Connect with us

Hi, what are you looking for?

သတင်း

ရွှေဘိုထောင်မှာ နိုင်ငံရေးအကျဥ်းသူတွေအ​ပေါ် ​ထောင်ဝန်ထမ်း​တွေလူ့အခွင့်အရေးချိုးဖောက်မှုဆိုးရွားနေ

ရွှေဘိုအကျဉ်းထောင်မှာ စစ်ကောင်စီထောင်ဝန်ထမ်းတွေက နိုင်ငံရေးအကျဉ်းသူတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆိုးရွားစွာခံစားနေရကြောင်း နိုင်ငံရေးအကျဉ်းသူများအဖွဲ့ (WOPP)က မတ်လ ၂၃ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

၂၀၁၉က ထောင်ဆူပူမှုဖြစ်ပွားခဲ့တဲ့ ရွှေဘိုအကျဉ်းထောင်မှာ လုံခြုံရေးယူနေတဲ့ ထောင်ဝန်ထမ်းတစ်ဦးကို တွေ့ရစဉ်။ ဓာတ်ပုံ - CJ

မတ်-၂၄၊၂၀၂၆။ဟာနာဆန်/People’s Spring

ရွှေဘိုအကျဉ်းထောင်မှာ စစ်ကောင်စီထောင်ဝန်ထမ်းတွေက နိုင်ငံရေးအကျဉ်းသူတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆိုးရွားစွာခံစားနေရကြောင်း နိုင်ငံရေးအကျဉ်းသူများအဖွဲ့ (WOPP)က မတ်လ ၂၃ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

​ရွှေဘိုအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသူတွေ ကြုံတွေ့နေရတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး နိုင်ငံရေးအကျဉ်းသူများအဖွဲ့(Women’s Organization of Political Prisoners – WOPP)က မတ်လ ၂၃ ရက်မှာ ထုတ်ပြန်ခဲ့တာပါ။

Public Service Announcement

Public Service Announcement

​စစ်ကိုင်းတိုင်း၊ ရွှေဘိုအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသူတွေ ကြုံတွေ့နေရတဲ့ အခြေအနေတွေဟာ စိုးရိမ်ဖွယ်ရာ လူ့အခွင့်အရေးချိုးဖောက်မှုများ၊ ဖိနှိပ်မှုများနဲ့ အာဏာအလွဲသုံးစားမှုများ စဉ်ဆက်မပြတ် ဖြစ်ပွားနေတယ်လို့ WOPPက ထုတ်ပြန်ပါတယ်။

အကျဉ်းသူတွေရဲ့ အခြေခံလူ့အခွင့်အရေးတွေကို ထိခိုက်စေတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး WOPPက အချက် ၃ ချက်နဲ့ ထောက်ပြပါတယ်။

ပထမအချက်မှာ အစားအသောက်နဲ့ သောက်သုံးရေအခြေအနေဖြစ်ပါတယ်။

​အကျဉ်းသူတွေကို ပေးဝေတဲ့ အစားအသောက်တွေဟာ အရည်အသွေးညံ့ဖျင်းပြီး လုံလောက်မှုမရှိတဲ့အပြင် အသားပေးရမယ့်ရက်မှာ ကြက်ဥတစ်လုံးပဲပေးတာ၊ ကျန်ရက်တွေမှာ ပဲဟင်း၊ အရွက်ဟင်းရည်တွေသာပေးလို့ အာဟာရမလုံလောက်မှုတွေ ကြုံတွေ့နေရတယ်လို့ WOPP က ဆိုပါတယ်။

ဒါ့အပြင် အကျဉ်းသူတွေအတွက် ထမင်းဝေရာမှာ ထောင်ဝန်ထမ်းတွေ မွေးထားတဲ့ တိရစ္ဆာန်တွေကို ကျွေးဖို့ အရင်ဦးစားပေးဖယ်ပြီးမှ အကျဉ်းသူတွေကို ပေးဝေတဲ့အပြင် ထမင်းမလုံလောက်လို့ ထပ်တောင်းရင်လည်း ဆဲဆို​ကြိမ်းမောင်းတယ်လို့ WOPPက အသိပေးပါတယ်။

​သောက်သုံးရေကလည်း အရည်အသွေးမကောင်းတဲ့အပြင် လုံလောက်မှုမရှိတာကြောင့် ကျောက်ကပ်နဲ့ ဆက်စပ်တဲ့ ရောဂါတွေ ဖြစ်ပွားနေပြီး အကျဉ်းထောင်အတွင်း သောက်ရေသန့် လှူလိုသူတွေ ရှိတာတောင် ခွင့်မပြုဘဲ အကျဉ်းထောင်ဝန်ထမ်းတွေက ရေသန့်ဘူးတွေကို ဈေးကြီးယူကာ

