ဧပြီ−၁၊ ၂၀၂၆။မေရီ/People’s Spring
မန္တလေးတိုင်း၊ မိုးကုတ်မြို့၊ ရေပေါက်တစ်ရာရပ်အနီးမှာ ကျောက်တောင်ပြိုကျမှုဖြစ်ပွားပြီး မြို့တွင်းရေပေးဝေနေတဲ့ အဓိကပိုက်လိုင်းတွေ ပျက်စီးသွားတာကြောင့် မြို့ပေါ်ရပ်ကွက်တွေ ၄ရက်လောက် ရေအခက်အခဲရှိနိုင်ကြောင်း ဒေသခံတွေက ပြောပါတယ်။
မိုးကုတ်မြို့မှာ ဧပြီ ၁ ရက် မနက်ပိုင်းက ရေပေါက်တစ်ရာရပ်အနီးမှာ ကျောက်တောင်ပြိုကျမှုဖြစ်ပွားပြီး မြို့တွင်းသို့ ရေသွယ်တန်းပေးထားတဲ့ ၆လက်မနဲ့ ၄ လက်မ ရေပိုက်လိုင်းများအပြင် အခြားဆက်စပ်ပစ္စည်းများပါ ပျက်စီးသွားခဲ့ကြောင်း ဒေသခံအချို့က ပြောပါတယ်။
“ကျောက်မိုင်းခွဲခြင်း၊ ခဲများရှင်းလင်းခြင်း ပျက်စီးသွားသော ရေပိုက်များ ပြန်လည်သွယ်တန်းခြင်းလုပ်ငန်းများ လုပ်ဆောင်ရမည်ဖြစ်ပါသောကြောင့် သုံးလေးရက်ခန့်ကြာနိုင်ပါတယ်”လို့ ရေကော်မတီနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

Public Service Announcement
လက်ရှိမှာ မြို့နယ်စည်ပင်နဲ့ သက်ဆိုင်ရာ ရပ်ကွက်ရေကော်မတီတွေ ပူးပေါင်းကာ အမြန်ဆုံး ပြန်လည်ပြုပြင်နိုင်ဖို့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
ယခုကဲ့သို့ ရေပေးဝေရေး အခက်အခဲဖြစ်ရတာဟာ ရေအရင်းအမြစ်ထွက်ရှိရာ နေရာများအထိပါ စနစ်တကျမရှိဘဲ ကျောက်တူးဖော်နေကြခြင်းကြောင့်ဖြစ်ကြောင်း ဒေသခံများက ဝေဖန်ထောက်ပြကြပါတယ်။
“မြင်သမျှ ဂလိုင်ဖောက်ပြီး တူးကြတော့ဖြစ်တာ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
မိုးကုတ်မြို့မှာ ရေအရင်းအမြစ်ထွက်တဲ့နေရာတွေကိုပါ ကျောက်တူးကြသူတွေရှိနေတာကြောင့် ရေရရှိရေး အခက်အခဲဖြစ်လာနိုင်ကြောင်း ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် မိုးကုတ်မြို့ကို စစ်တပ်က ပြန်လည်အုပ်ချုပ်ပြီးနောက်ပိုင်း လာဘ်ငွေယူပြီး စနစ်တကျမရှိတဲ့ ကျောက်တွင်းလုပ်ကွက်တွေကို ခွင့်ပြုပေးနေမှုတွေရှိနေကြောင်း ဒေသခံတွေက ပြောပါတယ်။
ဒါ့ကြောင့် မိုးကုတ်မြို့ရဲ့ သဘာဝအရင်းအမြစ်နဲ့ ရေပေးဝေရေးစနစ်မှာ ရေရှည်မှာကြီးမားတဲ့ ခြိမ်းခြောက်မှုတွေနဲ့ ရင်ဆိုင်နေရကြောင်း သတင်းရရှိပါတယ်။





















































