ဧပြီ-၂၆၊၂၀၂၆။ဇော်ဝင်း/People’s Spring
ပြည်ပသွင်းကုန်တွေအပေါ် အကောက်ခွန်တိုးကောက်မယ်လို့ အာဏာသိမ်းစစ်ကောင်စီရဲ့ ဘဏ္ဍာရေးနဲ့အခွန်ဝန်ကြီးဌာနက ကြေညာပါတယ်။
လာမယ့် မေလ ၁ရက်ကစပြီး ကုန်စည် ၂၅၂မျိုးကို အကောက်ခွန်တိုးမြှင့်ကောက်မှာဖြစ်ပြီး စက်ဆီ၊ချောဆီ၊ နို့၊နို့ထွက်ပစ္စည်းနဲ့ အခြေခံစားသောက်ကုန်ပစ္စည်းတွ အများစု ပါဝင်တယ်လို့ ဆိုပါတယ်။
အကောက်ခွန်နှုန်းတွေတိုးလိုက်တာကြောင့် တင်သွင်းသူတွေရဲ့ Cost of Goods Sold (COGS) ရောင်းချမယ့်ကုန်စည်(ဒါမှမဟုတ်) ဝန်ဆောင်မှုထုတ်လုပ်ဖို့တိုက်ရိုက်ကုန်ကျမယ့်စရိတ်တက်သွားကာ စားသုံးသူတွေထံ တိုက်ရိုက် သက်ရောက်စေလိမ့်မယ်လို့ စီးပွားရေးပညာရှင်တချို့က ထောက်ပြပါတယ်။

Public Service Announcement
ဒါကြောင့် လက်ရှိမြန်မာနိုင်ငံရဲ့ စီးပွားရေးချိနဲ့မှုအနေအထား၊ငွေကြေးဖောင်းပွမှုနှုန်းမြင့်မားနေတဲ့ အခြေအနေကို ထပ်ဆင့်ရိုက်ခတ်ပြီး စီးပွားရေးကဏ္ဍအသီးသီးအပေါ် သိသာထင်ရှားတဲ့သက်ရောက်မှုတွေရှိလာမယ်လို့ အသိပေးပါတယ်။
ပြည်တွင်းစက်မှုကုန်ထုတ်လုပ်ငန်းတွေ ရေရှည်ရပ်တည်ဖို့နဲ့စိုက်ပျိုးထုတ်လုပ်သူတွေကို အကာအကွယ်ပေးနိုင်ဖို့ အကောက်ခွန်နှုန်းတွေကို တိုးမြှင့်ရတာလို့ ဘဏ္ဍာရေးနဲ့အခွန်ဝန်ကြီးဌာနကြေညာစာက ဖော်ပြပါတယ်။
“မူဝါဒအရဆို ပြည်တွင်းထုတ်ကုန်တွေနဲ့အစားထိုးဖို့ဆိုပေမယ့် MSME (အသေးစား၊အငယ်စား၊အလတ်စားလုပ်ငန်း)တွေ သုံးရတဲ့ ကုန်ကြမ်းပစ္စည်းတွေပါ။ အခုအကောက်ခွန်တိုးတဲ့ကုန်ပစ္စည်းတွေထဲပါတယ်။အထူးသဖြင့် ပလက်စတစ်ထုပ်ပိုးပစ္စည်း နဲ့ ကုန်ကြမ်းပစ္စည်းတွေလည်းပါတော့ ထုတ်လုပ်မှုစရိတ်က တက်လာမှာပဲ။နောက်ဆုံးအဆင့် စားသုံးသူဖြစ်တဲ့ အခြေခံလူထုကို ထိခိုက်လိမ့်မယ်”လို့ စီးပွားရေးအကြံပေးတစ်ဦးက ပြောပါတယ်။
ပြည်ပက တင်သွင်းမယ့် မုန့်နဲ့စားသောက်ကုန် တွေကို ၁၅ရာခိုင်နှုန်းကနေ ၂၀ရာခိုင်နှုန်း၊နို့နဲ့ နို့ထွက်ပစ္စည်းတွေရဲ့ အခွန်က သုံးရာခိုင်နှုန်းကနေ ၅ရာခိုင်နှုန်း၊ငါးနဲ့ရေထွက်ပစ္စည်းအမျိုးမျိုးက ၅ရာခိုင်နှုန်းကနေ ၁၅ရာခိုင်နှုန်းနဲ့ ထောပတ်၊ဒိန်ခဲ၊ဒိန်ချဥ်၊လက်ဖက်ခြောက်က အရင်ထက် နှစ်ဆ တိုးကောက်မှာဖြစ်ပါတယ်။
