AAတပ်မွေးနေ့ မဟာမိတ်တော်လှန်ရေးအဖွဲ့များကလည်း သဝဏ်လွှာတွေပေးပို့ ဂုဏ်ပြု
ဧပြီ ၁၀၊ ၂၀၂၆။ ထားမြတ်/People’s Spring
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)က ဒီကနေ့ ဧပြီ ၁၀ရက်မှာ ကျရောက်တဲ့ အာရက္ခတပ်တော်(AA)တည်ထောင်ခြင်း (၁၇) နှစ်မြောက် အထိမ်းအမှတ်နေ့သို့ ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့ပြီး နောင်နှစ်ပေါင်းများစွာ တိုင် အာရက္ခပြည်သူတို့ ယုံကြည်အားကိုးရသော တပ်မတော်ကြီးအဖြစ် ခိုင်မာစွာရပ်တည် နိုင်ပါ စေကြောင်း ဖော်ပြထားပါတယ်။
ဒါ့အပြင် မဟာမိတ်တော်လှန်ရေးအင်အားစုအားလုံးနဲ့ ညီညွတ်စွာ လက်တွဲ၍ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးမှာ အဓိကမဏ္ဍိုင် တစ်ခုအဖြစ် အောင်မြင်စွာ ပါဝင်နိုင်ပါ စေကြောင်း ဆန္ဒပြုတယ်လို့လည်း ဂုဏ်ပြု သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။

Public Service Announcement
” အာရက္ခတပ်တော်နှင့်အာရက္ခပြည်သူတို့ မျှော်မှန်းသည့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် တရားမျှတမှုတို့သည် မိမိတို့ တော်လှန်ရေးအင်အားစုအားလုံး၏ ဘုံရည်မှန်းချက်ဖြစ်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် အရေးပါသော အစိတ်အပိုင်းတစ်ခု ဖြစ်ပါသည်။ တော်လှန်ရေးအင်အားစုအားလုံးအနေဖြင့် တစ်စုတစ်ဖွဲ့ချင်း၏ အင်အားများကို ညီညွတ် သောအင်အားစုတစ်ခုအဖြစ် စုစည်းကာ ဘုံရည်မှန်းချက်အတွက် တညီတညွတ်တည်း ရပ်တည် ကြမှသာလျှင် အကြမ်းဖက်စစ်အာဏာရှင်များသာမက မည်သည့်အင်အားကမျှ မဖြိုဖျက်နိုင်သော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို တည်ဆောက်နိုင်မည်ဖြစ်ပါသည်” လို့လည်း CRPH ရဲ့ သဝဏ်လွှာမှာ ရေးသားထားပါတယ်။
ဒါကြောင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေနဲ့ အာရက္ခတပ်တော်အပါအဝင် မဟာမိတ် တော်လှန်ရေးအင်အားစုအားလုံးနဲ့ အတူအပြန်အလှန်နားလည်ယုံကြည်မှု၊ အပြန်အလှန် လေးစားမှုတို့ကို အခြေခံ၍ စစ်အာဏာရှင်စနစ် အမြစ်ပြတ်တဲ့အထိ လက်တွဲ ချီတက်သွားမယ်လို့ ဖော်ပြထားပါတယ်။
CRPHနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ချင်းအမျိုးသားတပ်ဦး(CNF) စတဲ့ ၆ဖွဲ့ဟာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ ကို မတ်လ ၃၀ရက်မှာ ဖွဲ့စည်းကြောင်း ကြေညာခဲ့ပြီး ဒီလိုဖွဲ့စည်းတာဟာ တော်လှန်ရေးအရှိန်မြှင့်ဖို့ဖြစ်ကြောင်း အသိပေးထားပါတယ်။
ဒါ့အပြင် ကျန်နေတဲ့တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေပါဝင်ရေးလည်း ဆက်ကြိုးပမ်းမယ်လို့ အသိပေးထားပါတယ်။
အာရက္ခတပ်တော်ဟာ အာရက္ခဒေသအတွင်း စစ်ရေး၊ နိုင်ငံရေးအရ ကြီးမားသော အောင်မြင်မှုများကို ဖော်ဆောင်နိုင်ရုံသာမက တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးအတွက် မဟာမိတ်အင်အားစုများနဲ့အတူ ရှေ့တန်းမှ မားမားမတ်မတ် ရပ်တည် တိုက်ပွဲဝင်လျက်ရှိပြီး အာရက္ခတပ်တော်ရဲ့ ကျစ်လျစ်ခိုင်မာသော စုဖွဲ့မှုနဲ့ ပြတ်သားသော ဦးဆောင်မှုတွေဟာ တော်လှန်ရေးအင်အားစုအားလုံးအတွက် အားတက်ဖွယ် စံနမူနာကောင်း များပင်ဖြစ်ကြောင်းလည်း CRPHက သဝဏ်လွှာပေးပို့ပါတယ်။
ဒါ့အပြင် အာရက္ခဒေသအတွင်း ပြည်သူ့အုပ်ချုပ် ရေးယန္တရားများကို စနစ်တကျ ဖော်ဆောင်နေမှုအပေါ်လည်း အလေးအနက် ဂုဏ်ပြုကြောင်း သဝဏ်လွှာ ပေးပို့ပါတယ်။
AA ရဲ့ တပ်မွေးနေ့ကို မဟာမိတ်တော်လှန်ရေးအဖွဲ့တွေကလည်း ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့ကြပါတယ်။
ညီနောင်မဟာမိတ်တွေဖြစ်တဲ့ ကိုးကန့်တပ် MNDAAနဲ့ တအာင်းတပ် TNLA တို့က ပူးတွဲပြီး ဂုဏ်ပြု သဝဏ်လွှာပေးပို့ခဲ့သလို TNLA က နောက်ထပ် သီးခြား တဖွဲ့တည်းအနေနဲ့လည်း ဂုဏ်ပြု သဝဏ်လွှာ ပေးပို့ခဲ့တာ တွေ့ရပါတယ်။
ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး(အထူးလှုပ်ရှားတပ်မ)၊ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၊ လူထုတော်လှန်ရေးမဟာမိတ်အင်အားစု(PRA-Magway)၊ အရှိုချင်းကာကွယ်ရေးတပ်၊ ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်၊ ကျောင်းသားတပ်ဦး/ကျောင်းသားလက်ရုံးတပ်တော်၊ ဧရာ၀တီပြည်နယ်ကာကွယ်ရေးတပ်ဖွဲ့၊ ချင်းညီနောင်၊ 96 Soldiers-PDF၊ မရာနယ်မြေ အုပ်ချုပ်ရေးကောင်စီ၊ ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့၊ ယောကာကွယ်ရေးတပ်၊ပြည်သူ့လွတ်လပ်ရေးအဖွဲ့ စတဲ့ တော်လှန်ရေးတပ်တွေက AAရဲ့ တပ်မွေးနေ့သို့ ဂုဏ်ပြု သဝဏ်လွှာ ပေးပို့ခဲ့ကြပါတယ်။
(အာရက္ခတပ်တော်(AA)က ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ – AA Info desk)


















































