Connect with us

Hi, what are you looking for?

သတင်း

ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်နဲ့ နိုင်ကျဉ်းအားလုံးလွှတ်ပေးဖို့အပါအဝင်အချက် ၉ရပ်ကိုSNLD နဲ့ ဦးမြ​အေးပါဝင်တဲ့ PCB ​တောင်းဆို

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အာဏာသိမ်းစစ်တပ်က မတရားဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံး လွှတ်ပေးဖို့ ရှမ်းတိုင်းရင်းသားဒီမိုကရေစီအဖွဲ့ချုပ်(SNLD) ခေါင်းဆောင်တွေ ပါဝင်တဲ့ နိုင်ငံရေးဆိုင်ရာညှိနှိုင်းဆောင်ရွက်ရေးအစုအဖွဲ့ (Political Coordination Body – PCB)က ဒီကနေ့ မတ်လ ၃၁ရက်မှာ သဘောထား ထုတ်ပြန်ပါတယ်။

(၂၀၁၂မှာ ဧရာဝတီတိုင်း၊ ပုသိမ်မြို့ကို စည်းရုံးရေးဆင်းနေတဲ့ ဒေါ် အောင်ဆန်းစုကြည်ကို တွေ့ရစဉ်။ ဓာတ်ပုံ − Getty Images)

မတ်−၃၁၊၂၀၂၆။ ထားမြတ်/People’s Spring

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အာဏာသိမ်းစစ်တပ်က မတရားဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံး လွှတ်ပေးဖို့ ရှမ်းတိုင်းရင်းသားဒီမိုကရေစီအဖွဲ့ချုပ်(SNLD) ခေါင်းဆောင်တွေ ပါဝင်တဲ့ နိုင်ငံရေးဆိုင်ရာညှိနှိုင်းဆောင်ရွက်ရေးအစုအဖွဲ့ (Political Coordination Body – PCB)က ဒီကနေ့ မတ်လ ၃၁ရက်မှာ သဘောထား ထုတ်ပြန်ပါတယ်။

PCB အဖွဲ့ရဲ့ မြန်မာနိုင်ငံရဲ့ လက်ရှိနိုင်ငံရေးအကျပ်အတည်းဖြေရှင်းရေးဆိုင်ရာ ကြေညာချက်မှာ အချက် ၉ချက်ကို တောင်းဆိုထားပြီး ဒီလို သဘောထား ထုတ်ပြန်တာဟာ အနှစ်သာရရှိပြီး စစ်မှန်တဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ ဖြစ်စေဖို့ လို့ဖော်ပြထားပါတယ်။

SNLD တာဝန်ရှိသူ တဦးဖြစ်တဲ့ စိုင်းကျော်ညွန့်က PCB ရဲ့ ကြေညာချက်ကို လူမှုကွန်ရက်မှာ မျှဝေပြီး “ပြည်တွင်း အင်အားစုတွေ လုပ်သင့်တာ လုပ်တယ်လို့ပဲ ယူဆပါတယ်” လို့ ရေးသားထားပါတယ်။

Public Service Announcement

Public Service Announcement

PCB ရဲ့ ကြေညာချက်မှာ “အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့် အပါအဝင် နိုင်ငံရေးအကျဉ်းသားများနှင့် နိုင်ငံရေးအရ ဖမ်းဆီး ချုပ်နှောင်ခံထားရသူများအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ရန်” ဆိုတဲ့ အချက်ကို ဦးစွာ ဖော်ပြထားပါတယ်။ သမ္မတ နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် စတဲ့ ရာထူးတာဝန်တွေကိုတော့ ကြေညာချက်မှာ ဖော်ပြမထားပါဘူး။

အသင်းအဖွဲ့တွေ လွတ်လပ်စွာဖွဲကစည်းတည်ဆောင်ခွင့်ပေးဖို့၊ သက်ဆိုင်တဲ့ အဖွဲ့အားလုံးက အတင်းအဓမ္မ တပ်သားစုဆောင်းတာ၊ စစ်မှု ထမ်းစေတာ မပြုလုပ်ဖို့၊ အရပ်သားပြည်သူများ သေကျေပျက်စီး ထိခိုက်နစ်နာစေမယ့် စစ်ရေးဆောင်ရွက်ချက်တွေ ၊အများ ပြည်သူနဲ့ သက်ဆိုင်သော ဘာသာရေး၊ ဆေးရုံ၊ စာသင်ကျောင်း စတဲ့ အဆောက်အဦများအား ဦးတည် တိုက်ခိုက်တာတွေ ရှောင်ရှားဖို့ တောင်းဆိုထားပါတယ်။

