပိုင်းခေါင်းဆောင်တွေ ဒါဇင်နဲ့ချီပြီး စစ်ဝတ်စုံချွတ်ကာ အရပ်ဘက်ဝတ်စုံတွေကို ပြောင်းလဲဝတ်ဆင်လာကြလိမ့်မယ်လို့ SAC-M က ဖော်ပြပါတယ်။ ဒီဟန်ပြလုပ်ဆောင်မှုတွေက စစ်ရာဇဝတ်ကောင်အဖြစ် စွပ်စွဲခံရသူ မင်းအောင်လှိုင်ရဲ့ ညွှန်ကြားမှုတွေအတိုင်း ရုပ်သေးအစိုးရသစ်ပေါ်ထွက်လာချိန် ဧပြီအစောပိုင်းမှာ ပြီးဆုံးလိမ့်မယ်လို့ ဆိုပါတယ်။
အာဏာသိမ်းစစ်ကောင်စီဟာ သူ့ရဲ့အတုအယောင်ရွေးကောက်ပွဲတွေကတဆင့် နိုင်ငံတကာအလွယ်တကူလက်ခံလာမယ့် တရားဝင်လွှတ်တော်တရပ်ကို ခိုးကြောင်ခိုးဝှက်ဖွဲ့စည်းနိုင်လိမ့်မယ်လို့ မျှော်လင့်ထားမှုက စိတ်ကူးယဥ်မှုသက်သက်သာဖြစ်တယ်လို့ SAC-M မှ မစ္စတာမာဇူကီဒါရူစ်မန်က ပြောပါတယ်။
အာဆီယံရဲ့ ပြည်သူဗဟိုပြုမူဝါဒဟာ စစ်ကောင်စီရဲ့ ဟန်ပြလုပ်ဆောင်မှုအတိုင်းလိုက်ပါမယ်ဆိုရင် ပြန်လည်ပြင်ဆင်လို့မရအောင် ဖြစ်သွားလိမ့်မယ်လို့ မစ္စတာဒါရူစ်မန်က သတိပေးပါတယ်။ ဒါ့အပြင် မြန်မာစစ်တပ်ရဲ့ လုပ်ဆောင်မှုကို အသိအမှတ်ပြုမှုက အာဆီယံရဲ့ ဗဟိုချက်ခြာကျမှုကို ဆိုးရွားစွာ တိုက်စားခံရပြီး နောက်ဆုံးမှာ ဒေသတွင်း ကာလရှည်ကြာ၊ အရေးပါတဲ့ အဖွဲ့အစည်းအဖြစ်ကနေ လုံးဝအသုံးမဝင်တော့တဲ့ အခြေအနေကို ရောက်သွားနိုင်တယ်လို့ သူက ဆက်လက်သတိပေးပါတယ်။
SAC-M မှ ခရစ်ဆီဒိုတီကလည်း နိုင်ငံတွေအနေနဲ့ စစ်ကောင်စီရုပ်သေးအစိုးရကို ဗြောင်ကျကျ ငြင်းပယ်ရမှာဖြစ်သလို ထိတွေ့ဆက်ဆံမှုလည်း ငြင်းဆန်ရမယ်လို့ တိုက်တွန်းပါတယ်။
“မင်းအောင်လှိုင်အနေနဲ့ ဒီလို အသွင်ပြောင်းလိုက်ရုံနဲ့ လွတ်လမ်းရှိမယ်လို့ ထင်ရင် သူ လုံးဝ မှားပါလိမ့်မယ်”လို့ ခရစ်ဆီဒိုတီက ပြောပါတယ်။
ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ အစိုးရတွေအနေနဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေ၊ ကောင်စီတွေ၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်နယ်နဲ့ ဖက်ဒရယ်ယူနစ်တွေ၊ မဟာမိတ်တွေနဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေဆီ ဘဏ္ဍာရေး၊ ပစ္စည်းကိရိယာနဲ့ စွမ်းဆောင်ရည်မြှင့်တင်မှု အထောက်အပံ့တွေ တိုးမြှင့်ပေးကာ စစ်မှန်သော နိုင်ငံတော်တည်ဆောက်ရေး ကြိုးပမ်းမှုတွေကို ကူညီပေးဖို့ SAC-Mက တိုက်တွန်းထားပါတယ်။
ဒါ့အပြင် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီအစည်းအဝေး ကျင်းပနေချိန်မှာ စစ်ကောင်စီရဲ့ မဆင်မခြင် လေကြောင်းတိုက်ခိုက်မှုတွေကနေ အရပ်သားတွေကို အကာအကွယ်ပေးဖို့ အရေးပေါ် အရေးယူမှုတွေ လိုအပ်နေတယ်လို့ SAC-M က ထောက်ပြပါတယ်။
နိုင်ငံတကာအစိုးရတွေအနေနဲ့ မင်းအောင်လှိုင်နဲ့ အပေါင်းအပါတွေကို သူတို့ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအတွက် တာဝန်ခံခိုင်းဖို့ ကြိုးပမ်းအားထုတ်မှုတွေကို နှစ်ဆတိုး လုပ်ဆောင်ရမှာဖြစ်ပြီး မြန်မာစစ်တပ်က ဆယ်စုနှစ်ပေါင်းများစွာ အခွင့်ထူးခံဖြစ်နေတဲ့ ပြစ်ဒဏ်ခတ်ခြင်းမခံရတဲ့ ယဉ်ကျေးမှုကိုလည်း အဆုံးသတ်ရမှာဖြစ်တယ်လို့ SAC-M က တောင်းဆိုပါတယ်။


















































