Connect with us

Hi, what are you looking for?

သတင်း

အာရှလမ်းရှိ စစ်တပ်နဲ့ BGF ဂိတ်တွေမှာ ခရီးသွားတွေကို ကျပ်သောင်းဂဏန်းအထိတောင်းယူ

ကရင်ပြည်နယ်၊ မြ၀တီ-ကော့ကရိတ်-ဘားအံ အာရှလမ်းမကြီးကို ဧပြီလ ၂ ရက်မှာ စစ်ကောင်စီ က လမ်းပြန်ဖွင့်လိုက်ပေမယ့် စစ်တပ်ဂိတ်နဲ့ BGF ဂိတ်က ခရီးသွားကားတွေကို ငွေကျပ်သောင်းဂဏန်းအထိတောင်းခံနေတယ်လို့ ခရီးသွားအချို့ဆီကသိရပါတယ်။

အာရှလမ်းဖွင့်ပွဲရက်က လမ်းပိုင်းတစ်နေရာကိုတွေ့ရပုံ ( ဓာတ်ပုံ - MOI

ဧပြီ – ၄ ၊၂၀၂၆ ၊ နိုင်ပကောင်း/People’s Spring

ကရင်ပြည်နယ်၊ မြ၀တီ-ကော့ကရိတ်-ဘားအံ အာရှလမ်းမကြီးကို ဧပြီလ ၂ ရက်မှာ စစ်ကောင်စီ က လမ်းပြန်ဖွင့်လိုက်ပေမယ့် စစ်တပ်ဂိတ်နဲ့ BGF ဂိတ်က ခရီးသွားကားတွေကို ငွေကျပ်သောင်းဂဏန်းအထိတောင်းခံနေတယ်လို့ ခရီးသွားအချို့ဆီကသိရပါတယ်။

တိုက်ပွဲဖြစ်ပြီး နှစ်နှစ်ကျော်ကြာ ပိတ်ထားတဲ့ အာရှလမ်းမကြီးကို စစ်ကောင်စီတပ်က ပြန်လည်ထိန်းချုပ်ပြီးနောက် ဧပြီလ ၂ ရက် အခမ်းအနားနဲ့ဖွင့်ခဲ့တာပါ။

အာရှလမ်းတလျှောက်မှာ ဘယ်ဂိတ်စခန်းကိုမှ ငွေကြေး တစ်ပြားတစ်ချပ်မှ ပေးစရာမလိုဘူးလို့ စစ်ကောင်စီက ပြောဆိုထားပေမယ့် မြ၀တီမြို့နယ်၊ သင်္ဃန်းညီနောင်အနီး၊ အာရှလမ်းမပေါ်က ဖားချောင်းရွာ စစ်တပ်ဂိတ်မှာ ခရီးသွားပြည်သူတွေကို ငွေကြေးတောင်းခံနေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်ကပြောပါတယ်။

Public Service Announcement

Public Service Announcement

ဖားချောင်းရွာစစ်တပ်ဂိတ်မှာ ခရီးသွားကားတွေကို ခရီးသွားတစ်ဦး ကျပ်တစ်သောင်းနှုန်းနဲ့ တောင်းယူနေတာပါ။

“တစ်ယောက် တစ်သောင်း ပေးရတယ်၊ လမ်းဖွင့်တာ တောင်စားဖို့ဖြစ်နေပြီ၊ ကားခလည်းစျေးကြီး၊ တစ်ရက်ပဲရှိသေး ဇာတ်လမ်းကစပြီ”လို့ ခရီးသွားကပြောပါတယ်။

ခရီးသည်တွေ ကုန်ပစ္စည်းအိတ်သယ်လာရင် လည်း တစ်အိတ်ကို ငွေကျပ်ငါးသောင်း တောင်းယူတာကိုကြုံရတယ်လို့သိရပါတယ်။

“ဒီမနက်ဆင်းလာတာ ဖားချောင်းဂိတ်မှာ တစ်ယောက်တစ်သောင်းတောင်းတယ်၊ ညှိရင်းနဲ့ တစ်ယောက်ကို ၅၀၀၀ နဲ့ အဆင်ပြေသွားတယ်၊ ကျန်တဲ့ဂိတ်တွေရော အများကြီး၊ တစ်လမ်းလုံး ပိုက်ဆံပေးရတယ်” လို့ ဒီနေ့ ဧပြီ ၃ ရက်မှာ အာရှလမ်းကို ဖြတ်သွားလာတဲ့ ဒေသခံတစ်ဦးက ဖေ့ဘွတ်ခ်လူမှုကွန်ရက်မှာရေးသားပါတယ်။