CDM များ၊ အရပ်ဘက်ဝန်ထမ်းများနဲ့ ပတ်သက်၍ အရေးယူဆောင်ရွက်မှုများ မပြုလုပ်ဖို့၊ နိုင်ငံသားတွေရဲ့အသက်မွေးဝမ်းကျောင်းခွင့်၊လွတ်လပ်စွာသွားလာခွင့်ကို တားမြစ်ပိတ်ပင်တာတွေ မလုပ်ဖို့၊ စစ်ဘေးဒဏ်ကြောင့် စိတ်ပိုင်း၊ ရုပ်ပိုင်း ထိခိုက်ပျက်စီးသွားသော ပြည်သူများရဲ့ လူမှုစီးပွားဘဝများအား ပြန်လည်ထူထောင်ရေး၊ ကုစားပေးရေး၊ လူသားချင်းစာနာထောက်ထားမှုအကူအညီများ ပေးအပ်ရေးနဲ့ လူမှုတရားမျှတမှုများ ဖော်ဆောင်ရေးဆိုင်ရာ လုပ်ငန်းများကို နိုင်ငံတကာနဲ့ ပူးပေါင်းလုပ်ဆောင်ဖို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြည်ပသို့ ရောက်ရှိနေသော နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေးစတဲ့ အင်အားစုအသီးသီးနဲ့ လူပုဂ္ဂိုလ် တို့ရဲ့ လွတ်လပ်သော သဘောဆန္ဒဖြင့် ဌာနေသို့ ဂုဏ်သိက္ခာရှိရှိ ပြန်လည်ရောက်ရှိနိုင်ရေး အခင်းအကျင်း ကို ဖော်ဆောင်ဖို့၊ တိုင်းပြည်ရဲ့ အရင်းခံပြဿနာတွေကို ဖြေရှင်းနိုင်ရေးအတွက် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသို့ ဦးတည်သည့် သက်ဆိုင်သူများအားလုံးပါဝင်သော နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပပြုလုပ်နိုင်ရေး ကြိုးပမ်း ကြဖို့၊ နိုင်ငံရေးဆွေးနွေးပွဲများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် အာဆီယံ၊ ကမ္ဘာ့ကုလသမဂ္ဂ၊ အိမ်နီးချင်းနိုင်ငံများ အပါအဝင် နိုင်ငံတကာအစိုးရများ၊ နိုင်ငံတကာအဖွဲ့ အစည်းများနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ စတဲ့ အချက်တွေလည်း ပါရှိပါတယ်။

အခုကြေညာချက် ထုတ်ပြန်တဲ့ နိုင်ငံရေးဆိုင်ရာညှိနှိုင်းဆောင်ရွက်ရေး အစုအဖွဲ့ ကို ၂၀၂၆ ဖေဖော်ဝါရီ မှာ ဖွဲ့စည်းခဲ့တာဖြစ်ပြီး ကြေညာချက် ပြောရေးဆိုခွင့်ရှိသူတွေအဖြစ် SNLD ဥက္ကဋ္ဌ ဦးစိုင်းညွန့်လွင်၊ ဦးမြအေးနဲ့ ဦးသာထွန်းလှတို့ကို သတ်မှတ်ထားကြောင်း ဖော်ပြထားပါတယ်။ တိုင်းပြည်ရဲ့ အရင်းခံ ပြဿနာတွေကို ဖြေရှင်းဖို့ မူဝါဒ တူတဲ့ အဖွဲ့အစည်းတွေ လူပုဂ္ဂိုလ်တွေနဲ့ လက်တွဲပူးပေါင်းဆောင်ရွက်နိုင်ရေး ၂၀၂၃ က စတင်ညှိနှိုင်းခဲ့ရာ ၂၀၂၆မှာ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေး အဖွဲ့ကို ဖွဲ့စည်းနိုင်ခဲ့ခြင်းဖြစ်တယ်လို့ အသိပေးပါတယ်။

ညှိနှိုင်းရေးအဖွဲ့ PCB ရဲ့ ဦးတည်ချက်တွေကတော့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီကို အာမခံတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်ရေး၊ လက်ရှိ ပဋိပက္ခများဖြေရှင်းဖို့အတွက် ပဋိပက္ခနဲ့ သက်ဆိုင်သူများအားလုံးပါဝင်တဲ့ နိုင်ငံရေး ဆွေးနွေးပွဲများ ပေါ်ပေါက်ရေး၊ဖက်ဒရယ်ဒီမိုကရေစီကို ဖော်ဆောင်မည့် မိတ်ဖက်များနဲ့ ပူးပေါင်းဆောင်ရွက်ရေး တို့ ဖြစ်တယ်လို့ဆိုပါတယ်။

