Connect with us

Hi, what are you looking for?

သတင်း

လူထုအကျိုးမြတ်နိုးဖို့၊ လူထုတရပ်လုံး လွတ်မြောက်တဲ့အထိ တိုက်ပွဲဝင်ဖို့ PRA မကွေး ဥက္ကဋ္ဌပြော

လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA – Magway ) ရဲဘော်တွေအနေနဲ့ လူထုအကျိုးစီးပွားကို အသက်ထက်မြတ်နိုးဖို့ အပါအဝင် အချက်သုံးချက် လုပ်ဆောင်ပြီး ရှေ့ဆက်ကြရမယ်လို့ PRA-Magway ဗဟိုကော်မတီ ဥက္ကဋ္ဌ ကိုနေမွန်က ပြောကြားပါတယ်။

လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA - Magway)က ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ - PRA-Magway

မတ်-၂၈၊၂၀၂၆။ ထားမြတ်/People’s Spring

လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA – Magway ) ရဲဘော်တွေအနေနဲ့ လူထုအကျိုးစီးပွားကို အသက်ထက်မြတ်နိုးဖို့ အပါအဝင် အချက်သုံးချက် လုပ်ဆောင်ပြီး ရှေ့ဆက်ကြရမယ်လို့ PRA-Magway ဗဟိုကော်မတီ ဥက္ကဋ္ဌ ကိုနေမွန်က ပြောကြားပါတယ်။

ဒီကနေ့ မတ်လ ၂၈ရက်မှာကျရောက်တဲ့ PRA – Magway တပ်တော် (၅)နှစ်ပြည့် အခမ်းအနားသို့ ဥက္ကဋ္ဌက ဂုဏ်ပြု သဝဏ်လွှာပေးပို့ရာမှာ အခုလို မှာကြားခဲ့တာပါ။

” ရှေ့ဆက်ရမည့် ခရီးတွင် ရဲဘော်တို့အနေဖြင့် – ၁။ လူထု၏ အကျိုးစီးပွားကို အသက်ထက်မြတ်နိုးရန်၊ ၂။ မိမိတို့ကိုယ်တိုင်အတွင်းရှိ အာဏာရှင်ဆန်သော အမူအကျင့်များကို အစဉ်သဖြင့် ဝေဖန်ဆန်းစစ်ရန်၊ ၃။ အဖိနှိပ်ခံ ပြည်သူလူထုတစ်ရပ်လုံး လွတ်မြောက်သည်အထိ တိုက်ပွဲဝင်ရန် သန္နိဌာန်ပြုကြရမည်ဖြစ်သည်” လို့ ဥက္ကဋ္ဌ ကိုနေမွန်ရဲ့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

တပ်ဖွဲ့စည်းမှု ငါးနှစ်တာ ကာလအတွင်း စစ်အာဏာရှင်စနစ် (စစ်သုံးစစ်)ကို အမြစ်ဖြတ်ရန်အတွက် အသက်၊ သွေး၊ ချွေး ပေးဆပ်ခဲ့ကြသော အာဇာနည်ရဲဘော်များအား ဦးညွှတ်ဂုဏ်ပြုကြောင်းလည်း ဖော်ပြကာ သူရဲကောင်းများအဖြစ် အလေးအမြတ်ပြု မှတ်တမ်းတင်ကြောင်း ပြောကြားခဲ့ပါတယ်။

” ရဲဘော်တို့ – ကျွန်ုပ်တို့သည် လူပုဂ္ဂိုလ်ကိုသာ တိုက်ခိုက်နေခြင်းမဟုတ်ဘဲ၊ ပြည်သူကို ဒုက္ခပေး ဖိနှိပ်နေသည့် စစ်အာဏာရှင် စနစ်၊ ဖက်ဆစ်စနစ်၊ ပဒေသရာဇ်အကြွင်းအကျန်နှင့် အာဏာရှင်အရင်းရှင်စနစ်ကို တိုက်ဖျက်နေခြင်းဖြစ်သည်” လို့ သဝဏ်လွှာမှာ ရေးသားထားပါတယ်။

PRA – Magwayဟာ ပြည်သူ့ရင်ခွင်မှ ပေါက်ဖွားလာသော တပ်တော်ဖြစ်တာနဲ့အညီ စစ်အာဏာရှင်ကို တိုက် ထုတ်ရုံသာမက နောင်တွင် ပေါ်ထွန်းလာမည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ်တွင် နိုင်ငံရေးတရားမျှတမှု၊ စီးပွားရေးတရားမျှတမှုနဲ့ လူမှုရေးတရားမျှတမှုတို့အတွက်လည်း နိုင်ငံရေးအရ ကြိုးပမ်းဆောင်ရွက်ရမယ်လို့လည်း ဥက္ကဋ္ဌက ပြောပါတယ်။