မြ၀တီမြို့အထွက် ကုန်သွယ်ရေးဇုန်အကျော်က စစ်တပ်ဂိတ်မှာ လည်း ခရီးသည်တစ်ဦးကို ကျပ်တစ်သောင်း ပေးရပြီး မပေးရင် ပေးမဖြတ်ဘူးလို့ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

ဒါ့အပြင် မြ၀တီ-ကော့ကရိတ်-ဘားအံ အာရှလမ်းမကြီးပေါ် ဂျိုင်းတံတားအနီးက ကရင်နယ်ခြားစောင့်တပ်(BGF)ဂိတ်မှာလည်း သွားလာနေတဲ့ ခရီးသွားပြည်သူတွေရဲ့ ကားတွေကို ငွေကြေးတောင်းခံနေတယ်လို့ ခရီးသွားပြည်သူတွေက ပြောပြပါတယ်။

မှတ်ပုံတင်၊ စမတ်ကဒ်အကုန်ရှိပေမယ့် BGF ဂိတ်မှာ ငွေပေးခဲ့ရတယ်လို့ ခရီးသွားတစ်ဦးက ပြောပါတယ်။

အာရှလမ်း ပြန်ဖွင့်ပြီးနောက် ကားခအနေနဲ့ မြ၀တီ-ဘားအံ ကားခစျေးနှုန်းမှာ တစ်ဦးကို ကျပ်တစ်သိန်းက တစ်သိန်းခွဲ ရှိတယ်လို့ ယာဉ်မောင်းတစ်ဦးဆီစုံစမ်းမေးမြန်းချက်အရသိရပါတယ်။

တဖက်မှာလည်း အာရှလမ်းပေါ်မှာရှိတဲ့ စစ်တပ်ဂိတ်တွေဆီ ခရီးသွားတွေရဲ့ အမည်စာရင်းတွေ ပေးနေရပြီး စစ်တပ်ဂိတ်က စစ်ဆေးမှုကြန့်ကြာတာကြောင့် ဆက်သွားခွင့်မရဘဲ အချိန် အတန်ကြာ စောင့်ဆိုင်းရတာမျိုး လည်းကြုံနေရတယ်လို့ အဲဒီယာဉ်မောင်းကဆိုပါတယ်။

မြ၀တီ-ကော့ကရိတ်-ဘားအံ အာရှလမ်းမကြီး ပြန်လည်ဖွင့်လှစ်ခဲ့ပေမယ့် နယ်စပ်ကနေ ဝင်ရောက်လာတဲ့ ထိုင်းကုန်စည်တွေကိုတော့ စစ်ကောင်စီက ဘားအံ၊ မော်လမြိုင်မြို့အဝင်တွေမှာ လိုက်လံဖမ်းဆီးနေဆဲပဲလို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်အုပ်စုရဲ့ဟန်ပြလုပ်ရပ်တွေ စိစစ်ပြီး ကျားဖြန့်လုပ်ငန်း အမှန်တကယ် တိုက်ဖျက်နေတဲ့ မြေပြင်အဖွဲ့တွေနဲ့ လက်တွဲပူးပေါင်းဖို့ အိမ်နီးချင်းနဲ့ နိုင်ငံတကာထံ တောင်းဆို

သတင်း

ထိုင်း - မြန်မာနယ်စပ် မြဝတီမြို့မှာ ကရင်နယ်ခြားစောင့်တပ်(BGF)တပ်ဖွဲ့ဝင် မောင်းနှင်လာတဲ့ကားက ဝင်တိုက်လို့ ကလေးငယ် ၁ဦးအပါအဝင်ဒေသခံအချို့ ဒဏ်ရာအပြင်းအထန်ရရှိသွားပြီး လမ်းဘေး ဈေးဆိုင်နဲ့ ကား၊ဆိုင်ကယ်တွေ ပျက်စီးမှုဖြစ်ပွားခဲ့ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့အခြေစိုက် စစ်တပ်လက်အောက်ခံကရင်နယ်ခြားစောင့်တပ်(BGF)အမှတ်(၄)တပ်နယ်မှူး ဗိုလ်မှူးကြီးစောမုတ်သုန်ကို လူကုန်ကူးမှု နဲ့ ထိုင်းရာဇဝတ်တရားရုံးက ဖမ်း၀ရမ်းအမိန့် ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ခြမ်းက မင်းလက်ပံနဲ့ ဖလူးကျေးရွာကြီးတွေကို ထိန်းချုပ်ဖို့စစ်တပ်က DKBA နဲ့ BGF ခေါ်ပြီး တကျော့ပြန်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့လူထု​နွေဦးရဲ့ကရင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။