Connect with us

Hi, what are you looking for?

သတင်း

ကိုယ့်သမိုင်းပြန်ရိုင်းအောင်လုပ်တဲ့ ကိစ္စမျိုးတွေ မရှိအောင်ကြိုးစားကြရမယ်လို့ KNDF ဒုစစ်ဦးစီးချုပ်ပြော

ကိုယ့်သမိုင်းကိုယ် ပြန်ရိုင်းအောင်လုပ်တဲ့ ကိစ္စမျိုးတွေ မရှိအောင်ကြိုးစားကြရမယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)ဒုတိယ စစ်ဦးစီးချုပ် မာဝီက ပြောကြားပါတယ်။

(KNDFဒုတိယ စစ်ဦးစီးချုပ် မာဝီ။ ဓာတ်ပုံ − KNDF)

ဧပြီ-၁၇၊၂၀၂၆။ဇော်ဝင်း/People’s Spring

ကိုယ့်သမိုင်းကိုယ် ပြန်ရိုင်းအောင်လုပ်တဲ့ ကိစ္စမျိုးတွေ မရှိအောင်ကြိုးစားကြရမယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)ဒုတိယ စစ်ဦးစီးချုပ် မာဝီက ပြောကြားပါတယ်။

တော်လှန်မိဘပြည်သူတွေနဲ့ ရဲဘော်တွေကို ရည်ညွန်းတဲ့ ဒီက​နေ့(ဧပြီ ၁၇ရက်)နှစ်သစ်မင်္ဂလာနှုတ်ဆက်စကားမှာ ထည့်သွင်းပြောကြားတာ ဖြစ်ပါတယ်။

“ လမ်းလွဲသွားလို့ မရပါဘူး၊ ရပ်တန့်သွားလို့ မရပါဘူး။ ဒီတိုက်ပွဲကို ကျွန်တော်တို့ အားလုံးဟာ ဘယ်သူ့ခိုင်းစေချက်နဲ့မှ လုပ်ခဲ့တာမှ မဟုတ်ခဲ့ကြဘူးဆိုတာကို ကျွန်တော် ယုံကြည်တယ်။ အဲ့တော့ ကိုယ့်ရဲ့ တော်လှန်ရေးစိတ်ဓာတ်နဲ့ ကိုယ်လုပ်ခဲ့ကြတာ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဒါဟာ ကိုယ့်သမိုင်းဖြစ်တယ်၊ မိမိသမိုင်း ဖြစ်ပါမယ်။ကိုယ့်သမိုင်းကိုယ် ပြန်ရိုင်းအောင်လုပ်တဲ့ ကိစ္စမျိုးတွေ မရှိအောင် ကျွန်တော်တို့ ကြိုးစားကြရပါလိမ့်မယ်” လို့ မာဝီက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် လက်ရှိတော်လှန်ရေးဟာ အခက်အခဲတစ်ခု၊ တိုက်ပွဲတစ်ခုကိုပဲ ကျော်လွှားနေတာမျိုး မဟုတ်ဘဲ တိုင်းသစ်ပြည်သစ်ကို တည်ဆောက်နေကြတာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

အာဏာရှင်အကြိုက်အချင်းချင်း ပြန်တိုက်ခိုက်တာ၊သွေးကွဲတာမျိုးတွေကို အတတ်နိုင်ဆုံး ရှောင်ရှားကြဖို့ နဲ့ ကြီးမားတဲ့ မျှော်မှန်းချက်တွေ၊ ဉာဏ်ပညာတွေနဲ့ ကျော်လွှားကြဖို့လည်း KNDF ဒုစစ်ဦးစီးချုပ်က တိုက်တွန်းပါတယ်။

“ လက်ရှိမှာ မြန်မာပြည်ရဲ့တော်လှန်ရေးဟာ အချိုးအကွေ့တစ်ခုနဲ့ ကျွန်တော်တို့ ရင်ဆိုင်နေကြရတယ်။ ကျွန်တော်တို့ လူငယ်အင်အားစုတွေဟာ တိုင်းရင်းသားလက်နက်ကိုင် အင်အားစုများနဲ့ တစ်ဖက်မှာလည်း အဆုံးသတ်တိုက်ပွဲအတွက် ဆက်လက်တိုက်ပွဲဝင်နေကြသေးတယ်။ မြန်မာတစ်ပြည်လုံး အင်အားစုများ ထိန်းချုပ်အုပ်ချုပ် စီမံနေတဲ့ နေရာဒေသတွေ အများအပြားလည်း ရှိလာနေပြီဖြစ်တယ်။ ဒါကြောင့် ကျွန်တော်တို့ စိတ်ဓာတ်ကျစရာတွေ၊ မကောင်းတဲ့ အရာတွေကို ကျွန်တော်တို့ သိပ်မတွေးဘဲနဲ့ အောင်ပွဲအတွက် ဆက်လက်ရုန်းကန်နေရဦးမယ်။ ဆက်လက်ရုန်းနေရဦးမယ်။ ဆက်လက်ပြီး ရုန်းသွားကြရဦးမယ်” လို့ သူက ပြောပါတယ်။