စစ်အာဏာရှင်စနစ်နဲ့ အဖိနှိပ်ခံစနစ်မှန်သမျှ အမြစ်ပြတ်တဲ့ အထိ ပြည်သူလူထု၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ မဟာမိတ် အင်အားစုများ၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ဒေသန္တရအစိုးရများနဲ့အတူ လက်တွဲကာ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့လည်း ဥက္ကဋ္ဌက သဝဏ်လွှာမှာ ပြောကြားထားပါတယ်။

” ကျန်းမာအောင်နေပါ၊ အားတင်းထားပါ၊ အတူတကွဆက်လျက်တိုက်ပွဲဝင်ကြပါစို့၊ တော်လှန်ရေး အောင်ရမည်”လို့လည်း ဥက္ကဋ္ဌ ကိုနေမွန်က ပြောပါတယ်။

PRA- Magway ဖွဲ့စည်းမှု ၅နှစ်ပြည့်သို့အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနကလည်း သဝဏ်လွှာပေးပို့ခဲ့ရာ ပြည်သူ့တော်လှန်ရေးအောင်မြင်တဲ့အထိ တော်လှန်ရေးအင်အားစုအသီးသီးနဲ့လက်တွဲညီစွာ အားထုတ်သွားမယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ၊ မကွေးတက္ကသိုလ်ကျောင်းသားသမဂ္ဂ၊ ကရင်နီပြည်အတိုင်ပင်ခံကောင်စီ၊ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ၊ အရှို(ချင်း) အမျိုးသားဖက်ဒရယ်ကောင်စီ၊ မွန်ပြည်ဖက်ဒရယ်ကောင်စီ၊ စစ်ကိုင်းဖိုရမ်ဖက်ဒရေးရှင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး၊ကရင်နီအမျိုးသားများကာကွယ်ရေးတပ်၊ ဗမာ့တပ်တော်၊ ကယန်းအမျိုးသားတပ်မတော်၊ ပြည်သူ့လွတ်လပ်ရေးတပ်တော်၊ ကျောင်းသားလက်ရုံးတပ်တော်၊ ပြည်သူ့ညီညွတ်ရေးတပ်ဦး၊ ပြည်သူ့တော်လှန်ရေးတပ်ဦး၊ ပြည်သူ့ဒီမိုကရက်တစ်အဖွဲ့၊ ဧရာ၀တီ မြစ်၀ကျွန်းပေါ် လွတ်မြောက်ရေးတပ်တော်၊ မင်းဘူးခရိုင် အမှတ်(၇)တပ်ရင်းစ တဲ့ မဟာမိတ်တွေကလည်း PRA-Magway တပ်ဖွဲ့စည်းမှု နှစ်ပတ်လည်နေ့သို့ ဂုဏ်ပြုသဝဏ်လွှာတွေ ပေးပို့ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးမြို့ကနေထွက်လာတဲ့ စစ်တပ်ရဲ့ စစ်ကားအစီးရေ ၂၀၀ နီးပါးဟာ ချင်းတောင်အစပ် ဆောမြို့နယ်၊လောင်းရှည်မြို့ကို ဦးတည်လာနေပြီး ရှမ်းပြည်နယ်အခြေစိုက်တပ်တွေနဲ့ မတ္တရာမြို့နယ် အရှေ့ခြမ်းတပ်စခန်းက အင်အားတွေ ပါ၀င်တယ်လို့ မကွေးတိုင်းပကဖက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

မကွေးမြို့မှာလည်း အသက်(၁၉)နှစ်အရွယ် လူငယ် ၁ဦး ပျောက်ဆုံးသွားလို့ လူမှုကွန်ရက်ကနေ အကူအညီတောင်းခံကာ ရှာဖွေနေရပါတယ်။

သတင်း

‎ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) အစည်းအဝေး ကျင်းပပြီး အဖွဲ့ဝင်သစ်များအား အတည်ပြုလိုက်ကြောင်း SCEF က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်းကမြို့တွေမှာ အပူချိန်မြင့်တက်နေမှုကြောင့် ၂၄နာရီအတွင်း သက်ကြီးပိုင်း ၂ဦး ဦးနှောက်သွေးကြောပြတ် သေဆုံးပြီး သက်ကြီးပိုင်းတစ်ဦးလည်း အရေးပေါ်ဆေးကုသမှု ခံယူနေရကြောင်း ဒေသတွင်း လူမှုကူညီရေးအသင်းတွေက ပြောပါတယ်။

Facebook