ဧပြီ-၁၂၊၂၀၂၆။တေဇ/People’s Spring
ဧရာဝတီတိုင်း ပုသိမ်မြို့ ကမ်းနားလမ်းမှာဆောက်လုပ်ထားတဲ့ တိုင်းဒေသကြီးအစိုးရ ဗဟိုမဏ္ဍပ် ဧပြီ ၁၁ ရက်ညက ပြိုကျမှုဖြစ်ခဲ့တယ်လို့ သတင်းအထူးတပ်ဖွဲ့ -ပုသိမ်က ဖော်ပြထားပါတယ်။
ည ၉ နာရီလောက်မှာ ပြိုကျမှုဖြစ်ခဲ့တာဖြစ်ပြီး စစ်တပ်နဲ့ ရဲတွေရောက်လာပြီး အဲဒီ့နေရာကို ဖြတ်သန်းသွားလာခွင့်ပိတ်လိုက်တယ်လို့ အသိပေးထားပါတယ်။
“လူတစ်ဦး ဦးခေါင်းထိခိုက်ဒဏ်ရာရကာ အရေးပေါ် ဆေးဝါးကုသမှု ခံယူနေရကြောင်း သိရသည်။” လို့ သတင်းအထူးတပ်ဖွဲ့-ပုသိမ်က ဖော်ပြထားပါတယ်။

Public Service Announcement
ပြိုကျသွားတဲ့ သစ်သားတွေကို လူအင်အားသုံး ဆွဲထုတ်နေပြီး ညတွင်းချင်းအပြီးဆောက်ဖို့ စစ်တပ်ကဖိအားပေးနေတယ်လို့ သိရပါတယ်။
မဏ္ဍပ်ပြိုကျတဲ့ အကြောင်းအရာနဲ့ပတ်သက်ပြီးသတင်းအထူးတပ်ဖွဲ့-ပုသိမ်ကို ဆက်သွယ်မေးမြန်းထားပေမယ့် သတင်းဖော်ပြချိန်အထိ ပြန်လည်ဖြေကြားတာမရှိသေးပါဘူး။
ဧရာဝတီတိုင်း ဝန်ကြီးချုပ်အဖြစ် စစ်တပ်က အေးကျော်ကို တာဝန်ပေးတဲ့ ဧပြီ ၁၀ ရက်မှာ တိုင်းဒေသကြီးအစိုးရရုံးအနီးမှာရှိတဲ့ ဂက်စ်အိုးဆိုင် မီးလောင်ခဲ့ပြီး ဆယ်ကျော်သက်အရွယ်လူငယ်တစ်ဦးမီးလောင်သေဆုံးခဲ့ကာ နှစ်ဦးဒဏ်ရာရရှိခဲ့ပါတယ်။
အဲဒီ့မီးလောင်မှုကြောင့် ပျက်စီးသွားတဲ့ ဆိုင်ခန်းတွေ အပါအဝင် အဲဒီ့နေရာကဆိုင်ခန်းတွေ ကို နှစ်ရက်အတွင်း အပြီးဖြတ်ဖို့ စစ်တပ်က ဖိအားပေးမှုတွေရှိတယ်လို့လည်း သတင်းအထူးတပ်ဖွဲ့-ပုသိမ်က ဧပြီ ၁၁ ရက်မှာပြုလုပ်တဲ့အစည်းအဝေးမှတ်တမ်းနဲ့အတူ ဖော်ပြထားပါတယ်။
တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပြည်သူကိုတွေကိုလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတဲ့စစ်တပ်က ရန်ကုန် ၊ မန္တလေးအပါအဝင် မြို့ကြီးတွေမှာ သင်္ကြန်မဏ္ဍပ်တွေဆောက်လုပ်ပြီး သင်္ကြန်ပွဲတော်စည်ကားဖို့ စီစဉ်နေတာဖြစ်ပါတယ်။




















































