ဧပြီ-၈၊ ၂၀၂၆။ဇော်ဝင်း/People’s Spring
ကရင်နီပြည်နယ်မှာ စစ်ဒေသတွေသတ်မှတ်ပြီး တပ်ရင်းတွေ ပေါင်းစည်းတော့မယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။
အမိန့်ပေးစီးဆင်းမှု၊စည်းကမ်းနဲ့ စနစ်တကျဖြစ်မှုတွေကို ပိုမိုခိုင်မာစေဖို့ ရည်ရွယ်တဲ့ မဟာဗျူဟာမြောက် ဆုံးဖြတ်ချက်လို့ ဆိုပါတယ်။
“နယ်မြေချင်းဆက်စပ်တဲ့ တပ်ရင်းတပ်ဖွဲ့တွေကို ကျစ်ကျစ်လှစ်လှစ် ဖွဲ့စည်းပြီး စစ်ဒေသတွေကို ပြန်လည်သတ်မှတ်တဲ့အနေနဲ့ တပ်ရင်းတွေကို ပေါင်းစည်းဖွဲ့စည်းလိုက်တာဖြစ်ပါတယ်။တပ်ရင်းတွေ စစ်ဒေသတွေ ပြန်လည်ပေါင်းစည်းတုန်းဖြစ်တဲ့အတွက်အရေအတွက်ကို ထုတ်ပြန်ပေးပါမယ်။ စစ်ဒေသကတော့ ၅ခုသတ်မှတ်ထားပါတယ်”လို့ KNDF တာဝန်ရှိသူက စစ်ဒေသဖွဲ့စည်းမယ့် အခြေအနေအပေါ် ရှင်းပြပါတယ်။

Public Service Announcement
လက်ရှိ စစ်အာဏာရှင်စနစ်တော်လှန်ရေးမှာ တပ်ဖွဲ့တွေရဲ့ ဆောင်ရွက်မှုတွေကို ပိုမိုကျစ်လစ်တိကျစေဖို့၊ အရည်အသွေး စွမ်းဆောင်ရည် ပြည့်မီစေဖို့၊လုပ်ငန်းတွေ ထိရောက်စွာအကောင်အထည်ဖော်နိုင်စေဖို့နဲ့ အမိန့်ပေးမှုစနစ်ပိုမိုတိကျခိုင်မာတဲ့တပ်ဖြစ်စေဖို့ KNDF တပ်ရင်းအမှတ် (၈) နဲ့ ပူးပေါင်းညှိနှိုင်းပြီး ကရင်နီအမျိုးသားများကာကွယ်ရေးတပ်၊ တပ်ရင်းအမှတ်− ၇ (အမှတ် ၂ စစ်ဒေသ)အဖြစ် ပြန်လည်ဖွဲ့စည်းလိုက်တယ်လို့ KNDF တပ်ရင်းအမှတ်(၅)က ဧပြီ ၇ ရက် ညပိုင်းက ကြေညာခဲ့ပါတယ်။
“စစ်ဒေသအောက်မှာ တပ်ရင်းတွေ ဖွဲ့စည်းတာဖြစ်တယ်”လို့ KNDFရဲဘော်တစ်ဦးက ပြောပါတယ်။
ဒေသတွင်း စစ်ဘက်စစ်တမ်းတွေအရ စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁မှာ ဖွဲ့စည်းခဲ့တဲ့ KNDFဟာ တပ်ရင်း ၃၀ကျော်ရှိပြီး ကရင်နီပြည်နယ်တွင်း အင်အား အတောင့်တင်းဆုံးဖြစ်ပါတယ်။
ဒါ့အပြင် စစ်အုပ်စုကို ဗျူဟာမြောက်တွန်းလှန်ဖို့ ၂၀၂၅ ဒီဇင်ဘာ ၁၅ ရက်က တော်လှန်ရေးအဖွဲ့ ၁၉ ခုနဲ့ဖွဲ့စည်းခဲ့တဲ့ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု (Spring Revolution Aillance -SRA မှာ KNDFက ပါဝင်ထားပါတယ်။
ကရင်နီပြည်နယ်အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်တွေဖြစ်တဲ့ KNPP/KA ၊ KNPLF (ကလလတ)၊ KNLP ၊KNPDPနဲ့ KNSO တို့ရဲ့ အင်အားဟာ ၅,၀၀၀ ဝန်းကျင်ရှိနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။
၂၀၂၄ အောက်တိုဘာနောက်ဆုံးပတ်က ဖွဲ့စည်းခဲ့တဲ့ ကယန်းအမျိုးသားတပ်မတော် KNA ရဲ့ အင်အားကလည်း ၈၀၀ ဝန်းကျင်ရှိလာတယ်လို့လည်း ပြည်တွင်း စစ်ရေးလေ့လာသူတွေက သုံးသပ်ပါတယ်။
ဒါ့အပြင် ကရင်နီဒေသမှာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ မြို့နယ်အလိုက်တပ်ရင်း ဖွဲ့စည်းထားတာရှိပါတယ်။
ပြီးခဲ့တဲ့နှစ်ကစပြီး ကရင်နီဒေသမှာ စစ်တပ်ရဲ့တန်ပြန်ထိုးစစ်တွေကြောင့် တော်လှန်ရေးအင်အားစုတွေရဲ့ ထိန်းချုပ်နယ်မြေတွေ တဖြည်းဖြည်းဆုံးရှုံးလာပါတယ်။
ရှမ်းတောင်နဲ့ကရင်နီပြည်နယ်က ဟိုပုံး -ဆီဆိုင် ၊ပင်လောင်း-ဆောင်ပြောင်း-ဖယ်ခုံ -မိုးဗြဲ ၊ လွိုင်ကော်၊ဒီးမော့ဆိုမြို့ နဲ့ ဖားဆောင်းမြို့တွေကို စစ်တပ်က ထိန်းချုပ်ခဲ့ပါတယ်။
စစ်တပ်က ဖားဆောင်းမြို့ကနေ ဖားဆောင်း-မော်ချီးလမ်းအတိုင်း စစ်ကြောင်းထိုးဖို့စုဖွဲ့နေပြီး သတ္တုထွက်ရှိတဲ့မော်ချီး ဒေသကိုနေ့စဥ်နီးပါး လေကြောင်းကနေ ဗုံးကြဲတာ၊ကင်းထောက်တာတွေ မကြာခဏရှိနေတယ်လို့ သိရပါတယ်။
ကရင်နီဒေသမှာ စစ်တပ်ရဲ့တန်ပြန်ထိုးစစ်တွေအတွက် ဒေသတွင်း တော်လှန်ရေးအင်အားစုတွေ စုပေါင်းဖို့နဲ့ စစ်ရေးအရ အားသာမှုတွေ ပြန်ရဖို့ ကရင်နီပြည်နယ်မှာ တစ်ခုတည်းသော တပ်မတော် (UKSA)ကို ဖွဲ့စည်းဖို့ အရပ်ဖက်နဲ့ ပြည်သူတွေက တိုက်တွန်းမှုတွေရှိပါတယ်။


















