ရောင်းချနေတယ်လို့ WOPPက ဆိုပါတယ်။

ဒုတိယအချက်ဖြစ်တဲ့ နေထိုင်ရေးနဲ့ ကျန်းမာရေးဆိုင်ရာ အခြေအနေတွေမှာလည်း ရွှေဘိုအကျဉ်းထောင်အတွင်း နေထိုင်မှုနဲ့ အခြေခံသန့်ရှင်းရေးဆိုင်ရာ အခြေအနေတွေ မလုံလောက်တဲ့အပြင် အဝတ်အစားလှန်းဖို့ နေရာမလောက်လို့ မြေပြင်ပေါ်မှာ လှန်းရတဲ့အတွက် အရေပြားရောဂါတွေ ဖြစ်နေတယ်လို့ သိရပါတယ်။

ဒါ့အပြင် နေအိမ်တွေက ပို့ဆောင်လာတဲ့ တကိုယ်ရေသုံးပစ္စည်းတွေ၊ အဝတ်အထည်တွေကို သိမ်းဆည်းတာ၊ အကျဉ်းထောင်ဝန်ထမ်းတွေက အသုံးပြုတာတွေ ရှိတဲ့အပြင် အကျဉ်းသူတွေအတွက် လုံလောက်တဲ့ထောက်ပံ့အဝတ်အစားနဲ့ အသုံးအဆောင်တွေ ထုတ်မပေးတာကြောင့် မလုံလောက်တာတွေ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

​အကျဉ်းထောင်အတွင်း အသုံးပြုတဲ့ ရေစက်တွေ၊ လျှပ်စစ်ပစ္စည်းတွေ၊ သန့်ရှင်းရေးသုံးပစ္စည်းတွေကိုလည်း အကျဥ်းသူတွေဆီက ငွေကောက်ပြီး ဝယ်ယူနေကြောင်း WOPPက အသိပေးပါတယ်။

တတိယအချက်ကတော့ အကျဥ်းထောင်ဝန်ထမ်းတွေရဲ့ အာဏာအလွဲသုံးစားမှုနဲ့ အကျဉ်းသူတွေကို

ဖိနှိပ်ဆက်ဆံမှုပါ။ အကျဉ်းသူတွေကို မနက်ပိုင်းထိုင်ခိုင်းပြီး အချိန်အကြာကြီး နေပူလှန်းတာ၊ ဆဲဆိုစော်ကားတာ၊ ထောင်ဝန်ထမ်းတွေရဲ့ ကလေးတွေကိုထိန်းခိုင်းတာ၊ အဝတ်အစားတွေလျှော်ခိုင်းတာ စတဲ့ခိုင်းစေမှုတွေလည်း ရှိနေတယ်လို့ WOPPက ဆိုပါတယ်။

ဒါ့အပြင် နေမကောင်းတဲ့ အကျဉ်းသူတွေကို ဆေးကုသမှုနဲ့ အကူအညီတွေ ပေးဖို့ တောင်းဆိုပါက ဆဲဆိုစော်ကားတာတွေ ပြုလုပ်တယ်လို့ သိရပါတယ်။

နောက်ဆုံးတစ်ချက်ကတော့ လာဘ်ပေးလာဘ်ယူမှုပါ။ ရွှေဘိုအကျဉ်းထောင်မှာ အကျဉ်းသူတွေကို ပေါ့ပါးတဲ့ အလုပ်လိုင်းရဖို့၊ တိုက်မှ အဆောင်သို့ပြောင်းဖို့၊ အိပ်ရာနေရာပြောင်းဖို့နဲ့ ထောင်ဝင်စာတွေ့ဆုံတာတွေအတွက် ငွေတောင်းနေတဲ့အပြင် ဧည့်တွေ့ထောင်ဝင်စာတွေ့ရင်လည်း အကျဉ်းထောင်အာဏာပိုင်တွေဆီ ငွေကြေးနဲ့ လက်ဆောင်ပစ္စည်းတွေ ပေးမှသာ တွေ့လို့ရကြောင်း၊ ဒါ့အပြင် အကျဉ်းသူတွေ လွတ်ရက်ကိစ္စမှာလည်း ငွေကြေးယူပြီး လွတ်ရက်လျှော့ပေးတာတွေ ရှိနေတယ်လို့ WOPPက ထုတ်ပြန်ပါတယ်။

