ဧပြီ-၂၊၂၀၂၆။ဇော်ဝင်း/People’s Spring
စစ်ကောင်စီက ယာဥ်အိုယာဥ်ဟောင်းအပ်နှံပြီး လျှပ်စစ်ကား(EV) တင်သွင်းခွင့်ပေးမယ်လို့ ဆောင်ရွက်မယ်လို့ ထုတ်ပြန်ထားပါတယ်။
မနေ့က(ဧပြီ ၁ရက်) နေပြည်တော်မှာလုပ်တဲ့ စက်သုံးဆီ ဖူလုံစွာရရှိရေးနဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေအတွက် လိုအပ်တဲ့ မြေဩဇာရရှိရေး အစည်းအဝေးမှာ စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ပြောခဲ့တာဖြစ်ပါတယ်။
“ စက်သုံးဆီတွေကို လျှော့ချနိုင်ဖို့အတွက် EV ကား တင်သွင်းမှုတွေကို ဆောင်ရွက်ရာမှာ စက်သုံးဆီသုံးယာဉ်အို ယာဉ်ဟောင်းတွေအပ်နှံပြီး EVကားတွေ ပြန်လည်တင်သွင်းတဲ့စနစ်ကို ဆောင်ရွက်သွားနိုင်ဖို့လိုတယ်” လို့ စစ် ခေါင်းဆောင်က ပြောပါတယ်။

Public Service Announcement
အဲဒီစနစ်အတွက် တိကျတဲ့မူဝါဒ မထွက်ရှိသေးပေမယ့် EVကားတွေအတွက် လမ်းတံတားကြေးကအစ တင်သွင်းခွင့် ကုန်စည်ခွန်တွေကို ကင်းလွတ်ခွင့်ပြုခဲ့တာကို ဒီနှစ်ဆန်းပိုင်းကတည်းက စစ်တပ်က ကြိုတင်ပြင်ဆင်ခဲ့တယ်လို့ မော်တော်ယာဥ်အရောင်း အဝယ်လုပ်နေသူတွေနဲ့ အရောင်းပြခန်းပိုင်ရှင်တချို့က ဆိုပါတယ်။
“ နှစ် ၂၀ အောက်လား ဘယ်လိုကားမျိုးတွေဆိုတာတော့ မကြာခင် ထွက်မယ်ထင်တယ်။နောက်ပြီး EV ကားနဲ့ပတ်သက်လို့ ကညန ခွန်ရော အထူးကုန်စည်ခွန် ငါးရာခိုင်နှုန်းကို ကောက်ဖို့ ဒီနှစ်ဆန်းက တည်းက စာထွက်ထားတယ်။အခွန်က မနေ့က စပြီးကောက်တယ်” လို့ မြောက်ဒဂုံမြို့နယ်က မော်တော်ယာဥ်အရောင်းပြခန်းပိုင်ရှင်က ပြောပါတယ်။
မော်တော်ယာဥ် အရောင်းအဝယ် အကျိုးဆောင် တစ်ဦးကလည်း” ယာဉ်အို ယာဉ်ဟောင်းဆိုတာအရင်ကတော့ သက်တမ်းနှစ် ၂၀ ကားတွေပဲ။အရင်ကတည်းက နှစ် ၂၀ ကျော်ကားတွေကိုအရည် ကျို အပ်ချင်လည်း အပ်လို့ရတယ်။မအပ်ချင်လည်း စီးနေလို့ရတယ်။JDM(ဂျပန်တပတ်ရစ်ကား) တွေကတော့ကားကောင်းရင် မအပ်ပဲစီးနေလို့ရတယ်။ JDM ကားတွေဈေးကတော့ ထိုက်သင့်သလောက် ကျသွားနိုင် တယ်” လို့ ပြောပါတယ်။
စက်သုံးဆီအခက်အခဲနဲ့ နေ့စဥ် မောင်းနှင်လို့ရတဲ့ ခွင့်ပြုချက်တွေကြောင့် EV ကားစျေးတွေက မတ် လအတွင်းမှာ သိန်းထောင်ကျော်အထိစျေးတက်ထားပါတယ်။
“ ဒေါ်လာတစ်သောင်းတောင်မပြည့်တဲ့ EV ကားတွေက ဒီမှာ သိန်းထောင်ကျော်နေကတည်းက စျေးကွက်ကို ထိန်းကျောင်းမယ့် ကားမူဝါဒ မရှိတာနဲ့အတူတူပဲ။စက်သုံးဆီလျှော့ချရေး ဆိုပြီး EV တင်သွင်းမယ်ဆိုတာတော့ သားအဖ တွေပေါင်းပြီး ဂွင်ရိုက်တာပဲ မြင်တယ်” လို့ ၁၀ နှစ်ကျော်ကြာမော်တော်ယာဥ် ဝယ်ရောင်းလုပ်နေသူတစ်ဦးက ပြောပါတယ်။
ကညန (ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန)ရဲ့စာရင်းတွေအရ အခုနှစ် ဖေဖော်ဝါရီလကုန်အထိ မြန်မာနိုင်ငံမှာ မှတ်ပုံတင်ထားတဲ့ မော်တော်ယာဥ်စာရင်းအရ EV ကားအစီးရေ ၁၂,၇၄၁ စီး ရှိပါတယ်။အများစုက တရုတ်နိုင်ငံက တင်သွင်းခဲ့တာ ဖြစ်ပါတယ်။
အဲဒီ EVယာဥ်အရေအတွက် ထက်ဝက်နီးပါးကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ သား နဲ့ သမီး က တင်သွင်းထားတဲ့အပြင် သူတို့နဲ့ ဆက်စပ်ပတ်သက် သူတွေလည်း EV ယာဥ်တွေ တင်သွင်းနေတယ်လို့ အမည်မဖော်လိုတဲ့ မော်တော်ယာဥ်အရောင်းပြခန်းပိုင်ရှင်အချို့က ပြောပါတယ်။
တရုတ်နိုင်ငံကို အမှီပြုလွန်ပြီး ခိုင်မာမှုမရှိတဲ့ မြန်မာနိုင်ငံ EV ကား မူဝါဒ ကြောင့် သုံးစွဲသူတွေအတွက် ဆုံးရှုံးမှုတွေကို အကာအကွယ်ပေးဖို့ ပြဌာန်းချက်လည်းမရှိဘူးလို့ သူတို့က ဆိုပါတယ်။
ဒါ့အပြင် တစ်ရက်ကို နာရီပိုင်းအလိုက် အလှည့်ကျစနစ်နဲ့သာရနေတဲ့ လျှပ်စစ်မီး နဲ့ မြင့်တက်နေဆဲ အခြေခံစားသောက် ကုန်စျေးတွေကို မဖြေရှင်းနိုင်သေးဘဲ EV ကားတွေ တင်သွင်းမယ့် စစ်ကောင်စီရဲ့ စီမံခန့်ခွဲမှုကို ဝေဖန်မှုတွေ ရှိနေပါတယ်။



















