တိုင်းပြည်ရဲ့ အရင်းခံပြဿနာများကို ဖြေရှင်းနိုင်ရေးနဲ့ နိုင်ငံအတွင်းနေထိုင်ကြသော တိုင်းရင်းသား လူမျိုးပေါင်းစုံတို့ ငြိမ်းချမ်းစွာအတူတကွယှဉ်တွဲနေထိုင်နိုင်ရေးအတွက် နိုင်ငံသားအားလုံးတို့ရဲ့ မူလအခွင့် အရေးများ၊ နိုင်ငံသားအခွင့်အရေးများနဲ့ အခြေခံလူ့အခွင့်အရေးများကို သက်ဆိုင်သူများအားလုံးက အာမခံရန် တာဝန်ရှိကြောင်းလည်း ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် သင့်တင့်မျှတတဲ့ နိုင်ငံရေးပတ်ဝန်းကျင် ဖန်တီးကာ ပဋိပက္ခနဲ့ သက်ဆိုင်သူများအားလုံး ပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲများမှတဆင့် ဖက်ဒရယ်ဒီမိုကရေစီဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပြဋ္ဌာန်းပြီး အဆိုပါဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုနိုင်ငံအဖြစ် တည်ဆောက်ခြင်း အားဖြင့်သာ တိုင်းပြည်ရဲ့ အရင်းခံပြဿနာနဲ့ ပဋိပက္ခများကို ဖြေရှင်းနိုင်မည်ဟု ယုံကြည်ကြောင်းလည်း ညှိနှိုင်းရေးအဖွဲ့ PCBက ထုတ်ပြန်ပါတယ်။

Political Coordination Body – PCBအဖွဲ့ပါဝင်သူတွေဟာ ၂၀၂၄ စက်တင်ဘာတုန်းကလည်း ငွေဆောင်ကမ်းခြေမှာ မြန်မာ့နိုင်ငံရေးအကျပ်အတည်းဖြေရှင်းရေးဆိုင်ရာသုံးသပ်ဆွေးနွေးပွဲ(ငွေဆောင်)လို့ ခေါင်းစဉ်တပ်ထားတဲ့ ပြည်တွင်းကနိုင်ငံရေးအင်အားစုတွေရဲ့ဆွေးနွေးပွဲလို့ဆိုကာ သိုသိုသိပ်သိပ် ပြုလုပ်ခဲ့ပါသေးတယ်။ အဲဒီနောက် ငွေဆောင်သဘောတူညီချက် (၇)ချက်ဆိုပြီး ထွက်ပေါ်လာပါသေးတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးရေးနဲ့ နိုင်ငံအနှံ့ကစစ်ပွဲတွေကို ရောက်တဲ့နေရာမှာ ရပ်ထားရေးအပါအဝင် ငွေဆောင်သဘောတူညီချက် (၇)ချက်ဆိုပြီး ထွက်ပေါ်လာတာပါ။ နိုင်ငံရေးဘုံသဘောတူညီချက်တစ်ရပ်ရရှိရေးအတွက် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဥ်းသားများ အမြန်ဆုံးလွှတ်ပေးဖို့ နဲ့ နိုင်ငံအနှံ့ဖြစ်ပွားနေတဲ့စစ်ပွဲတွေကို ရောက်တဲ့နေရာမှာ ရပ်တန့်ဖို့ လိုအပ်တယ် လို့သဘောတူညီချက်မှာ ပါဝင်ခဲ့ပေမယ့် စစ်ကောင်စီက လက်မခံဘဲ ပြည်သူတွေအပေါ် အကြမ်းဖက်မှုတွေ ပိုလုပ်လာခဲ့ပါတယ်။

ဒါ့အပြင် စစ်ကောင်စီလက်အောက်မှာ ဒေါ်အောင်းဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေလွှတ်ပေးရေးတောင်းဆိုသူတွေကို မတရားဖမ်းဆီးသတ်ဖြတ်နေချိန်မှာ ငွေဆောင်ကမ်းခြေသွားပြီး နိုင်ငံရေးစကားနိုင်ငံရေးဆွေးနွေးပွဲလုပ်ခွင့်ရတဲ့အပေါ် ပြည်သူအချို့ကဝေဖန်ခဲ့ကြပါတယ်။အဲဒီနောက် ကလောဆွေးနွေးပွဲဆိုပြီး ထပ်မံပြုလုပ်ဖို့ စီစဉ်ရာ စစ်ကောင်စီရဲ့ တားဆီးခြင်း ခံရပါတယ်။

