ဧပြီ-၁၄၊၂၀၂၆။ဇော်ရမ်း/People’s Spring
ကချင်ပြည်နယ်၊ ဖားကန့်မြို့က မရှီကထောင်ဆုတောင်းကုန်းအနီးမှာ တိုက်ပွဲဆက်ပြင်းထန်နေပြီး စစ်ကောင်စီက Y8 လေယာဉ်နဲ့ လက်နက်ခဲယမ်းနဲ့ လူအင်အား ထပ်ပို့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊KPDF ထိန်းချုပ်ထားတဲ့ မရှီကထောင်ဆုတောင်းကုန်းကို စစ်တပ်က ဧပြီ ၁၃ရက်မနက်ပိုင်းမှာ စစ်မှုထမ်းသင်တန်းဆင်းတပ်သားတွေကို ကျားထိုးတက်ခိုင်းပြီး အနီးကပ် စစ်ကြောင်းထိုးပြီးနောက် တိုက်ပွဲပြင်းထန်ခဲ့တာပါ။
မရှီကထောင်ဆုတောင်းကုန်းရဲ့ ကာကင်းစခန်းတချို့ကို စစ်တပ်က သိမ်းယူထားတယ်လို့လည်း သတင်းရရှိပါတယ်။

Public Service Announcement
” အသေခံပြီး ဝင်လာတာ။ လေကြောင်းရော၊ လက်နက်ကြီးရော အသက်ကုန်ပစ်တာ။ အင်အား ၁၀၀၀ လောက်ဖြည့်ပြီး ဝင်လာတာ။ တိုက်ပွဲက ပိုပြင်းထန်လာမှာ”လို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
စစ်တပ်က ဧပြီ ၁၃ရက် တစ်ရက်တည်းမှာ လေကြောင်းကနေ လေးကြိမ်ဗုံးကြဲပြီး လက်နက်ကြီး အကြိမ်ရေ ၁၀၀ ကျော်ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ မြေပြင်တိုက်ပွဲမှာ စစ်တပ်ကအများအပြားသေဆုံးပြီး ရုပ်အလောင်းတွေပြန်ဆွဲထုတ်သွားတယ်လို့ သတင်းရရှိပါတယ်။
လက်ရှိတိုက်ပွဲမှာ စစ်တပ်က ဝါယာဇွပ်ပြည်သူ့စစ်အဖွဲ့၊ ရှမ်းနီတပ်ဖွဲ့(SNA)လည်းပါဝင်ပြီး စစ်မှုထမ်းသင်တန်းဆင်းတွေကို ကျားထိုးတက်ခိုင်းတာလို့ သိရပါတယ်။
မရှီကထောင်ရပ်ကွက်က ဆုတောင်းကုန်းကို KIAနဲ့KPDFက ထိန်းချုပ်ထားတာဖြစ်ပါတယ်။ စစ်တပ်က ၎င်းတို့ထိန်းချုပ်ထားတဲ့ ဆန်းကြွယ်ရွာဘက်ကနေ အင်အားတွေဖြည့်နေပြီး စစ်ကြောင်းထိုးလာတာဖြစ်ပါတယ်။ ဒီနေ့ မနက်ပိုင်းမှာလည်း Y8လေယာဉ်အသုံးပြုပြီး ဆန်းကြွယ်ရွာအတွင်းကို လက်နက်ခဲယမ်းနဲ့ လူအင်အား ထပ်ပို့သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
” ဆန်းကြွယ်ရွာကိုလည်း ပိတ်ထားတယ်။ သူတို့မသင်္ကာတဲ့သူတွေကိုလည်းဖမ်းထားပြီး တချို့ကိုသေနတ်နဲ့ပစ်ထားတယ်။ အခြေအနေက ဆိုးတယ်”လို့ ဖားကန့်ဒေသခံတစ်ဦးက ပြောပါတယ်။
ဖားကန့်ဒေသမှာ ဧပြီ၂ရက်ကစပြီး တိုက်ပွဲတကျော့ပြန်ဖြစ်ပွားတာပါ။ဧပြီ ၂ရက်ကတိုက်ပွဲအတွင်းမှာ စစ်တပ်ရှေ့တန်းစခန်း ၆ခုကို KIA၊KPDFက သိမ်းယူခဲ့ပါတယ်။ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတဲ့အပြင် ဖားကန့်ဗျူဟာကုန်းနဲ့လက်နက်ကြီးတပ်ဆင်ထားတဲ့နေရာတွေကနေ ပစ်ခတ်လို့ အရပ်သားအချိို့ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
စစ်ရေးဆက်လက် တင်းမာနိုင်လို့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်သတိပေးချက်တွေကို တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ထားပါတယ်။


















































