မတ်-၂၄၊၂၀၂၆။ဒလပန်း/People’s Spring
ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ရေနီမြို့က Bago Young Clothing အထည်ချုပ်စက်ရုံမှာ လုပ်ကိုင်နေတဲ့ အလုပ်သမားတွေဟာ လူ့အခွင့်အရေး ချိုးဖောက်ခံနေရတယ်လို့ အဲဒီလုပ်သားတွေက ပြောပါတယ်။
Bago Young Clothing အထည်ချုပ်စက်ရုံမှာ ရုံ (၁)နဲ့ ရုံ (၂) ရှိပြီး ရုံ (၂)မှာလုပ်ကိုင်နေတဲ့ လုပ်သားတွေ လူ့အခွင့်အရေး ချိုးဖောက်ခံနေရတာလည်းဖြစ်ပါတယ်။
” ရုံ(၁) က စည်းကမ်းလည်းရှိတယ်။ ရုံ (၂) မှာက စက်လိုင်းထဲ အထည်အရေအတွက် တောင်းပြီး မပြည့်ရင် လက်မှတ်ထိုး ထွက် ဒီလိုလုပ်တာ။ ဘာနစ်နာကြေးမှာလည်းမပေးဘူး ဒီတိုင်းထွက်ပဲ။ အလုပ်သမားရေးရာဆိုပြီးထားတယ် ဘာမှပြောပိုင်ခွင့်မရှိဘူး။ ပိုဆိုးတာက စူပါအများစုကို လုပ်ပိုင်ခွင့်အပြည့်ပေးထားတာပဲ “လို့ စက်ရုံ လုပ်သားတစ်ဦးက ပြောပါတယ်။

Public Service Announcement
Bago Young Clothing အထည်ချုပ်စက်ရုံဟာ တရုတ်လုပ်ငန်းရှင်တွေပိုင်ဆိုင်တဲ့ လုပ်ငန်းလည်းဖြစ်ပါတယ်။
အရင်က လုပ်သားတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေမရှိဘဲ အာဏာသိမ်းပြီးနောက်ပိုင်းမှာ အခုလို ချိုးဖောက်မှုတွေ တဖြည်းဖြည်းလုပ်ဆောင်လာတာဖြစ်တယ်လို့ လုပ်သားတွေက ပြောပါတယ်။
” သူတို့ပိတ်ချင်သလိုပိတ်တယ်။ ပြီးရင် ရက်စားပြန်ဆင်းခိုင်းတယ်။ အချိန်ပို အတင်းဆင်းခိုင်းတာ မဆင်းရင်အလုပ်ဖြုတ်တာတွေလုပ်တယ်။ အလုပ်သမားတစ်ယောက်ကို အချိန်ပို ၁၀ ခွဲထိခေါ် ဘယ်လောက်ပဲ ခေါ်ခေါ် အသွားအလာ ကားစီစဥ်ပေးရမှာ ဒါပေမယ့် ကားမစီစဥ်ပေးဘူး။အဲ့တာတွေကိုတိုင်တယ် အလကားပဲ “လို့ စက်ရုံ လုပ်သားတစ်ဦးက ပြောပါတယ်။
Bago Young Clothing အထည်ချုပ်စက်ရုံဟာ မြို့လှ နဲ့ ရေနီကြား ရန်ကုန် – မန္တလေးလမ်းဟောင်းဘေးမှာရှိပြီး အရင် ရေနီစက္ကူစက်ဧရိယာအတွင်းမှာ တည်ဆောက်ထားတာလည်းဖြစ်ပါတယ်။


















