“ဒီလိုသာဆက်သွားမယ်ဆိုရင် နိုင်ငံရေးအကျဉ်းသူတွေ အလုံးစုံမလွတ်မြောက်သရွေ့ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ပိုမိုထိခိုက်မှုတွေပဲ ရှိလာနိုင်ပါတယ်။ အခုလိုဖိနှိပ်မှုတွေ ဆက်ဖြစ်နေမယ်ဆိုရင် အချိန်တိုအတွင်း ထိန်းချုပ်နိုင်တယ်လို့ထင်ရပေမယ့် ရေရှည်ဆိုရင် အကျဉ်းထောင်အတွင်း မတည်ငြိမ်မှု၊ ပဋိပက္ခတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ ဒီလိုဖိနှိပ်မှုတွေကို တာဝန်ရှိသူတွေအနေနဲ့ အမြန်ဆုံးဖြေရှင်းပေးနိုင်ဖို့လိုပါတယ်။ လက်ရှိမှာ နိုင်ငံရေးအကျဉ်းသူ/သားတွေကို ဖမ်းဆီးအကျဉ်းချထားခြင်းအပြင် ဖိနှိပ်မှုအမျိုးမျိုးပြုလုပ်နေခြင်းက အခြေခံလူ့အခွင့်အရေးချိုးဖောက်မှုဖြစ်ပါတယ်။”လို့ WOPP ရဲ့ပြန်ကြားရေးတာဝန်ခံ မဆုမြတ်က ပြောပါတယ်။

အဲဒီအခြေအနေတွေဟာ နိုင်ငံရေးအကျဉ်းသူတွေရဲ့ အခြေခံလူ့အခွင့်အရေးတွေကို ပြင်းထန်စွာ ချိုးဖောက်နေတဲ့ လုပ်ရပ်တွေဖြစ်ကြောင်း၊ ဒါ့ကြောင့် သက်ဆိုင်ရာ အာဏာပိုင်က အကျဉ်းထောင်အတွင်း ဖြစ်ပွားနေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အမြန်ဆုံး စုံစမ်းစစ်ဆေးပြီး တာဝန်ရှိသူတွေကို အရေးယူဆောင်ရွက်ဖို့၊ အကျဉ်းသူတွေရဲ့ လူ့အခွင့်အရေး၊ ကျန်းမာရေးနဲ့ လူ့ဂုဏ်သိက္ခာကို ကာကွယ်ပေးနိုင်ဖို့ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူတွေ၊ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက အကျဉ်းထောင်အရေးကိစ္စတွေကို စောင့်ကြည့်လေ့လာပေးကြဖို့၊နိုင်ငံရေးအကျဉ်းသူ/သားတွေ အမြန်ဆုံးလွတ်မြောက်ရေးနဲ့ လူ့အခွင့်‌အရေး ကာကွယ်ရေးအတွက် ထိရောက်တဲ့ဖိအားတွေ ကာကွယ်ရေးနည်းလမ်းတွေ အသုံးပြုပြီး ဝိုင်းဝန်းကူညီပေးကြဖို့ နိုင်ငံရေးအကျဉ်းသူများအဖွဲ့ (WOPP)က တိုက်တွန်းထားပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

၂၀၂၁ ခုနှစ် နွေဦးကာလကစလို့ မြန်မာနိုင်ငံရဲ့ လမ်းမတွေပေါ်မှာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ပြီး ရဲရဲဝံ့ဝံ့ ကြွေးကြော်ခဲ့ကြတဲ့ လူငယ်တွေထဲမှာ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍဟာ အထူးပဲ ထင်ရှားခဲ့ပါတယ်။

သတင်း

​မကွေးအကျဉ်းထောင်အတွင်းမှာ နိုင်ငံရေးအကျဉ်းသား ၄၂ ဦး နှိပ်စက်တိုက်ပိတ်ခံထားရပြီး ၁၂ ဦးဟာ အသက်အန္တရာယ် စိုးရိမ်နေရကြောင်း နွေဦးနိုင်ငံရေးအကျဉ်းသားများအစည်းအရုံးရဲ့ ဦးဆောင်အဖွဲ့ဝင် ကိုရှင်းသန့်က ပြောပါတယ်။

သတင်း

သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့မှာ ပြည်ပရောက် မြန်မာတွေ စုပေါင်းပြီး နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဥ်းသားတွေအားလုံး အမြန်ဆုံးလွတ်မြောက်ဖို့ တောင်းဆိုဆန္ဒပြမှု ဇွန်လ ၇ ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

နိုင်ငံရေးအကျဉ်းသားဟောင်းကဗျာဆရာ ဒါရိုက်တာ မင်းထင်ကိုကိုကြီး ကွယ်လွန်သွားတယ်လို့ သူရဲ့တူ‌ တော်လှန်အနုပညာရှင် ဒါရိုက်တာကိုပေါက်က အသိပေးထားပါတယ်။