ဧပြီ-၁၉၊၂၀၂၆။မိုမို/People’s Spring
စစ်တပ်က ဒရုန်းတွေ တွင်တွင်ကျယ်ကျယ်အသုံးပြုတိုက်ခိုက်လာတာကြောင့် အထူးဂရုစိုက်ကြဖို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ဒီကနေ့ ဧပြီ ၁၉ရက်မှာ ထုတ်ပြန်ပါတယ်။
တော်လှန်ရေးတပ်ဖွဲ့တွေ စိုးမိုးထားတဲ့ နယ်မြေတွေကို စစ်တပ်က ၂၀၂၅ နှစ်စပိုင်းကစပြီး ဒရုန်းအသုံးပြု တိုက်ခိုက်မှုတွေ စတင်လုပ် ဆောင်လာတာလို့ ဆိုပါတယ်။
စစ်တပ်ရဲ့ ဒရုန်းတွေကြောင့် ထိခိုက်ဒဏ်ရာရတဲ့ ပြည်သူလူထုဦးရေကလည်း နေ့တိုင်း နီးပါး ဆက်တိုက် တိုးပွားလာတာတွေ့ရတယ်လို့ အသိပေးပါတယ်။

Public Service Announcement
ဖယ်ခုံ၊ လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆို၊ ဘောလခဲနဲ့ ဖားဆောင်မြို့နယ်မှာရှိတဲ့ စစ်တပ်အခြေစိုက်နေရာတွေ၊ တပ်စွဲတဲ့နေရာတွေနဲ့ စစ်ကြောင်းထိုးရာ လမ်းကြောင်းတလျှောက်မှာ စစ်တပ်က ဒရုန်းတွေကို တွင်တွင်ကျယ်ကျယ် အသုံးပြုပြီး အရပ်သား ပြည်သူတွေကို တိုက်ခိုက်နေတာလို့ KNDFက ဆိုပါတယ်။
စစ်တပ်က ဒရုန်းအမျိုးအစားလေးမျိုးနဲ့ အသုံးပြုတိုက်ခိုက်နေပြီး VTOL (Vertical Takeoff and Landing)လို့ခေါ်တဲ့လေယာဉ်လို အတောင်ပံ တပ်ဆင်ထားသော Drone အမျိုးအစားနဲ့ လူနေထူထပ်တဲ့နေရာတွေ၊တော်လှန်ရေးတပ်ဖွဲ့တွေတည်နေရာကို ထောက်လှမ်းဖို့ အသုံးပြုနေတာလို့ ဖော်ပြပါတယ်။
ပျံသန်းချိန် ၁နာရီကနေ ၆နာရီဝန်းကျင်ရှိတဲ VTOL ဒရုန်းတွေကကင်းထောက်တာ၊ တည်နေရာ ရှာဖွေတာကြောင့် လှုပ်ရှားမှုများတာမျိုးမလုပ်သင့်ဘဲ အရိပ်ရှိတဲ့သစ်ပင်တွေနဲ့ လုံခြုံတဲ့နေရာတွေမှာ ပုန်းခိုနေသင့်တယ်လို့ အကြံပြုပါတယ်။
ပန်ကာ ဒလက်လေးခုကနေ ခုနစ်ခုအထိ ပါရှိပြီး အလေးချိန် ၁၅ ကီလိုဂရမ်ထိသယ်နိုင်တဲ့ Multirotor ဒရုန်းအမျိုးအစားနဲ့ ဒရုန်းနဲ့စစ်တပ်က အသုံးပြုတိုက်ခိုက်လေ့ရှိတယ်လို့ အသိပေးပါတယ်။
အဲဒီဒရုန်းကို Jammer(ဒရုန်းဖြတ်တောက်တဲ့စက်)တွေနဲ့ ကာကွယ်နိုင်ပေမယ့် တော်လှန်ရေးတပ်ဖွဲ့တွေမှာ Jammerပိုင်ဆိုင်မှုက နေရာပေါင်းစုံကို ဖြန့်ကျက်နိုင်တဲ့ အင်အားတွေမရှိတာကြောင့်နေရာဒေသတချို့က ပြည်သူတွေက နေ့စဉ် စစ်တပ်ရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကို ခံစားနေရဆဲလို့ ဆိုပါတယ်။
Multirotor ဒရုန်းက ဗုံးသီးပစ်ချချိန်မှာ ဗုံးသီး ၊ဒလက်သံ၊ ပန်ကာဒလက်သံတွေကို သေချာ ကြားရနိုင်ပြီး ဒလက်သံကြားရင် ဗုံးခိုကျင်းတွေထဲ ဒါမှမဟုတ် အကာအကွယ်ရှိတဲ့ မြေကျင်းထဲ အလျင်အမြန်ဝပ်ပြီး ပုန်းခိုကာကွယ်နိုင်တယ်လို့ KNDFက တိုက်တွန်းပါတယ်။
ကွင်းပြောင်တွေ ၊သာမန်သစ်အိမ်တွေထဲ ပုန်းခိုဖို့မသင့်ဘဲ RC အဆောက်အအုံတွေ ကွန်ကရစ် အမိုးတွေ ရှိတဲ့ နေရာတွေမှာလည်း ထိခိုက်မှုကို သက်သာစေနိုင်တယ်လို့ အသိပေးပါတယ်။