တော်လှန်ရေးဟာ ကြံ့ကြံ့ခံ ရုန်းကန်နေရပေမယ့် ရည်ရွယ်ချက်တွေ ပြည့်မီအောင် အသက်တွေ ဆက်လက်ပေးဆပ်ပြီးတော့ လုပ်ဆောင်နေကြဆဲဖြစ်ပြီးအာဏာရှင်စနစ် အပြီးတိုင် ပြိုလဲဖို့ ကဏ္ဍအသီးသီးမှာ တိုက်ပွဲဝင်နေကြတဲ့သူတွေ အားလုံးစည်းလုံးကြဖို့ကိုလည်း မာဝီက တောင်းဆိုပါတယ်။

“ ပြည်ထောင်စုသစ် တည်ထောင်ဖို့ ပြည်နယ်တိုင်းမှာ ကျွန်တော်တို့က တစ်နိုင်ငံလုံး ကျွန်တော်တို့ ညီညွတ်တဲ့ အင်အားစုများနဲ့သာလျှင် အနိုင်ယူကြရအောင်” လို့ သူက ပြောပါတယ်။

လက်ရှိအချိန်ထိ စစ်ရေး၊ နိုင်ငံရေး အခက်အခဲတွေ၊ တိုက်ပွဲတွေကြားမှာ ကြံ့ကြံ့ခံ ရပ်တည်ပေးတဲ့စစ်ရှောင်တွေကိုလည်း အထူးကျေးဇူးတင်တယ်လို့ KNDF ဒုစစ်ဦးစီးချုပ်က အသိပေးပါတယ်။

“ အခက်အခဲပေါင်းများစွာ ရင်ဆိုင်နေရတာကို သိပါတယ်။ မိုးရာသီ၊ နွေရာသီ အခက်အခဲတွေ များစွာကြားက အမှန်တရားနဲ့ ဒီလွတ်လပ်ရေးအတွက် အခုအချိန်ထိ ရပ်တည်ပေးနေတာ တကယ်ကို အထူးအသိအမှတ်ပြု လေးစားကြောင်းကိုလည်း ဖော်ပြလိုပါတယ်” လို့ သူက ပြောပါတယ်။

စစ်ဘက်စစ်တမ်းတွေ အရ အာဏာသိမ်းစစ်တပ်ကို တုံ့ပြန်ဖို့ ၂၀၂၁ မေလ ၃၁ ရက်မှာဖွဲ့စည်းခဲ့တဲ့ KNDFဟာ တပ်ရင်း ၃၀ ကျော်ရှိပြီး ကရင်နီပြည်နယ်မှာ အင်အားအတောင့်တင်းဆုံးတပ်ဖြစ်ပါတယ်။

ကရင်နီတပ်မတော်(KA)ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်အောင်မြတ်က KNDF စစ်ဦးစီးချုပ်အဖြစ် ပူးတွဲ တာဝန်ယူထားပြီး မာဝီက ဒုတိယစစ်ဦးစီးချုပ်၊ခူးရီဒူးက စစ်ရေးချုပ် နဲ့ ခွန်းဘီထူးက ဥက္ကဌ ဖြစ်ပါတယ်။

မဟာဗျူဟာမြောက်ဆုံးဖြတ်ချက်အဖြစ် KNDFတပ်ရင်းတွေကို ပေါင်းစည်းပြီး မကြာမီရက်ပိုင်းအတွင်းမှာ စစ်ဒေသတွေသတ်မှတ်တော့မယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တာဝန်ရှိသူက လူထုနွေဦးကို ဧပြီ ၈ရက်က ပြောထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်က ဒရုန်းတွေ တွင်တွင်ကျယ်ကျယ်အသုံးပြုတိုက်ခိုက်လာတာကြောင့် အထူးဂရုစိုက်ကြဖို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ဒီကနေ့ ဧပြီ ၁၉ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ကရင်နီပြည်၊ ဖရူဆိုမြို့နယ်က ထားလဲ -နန်းဖဲလမ်းပိုင်မှာ စစ်ကြောင်းထိုးလုံခြုံရေးယူနေတဲ့ စစ်တပ်ကို တိုက်ခိုက်ရာ ၇ဦးသေဆုံးပြီး လက်နက် ၅လက်နဲ့ ခဲယမ်းတွေသိမ်းရတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်-KNDFက ဒီကနေ့ မတ်လ ၂၀ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဘောလခဲမြို့နယ်မှာ စစ်တပ်စစ်ကြောင်းကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)က ကြားဖြတ်တိုက်ခိုက်မှုအတွင်း လက်နက်ခဲယမ်းတွေ သိမ်းရတယ်လို့ ဒေသခံစစ်ရေး သတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဖရူဆို - ထားလဲလမ်းပိုင်းမှာ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုရှိတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ဒီကနေ့ မတ်လ ၁၄ရက်မှာ ထုတ်ပြန်ပါတယ်။

Facebook