နို့ထွက်ပစ္စည်း၊ အသင့်စားမုန့် ၊ငါး၊ရေထွက်ပစ္စည်းတွေရဲ့ အကောက်ခွန်နှုန်းထားတွေ မြင့်တက်သွားတာက နေ့စဉ်လူနေမှုစရိတ်ကို တိုက်ရိုက်ထိခိုက်စေမှာဖြစ်ပြီး အထူးသဖြင့် Bakery(ပေါင်မုန့်၊ကိတ်မုန့်)နဲ့စားသောက်ဆိုင်လုပ်ငန်းတွေကို အခက်တွေ့စေနိုင်တယ်လို့ သိရပါတယ်။
ဒါ့အပြင် ပလပ်စတစ်ထုပ်ပိုးပစ္စည်း (Packaging)နဲ့ ဂုန်နီအိတ်တွေရဲ့အကောက်ခွန်နှုန်းသစ်ကြောင့် ပြည်တွင်းဖြစ်ကုန်စည်အားလုံးနီးပါး ထုတ်လုပ်မှုစရိတ် မြင့်တက်လာလိမ့်မယ်လို့ စီးပွားရေးပညာရှင်တွေက ဆိုပါတယ်။
ကုန်စည်စီးဆင်းမှု တစ်ခုလုံးရဲ့ ကျောရိုးဖြစ်တဲ့ စက်ဆီ၊ ချောဆီ၊ တာယာနဲ့ကျွတ်ပါ အခွန်နှုန်းထားတိုးတာကြောင့် ထပ်ဆင့်သက်ရောက်မှုအနေနဲ့ ကုန်ဈေးနှုန်းကို ထပ်မံတက်လာစေလိမ့်မယ်လို့ အသိပေးပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်း(ဧပြီ ၂၁ ရက်)ကလည်း ဒေါ်လာငွေကို ထိန်းချုပ်နိုင်ဖို့ စစ်ခေါင်ဆောင်းမင်းအောင်လှိုင်ကနိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီသစ်ကို ဖွဲ့စည်းခဲ့ပါသေးတယ်။
အဲဒီကော်မတီဟာ စစ်တပ်အာဏာသိမ်းပြီး လွန်ခဲ့တဲ့လေးနှစ်ကျော် ၂၀၂၂ ခုနှစ် ဧပြီ ၄ ရက်က စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး အာဏာသိမ်းမှုရဲ့ နောက်ဆက်တွဲ ဂယက်ကြောင့် နိုင်ငံတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်းတွေ အဆမတန်မြင့်တက်ခဲ့ပြီးနောက် ဒေါ်လာငွေကို ထိန်း ချုပ်ဖို့ ဥပဒေတချို့ ပြင်ဆင်ခဲ့တာနဲ့ ဒေါ်လာငွေ လက်ဝယ်ကိုင်ဆောင်မှုကို ပမာဏကန့်သတ်ခဲ့တာ အပြင် သွင်းကုန်ပစ္စည်းတွေကို နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီက တားမြစ်ခဲ့ပါတယ်။
တဆက်တည်းမှာပဲ ပြည်တွင်းကုန်စျေးနှုန်းတွေ အဆမတန်မြင့်တက်တာနဲ့ ရှားပါးတဲ့ အကျိုးဆက်တွေ ရင်ဆိုင်နေရပါတယ်။
ဓာတ်ပုံ – စစ်တပ်ပြန်ကြားရေး


















