PCBအဖွဲ့မှာ SNLDပါတီ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ စိုင်းညွှန့်လွင်နဲ့ ၈၈မျိုးဆက်က ကိုမြအေးတို့ ဦးဆောင်ဖွဲ့စည်းထားပါတယ်။

“အဲဒီ့ တောင်းဆိုချက်တွေ အကြမ်းဖက်စစ်တပ်ကို အသွင်ပြောင်းထားတဲ့ ရုပ်သေးအစိုးရဆိုတာကြီးက ဘာတခုမှ လုပ်ပေးမှာမဟုတ်ပါဘူး။ အဲဒီ့လို မလုပ်ပေးရင် ဘာဆက်လုပ်ကြမလဲဆိုတာကိုပါ ထပ်စဉ်းစားထားကြဖို့ လိုမယ်ထင်ပါတယ်။”လို့ တော်လှန်ရေးသတင်းရင်းမြစ်တဦးက PCB အဖွဲ့ရဲ့ ထုတ်ပြန်ချက်အပေါ် မှတ်ချက်ပြုပါတယ်။

ဆက်စပ်သတင်းများ

ကဗျာ

-​အောင်​စေ​နွေဦး အမေအို ကနိုင်ငံတော်ကိုနောက်တွဲဆံထုံးလေးလုပ်ပြီးထုံးထားတယ်၊အဲဒီ နောက်တွဲ ဆံထုံးလေးကိုပန်းလေးတွေ ချိတ်တွဲ ပန်ဆင်ပေးထားတယ်၊လှလှပပ မွှေးမွှေးပျံ့ပျံ့ သေသေသပ်သပ်နီနီရဲရဲ တင့်တင့်တယ်တယ် ကြွကြွရွရွသူမကျန်းမာပါစေသက်ရှည်ပါစေအနာကင်းပါစေမသူတော်ဘေး ဝေးပါစေ။ ၁၉၊ ဇွန်၊ ၂၀၂၆ Views: 42

ဆောင်းပါး

ကဖေး/People’s Spring သန့်ရှင်းသော ထိုဝန်းကျင်တွင် ပန်းရနံ့တို့ပိုသင်းပျံ့နေသည်။ ရွာဦးထိပ်က ယာယီစာသင်ကျောင်းဆီလှမ်းလာနေသော ကျောင်းဆရာမလေး၏ ဦးခေါင်းထက်မှာ နှင်းဆီပန်းနီနီရဲရဲက ဟန်ကျပန်ကျ လှပနေသည်။ ရွာလမ်းတလျှောက်တွေ့မြင်နေရသူတိုင်း၏ ဦးခေါင်းထက်မှာလည်း နှင်းဆီပန်းနှင့်အခြားသော အလျဉ်းသင့်ရာပန်းတွေ ပန်ဆင်ထားကြသည်။ ကြိုးသိုင်းလွယ်အိပ်လေးတွေ အဆင်ပြေသလိုလွယ်ထားကြသောကျောင်းသားကျောင်းသူလေးတွေလက်ထဲမှာလည်း နှင်းဆီပန်းလေးတွေ ကိုင်ထားကြပြန်သည်။ ပန်းရနံ့တို့သင်းထုံနေသောရွာလမ်းလေးအတိုင်းကျောင်းဆရာမလေး ဒေါ်နှင်းဆီ(အမည်လွှဲ)က ကျောင်း...

သတင်း

မြန်မာ့နိုင်ငံရေးပြဿနာများ ငြိမ်းချမ်းစွာပြေလည်စေရေးအတွက် အထူးဦးစားပေးလုပ်ငန်းစဉ်အဖြစ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံး ခြွင်းချက်မရှိ လွတ်မြောက်ရေး အဓိကထား ကြိုးပမ်း ဆောင်ရွက်ပေးကြဖို့ မိတ်ဆွေနိုင်ငံတွကို မေတ္တာရပ်ခံတိုက်တွန်းကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)နဲ့ ပြည်နယ်၊ တိုင်းလွှတ်တော်၊ အစိုးရတွေက ဒီကနေ့မှာ ပူးပေါင်း ထုတ်ပြန်လိုက်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။