Connect with us

Hi, what are you looking for?

သတင်း

ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်အုပ်စုရဲ့ရက်စက်မှု၊ လူ့အခွင့်အရေးချိုးဖောက်မှုကို ထင်ရှားစွာပြနေတဲ့ ပြယုဂ်ဟု ကုလအစည်းအဝေးမှာ ဦးကျော်မိုးထွန်း တင်ပြ

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ အသက် (၈၁)နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်ပြီး သူမဟာ ပြင်ပလောကနဲ့ အဆက်အသွယ် ပြတ်တောက် ဖြတ်သန်းနေရကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလအစည်းအဝေးမှာ ပြောကြားခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်အုပ်စုရဲ့ ရက်စက်မှု၊ အခြေခံ လူ့အခွင့်အရေးအပေါ် ကြီးလေးစွာ ချိုးဖောက်နေမှုကို အထင်အရှား ပြသပေးတဲ့ ပြယုဂ် တစ်ခုပင်ဖြစ်နေသေးတယ်လို့ ရှင်းလင်းတင်ပြခဲ့ပါတယ်။

ဇွန် ၂၁။ ၂၀၂၆။ People’s Spring

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ အသက် (၈၁)နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်ပြီး သူမဟာ ပြင်ပလောကနဲ့ အဆက်အသွယ် ပြတ်တောက် ဖြတ်သန်းနေရကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလအစည်းအဝေးမှာ ပြောကြားခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်အုပ်စုရဲ့ ရက်စက်မှု၊ အခြေခံ လူ့အခွင့်အရေးအပေါ် ကြီးလေးစွာ ချိုးဖောက်နေမှုကို အထင်အရှား ပြသပေးတဲ့ ပြယုဂ် တစ်ခုပင်ဖြစ်နေသေးတယ်လို့ ရှင်းလင်းတင်ပြခဲ့ပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်က ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေကို မြန်မာနိုင်ငံ အခြေအနေနဲ့ ပတ်သက်ပြီး တင်ပြတဲ့ အစည်းအဝေးကို ဇွန် ၁၉ရက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ကကျင်းပခဲ့ရာ ဦးကျော်မိုးထွန်းက ဒေါ်အောင်ဆန်းစုကြည် ပြင်ပလောကနဲ့ ဆက်သွယ်မှု ပြတ်တောက်နေတဲ့ အခြေအနေကို မီးမောင်းထိုး ဖော်ပြ ပြောကြားခဲ့တာပါ။

“စစ်အုပ်စုအနေဖြင့် သူမအား သူမ၏ မိသားစုနှင့် ရှေ့နေအဖွဲ့တို့နှင့်ပင် အဆက်အသွယ်ဖြတ်တောက်ထားပြီး သူမ၏ကျန်းမာရေးနှင့် အခြေအနေအတွက် ယုံကြည်စိတ်ချရသော လွတ်လပ်သည့် စစ်ဆေးအတည်ပြုခွင့်ကိုပင် ငြင်းပယ်ထားကြောင်း” ဦးကျော်မိုးထွန်းက တင်ပြ ဆွေးနွေးခဲ့တယ်လို့ ကုလဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ရုံးက ထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

ကမ္ဘာတစ်ဝှမ်းမှာ “၈၁ အတွက် ၈၁” စိန်ခေါ်မှု အပါအဝင် သက်ရှိထင်ရှား ရှိနေကြောင်း ပြသရေးလှုပ်ရှားမှုတို့ကို လုပ်ဆောင်နေပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိ၍ ကျန်းမာကြောင်းကို ပြသဖို့ စစ်အုပ်စုကို တောင်းဆိုနေတယ်လို့ အသိပေးပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ အခြားသော နိုင်ငံရေးအကျဉ်းသားတွေအားလုံးကို ပြန်လည်လွှတ်ပေးရေးအတွက် နှင်းဆီလှုပ်ရှားမှုကိုလည်း လုပ်ဆောင်လျက် ရှိကြောင်း ရှင်းပြပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အသက်အန္တရာယ်ကင်းရှင်းစေရေးနဲ့ ကျန်းမာရေးကောင်းမွန်စေရေးတို့ကို တောင်းဆုပြုပေးကြဖို့၊ အမြန်ဆုံး ပြန်လည်လွတ်မြောက်စေရေးအတွက် တောင်းဆိုပေးကြဖို့လည်း ဦးကျော်မိုးထွန်းက မေတ္တာရပ်ခံခဲ့ပါတယ်။

တစ်ဖက်မှာလည်း စစ်အုပ်စုက မကြာသေးမီက လုပ်ဆောင်ခဲ့တဲ့ အတုအယောင် ရွေးကောက်ပွဲနဲ့ လုပ်ကြံဖန်တီးထားသည့်ရလဒ်တွေကို ပြင်းထန်စွာ ကန့်ကွက်ရမှာဖြစ်ကြောင်း ဦးကျော်မိုးထွန်းက တင်ပြခဲ့ပြီး စစ်အုပ်စု လုပ်ရပ်ဟာ စစ်ဝတ်စုံအား အရပ်ဝတ်အဖြစ် ဝတ်ရုံ ပြောင်းလဲရုံ ဓာတ်ပြားဟောင်း ပြန်လည် ဖွင့်လှစ်နေခြင်းသာဖြစ်ဟု ဦးကျော်မိုးထွန်းက ပြောပါတယ်။