နောက်ထပ် အမျိုးအစားဖြစ်တဲ့ FPV Kamikaze ဒရုန်းက Multicopter ဒရုန်းလိုပဲ ဒလက် လေး ဖက်ပါရှိပြီး ပိုပြီး အရွယ်အစားသေးငယ်တဲ့ ဒရုန်းအမျိုးအစားဖြစ်ကာ ကတုတ်ကျင်းတွေထဲဝင်နိုင်ဖို့ အသုံးပြုပြီး ၂ ကီလိုဂရမ်ဝန်းကျင်(၆၀ မမ ဗုံးသီးတစ်လုံး)ကို တင်ဆောင်နိုင်ကာ ပစ်မှတ်ကို ဝင်တိုက် ပေါက်ကွဲစေတယ်လို့ ဆိုပါတယ်။
အဲဒီဒရုန်းတွေက အသံကျယ်လောင်ပြီး အဝေးကပင် ကြားနိုင်ပေမယ့်မောင်းနှင်သူက တိုက်ရိုက်ထိန်းချုပ်တာကြောင့် လုံခြုံပြီး အလွယ်တကူ မမြင်နိုင်တဲ့နေရာတွေမှာ ပုန်းခိုပြီးကာကွယ်နိုင်ပါတယ်။
စစ်တပ်သုံးနေတဲ့ နောက်အမျိုးအစားတစ်ခုဖြစ်တဲ့ Fixed Wing Kamikaze ဒရုန်းတွေက စစ်ရှောင်စခန်းတွေ နဲ့ စာသင်ကျောင်းတွေ၊ဆေးရုံ ဆေးခန်းတွေကိုတိုက်ခိုက်နေတာလို့ သိရပါတယ်။
အသေခံ ဒရုန်းဖြစ်တဲ့အလျောက် ဒရုန်းနဲ့ ဖောက်ခွဲရေးပစ္စည်းတွေတင်ဆောင်ပြီး ပစ်မှတ် ကို ဝင်တိုက်ဖို့အသုံးပြုကာ GPS လမ်းညွှန်စနစ်နဲ့ တိုက်ခိုက်တဲ့ အမျိုးအစားဖြစ်ပါတယ်။
Jammerမရှိတဲ့ နေရာတွေမှာ အဲဒီဒရုန်းကို မြင်ရင် ဗုံးခိုကျင်း ဒါမှမဟုတ် မြောင်းအတွင်း ဝင်ပုန်းနေတာက ထိရောက်တဲ့ ကာကွယ်မှု မျိုးလို့အသိပေးပါတယ်။
“ဒရုန်းလာပြီဆိုရင် တနေရာတခုတည်းမှာ ရပ်နေတာမျိုး မဟုတ်ဘဲ နည်းနည်းပြေးတဲ့ဟာမျိုး လုပ်သင့်တယ်။ သူနီးလာမှ ကိုယ်ပြေးမယ်ဆိုရင် ကိုယ့်ကို မြင်သွားနိုင်ချေ ရှိတယ်။ လုံခြုံတဲ့နေရာရှိရင်တော့ လုံခြုံတဲ့နေရာမှာ ပုန်းဖို့တော့ အကြံပေးချင်တယ်။ တကယ်လို့ လုံခြုံတဲ့နေရာ မရှိဘူး ကွင်းပြင်ဖြစ်နေတယ်ဆိုရင်တော့ ဆက်တိုက် ဗုံးသီး မချမချင်း ကျနော်တို့ ပြေးနေတာက နည်းနည်းလေး ပိုပြီး ကာကွယ်နိုင်မယ်လို့ ထင်တာပေါ့။ ဒါမှမဟုတ် ဒလက်သံ ကြားပြီဆိုရင်တော့ ဝပ်လိုက်တာတော့ အကောင်းဆုံးပဲ။ ဒရုန်းသံ မဟုတ်ပဲ ဒလက်သံ ကြားရပြီဆိုရင်တော့ မပြေးတော့ပဲ ဝပ်လိုက်တဲ့ဟာမျိုး၊ ကန်သင်းရိုး ဘေးမှာ ဝပ်လိုက်တာမျိုး၊ ဒါမှမဟုတ် မြောင်းတို့ ဘာတို့ရှိရင် ဝပ်လိုက်တာမျိုးကတော့ ပိုပြီးတော့ လုံခြုံမှု ရှိမယ်လို့ ယူဆပါတယ်”လို့ KNDF UAV မောင်းသူမဲ့ လေယာဥ်ဌာနမှူးက ပြောပါတယ်။
ဒါ့အပြင် ဒရုန်းအန္တရာယ်တွေကို လျှော့ချဖို့က စစ်တပ် တပ်စွဲထားတဲ့နေရာ၊စစ်ကြောင်းထိုးနေတဲ့ လမ်းကြောင်းတွေနဲ့ အနည်းဆုံး ၅မိုင်အကွာကို သွားလာတာနဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေ မလုပ်ဖို့ အသိပေးပါတယ်။
ဒရုန်းနဲ့ ဆက်စပ်ပစ္စည်းတွေ ဗုံးသီးတွေကို မြေပြင်မှာတွေ့ရှိရင်လည်း ထိတွေ့ကိုင်တွယ်တာ မလုပ်ဘဲ တော်လှန်ရေးတပ်ဖွဲ့တွေထံ သတင်းပို့ဖို့ KNDFက တိုက်တွန်းပါတယ်။


















