စစ်အုပ်စုအနေနဲ့ သံတမန်ရေးရာအားဖြင့် အသိအမှတ်ပြုမှု ရရှိနိုင်ဖို့ ကုန်းရုံးကြိုးစားနေတဲ့တိုင် ပြည်သူလူထုအား အကြောက်တရားသွင်းဖို့ ၊ သူတို့ရဲ့ အတုအယောင် မဲရလဒ်တွေ ဆန့်ကျင်သူတွေကို ပြစ်ဒဏ်ပေးဖို့ လေကြောင်းတိုက်ခိုက်မှုများ၊ ပါရာမော်တာ အသုံးပြု ဗုံးကြဲခြင်းများကို ကျူးလွန်ခဲ့တယ်လို့ ဖော်ပြပါတယ်။

စစ်အုပ်စုအနေနဲ့ အပြည်ပြည်ဆိုင်ရာဥပဒေ၊ နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေနဲ့ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဥပဒေတို့အား ပြောင်ပြောင်တင်းတင်း ချိုးဖောက်လျက်ရှိကြောင်း၊ စစ်ရာဇဝတ်မှုများနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုများကိုလည်း ဆက်လက် ကျူးလွန်နေဆဲပင်ဖြစ်ကြောင်း ဦးကျော်မိုးထွန်းက ရှင်းပြပါတယ်။

မြန်မာနိုင်ငံရဲ့အချို့သော အိမ်နီးချင်းနိုင်ငံများအနေနဲ့ စစ်အုပ်စုနှင့် ပုံမှန်အတိုင်း ပြန်လည်ထိတွေ့ဆက်ဆံရန် ကြိုးစားနေတဲ့အပေါ် အလွန် စိတ်ပူပန်မိတယ်လို့လည်း ပြောကြားခဲ့ပြီး မည်သို့သော ထိတွေ့ဆက်ဆံမှုမဆို စစ်အုပ်စုက အရပ်သားပြည်သူလူထုအပေါ် ရက်စက်ကြမ်းကြုတ်မှုများ ထပ်မံကျူးလွန်ဖို့ အားပေးတွန်းပို့မည်သာဖြစ်ကြောင်း ဦးကျော်မိုးထွန်းက ပြောကြားပါတယ်။

အစည်းအဝေးအစမှာ ကုလသမဂ္ဂ အထွေထွေညီလာခံ သဘာပတိက မြန်မာနိုင်ငံမှာ လက်ရှိ ဖြစ်ပေါ် လျက်ရှိတဲ့ ဆိုးရွားတဲ့ အခြေအနေများ၊ ကလေးသူငယ်များ ရင်ဆိုင်နေရသည့် ထိခိုက်နစ်နာမှု၊ ရာဇဝတ်မှုများနဲ့ ဒုက္ခသည်များ အခြေအနေ၊ စစ်တပ်ကျင်းပခဲ့သော “ရွေးကောက်ပွဲ” အပေါ် ကုလသမဂ္ဂမှ အသိအမှတ် မပြုထားတဲ့ အချက်နဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုများကို အကျဉ်းချုပ် ပြောကြားခဲ့ပြီး တရားလက်လွတ် ဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသားများအား ပြန်လည်လွှတ်ပေးရေး၊ အကြမ်းဖက်မှုများ ရပ်တန့်ရေး၊ အားလုံးပါဝင်သော တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ရေး၊ လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးအပ်ရေးတို့ကို အလေးပေး တိုက်တွန်းပြောကြားခဲ့ကြောင်း ထုတ်ပြန်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ(ICRC) ကိုယ်စားလှယ်တို့ တွေ့ဆုံခဲ့ကြောင်း သတင်းတွေအပေါ် အလေးထား စောင့်ကြည့်သုံးသပ်နေပြီး ICRC ရဲ့ လူသားချင်းစာနာထောက်ထားရေးဆိုင်ရာ ကြိုးပမ်းမှုကို အသိအမှတ်ပြုတယ်လို့ NLD ဗဟိုအလုပ်ကော်မတီက ထုတ်ပြန်ပါတယ်။

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

ဆောင်းပါး

“နိုင်ငံတစ်နိုင်ငံရဲ့ အမှန်တကယ်အခြေအနေကို သိချင်ရင် အဲဒီနိုင်ငံရဲ့ ထောင်တွေထဲကို ဝင်ကြည့်ရမယ်”

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ(ICRC)ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်တို့ ဩဂုတ် ၃ရက် တွေ့ဆုံမှုကို ကြိုဆိုကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ အပြည့်အ၀ ပြန်လွှတ်ပေးရန် တောင်းဆိုချက်ကို ထပ်လောင်းအတည်ပြုတယ်လို့ ဥရောပသမဂ္ဂက ထုတ်ပြန်ပါတယ်။