မေ-၅၊၂၀၂၆။People’s Spring
သူ့ရဲ့အရိုးရှင်းဆုံး ဆန္ဒကမိခင်နဲ့ ပြန်ဆုံတွေ့ခွင့် ရဖို့သာဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူက ပြောပါတယ်။
အာဏာသိမ်း စစ်တပ်က နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို မတရား ပုဒ်မတွေနဲ့ ဖမ်းဆီး အကျဉ်းချထားရာကနေ နေအိမ်အကျယ်ချုပ်အဖြစ် ပြောင်းရွှေ့လိုက်ကြောင်း ကြေညာပြီးချိန်မှာ ကင်မ်အဲရစ် (ကိုထိန်လင်း)က မိခင်ဖြစ်သူ အလုံးစုံ လွတ်မြောက်ခွင့်ရရေးအတွက် ထပ်လောင်း တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။
သူ့ဖခင်ဟာ အရင်တစ်ကြိမ် ဒေါ်အောင်ဆန်းစုကြည် အကျဉ်းချခံနေရချိန် အတောအတွင်းမှာ ကွယ်လွန်သွားခဲ့တာကြောင့် နောက်ဆုံးတွေ့ဆုံခွင့်တောင် မရခဲ့ကြောင်း၊ သူ့အနေနဲ့ ရိုးရိုးလေး မျှော်လင့်ထားတာက မိခင်ကို ပြန်တွေ့ခွင့်ရပြီး နေထိုင်ကောင်းတယ်ဆိုတာ သေချာသိချင်ရုံသာဖြစ်ကြောင်း ကင်မ်က NPR သတင်းဌာနဆီ ပြောကြားခဲ့ပါတယ်။

Public Service Announcement
ကင်မ်ရဲ့ ဖခင်ဖြစ်သူ ဗြိတိန်နိုင်ငံသား မိုက်ကယ်အဲရစ်ဟာ ၁၉၉၉ ခုနှစ်တုန်းက သူ့ရဲ့ ၅၃ နှစ်ပြည့် မွေးနေ့မှာပဲ ဆီးကြိတ်ကင်ဆာနဲ့ ကွယ်လွန်ခဲ့ပါတယ်။ အဲဒီတုန်းက စစ်အစိုးရဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခင်ပွန်းကို ပြည်ဝင်ခွင့် မပေးခဲ့ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ကလည်း နိုင်ငံကနေ ထွက်ခွာပြီးရင် စစ်ဗိုလ်ချုပ်တွေက ပြန်လာခွင့် မပေးတော့မှာ စိုးရိမ်တာကြောင့် ပြည်ပကို ထွက်ခွာဖို့ ငြင်းဆိုခဲ့ပါတယ်။
အသက် ၈၀ အရွယ် ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၂၁ နှစ်ဆန်းပိုင်းတုန်းက စစ်တပ်အာဏာသိမ်းမှု ဖြစ်ပွားချိန် ကတည်းက ဖမ်းဆီးချုပ်နှောင် ခံထားရတာ ဖြစ်ပါတယ်။ စစ်တပ်ဟာ သူ့ကို အဂတိ လိုက်စားမှု၊ ရွေးကောက်ပွဲ မသမာမှု၊ လုပ်ပိုင်ခွင့် အလွဲသုံးစားမှုစတဲ့ မတရားစွပ်စွဲမှုတွေနဲ့အတူ ၂၀၂၂ နှစ်ကုန်ပိုင်းမှာ ထောင်ဒဏ် ၃၃ နှစ် ချမှတ်ခဲ့ပါတယ်။ နောက်ပိုင်းမှာ သူ့ရဲ့ ပြစ်ဒဏ်ကာလကို နှစ်ကြိမ် လျှော့ပေါ့ပေးကြောင်း စစ်တပ်က ကြေညာပြီး ဧပြီလ ၃၀ မှာတော့ နေပြည်တော်မှာ သတ်မှတ်ထားတဲ့အိမ်ကိုပြောင်းလဲ ထားရှိတယ်လို့ပဲအကြောင်း ကြေညာခဲ့ပါတယ်။
ကင်မ်ကတော့ တကယ်ပဲ သူ့မိခင်ဟာ အကျဉ်းထောင်ကနေ ပြောင်းရွှေ့ပေးတာ ခံခဲ့ရသလား ဆိုတာကိုတောင် သံသယ ရှိနေဆဲလို့ ဆိုပါတယ်။ သူဟာ ဒေါ်အောင်ဆန်းစုကြည် ဖမ်းဆီးခံရချိန် ကတည်းက မိခင်နဲ့ လုံးဝနီးပါး အဆက်အသွယ် ဖြတ်တောက် ခံခဲ့ရပြီး လွန်ခဲ့တဲ့ ၃ နှစ်တုန်းက အထပ်ထပ် တည်းဖြတ်ခံထားရတဲ့ စာတစ်စောင်ကိုသာ လက်ခံရရှိခဲ့ဖူးကြောင်းလည်း ပြောပြခဲ့ပါတယ်။
အခွင့်အရေးရရင် မိခင်ကို ဘာပြောချင်လဲလို့ NPRက မေးမြန်းတဲ့အခါ ကင်မ်က သူ့မိခင်ကို ချစ်တဲ့အကြောင်း၊ အရမ်းလွမ်းနေပြီး ကျန်းမာနေဖို့ မျှော်လင့်တဲ့အကြောင်းတွေ ပြောချင်တယ်လို့ ပြန်ဖြေခဲ့ပါတယ်။
စစ်တပ်ဟာ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ပြောင်းရွှေ့ခဲ့တယ်လို့ ပြောပေမယ့် လက်ရှိ ထိန်းသိမ်းထားတဲ့ တည်နေရာကို မဖော်ပြပါဘူး။ အဲဒီ သတင်းကို ကြေညာချက်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ယူနီဖောင်းဝတ် အရာရှိနှစ်ဦး စကားပြောနေတဲ့ ခပ်ဝါးဝါး ဓာတ်ပုံတစ်ပုံကိုပဲ စစ်တပ်မီဒီယာတွေက ထုတ်ပြန်ခဲ့ပါတယ်။ လေ့လာ စောင့်ကြည့်သူ တချို့က အဲဒီဓာတ်ပုံဟာ လောလောလတ်လတ် ရိုက်ကူးထားတာတောင် ဟုတ်ရဲ့လားလို့ သတိကြီးကြီး မေးခွန်းထုတ်တာမျိုး ရှိခဲ့ပါတယ်။
စစ်တပ်ဟာ ဒီလိုပုံစံမျိုးတွေကို ဆယ်စုနှစ်တွေနဲ့ချီ အကြိမ်ကြိမ် လုပ်နေကျဖြစ်ကြောင်း၊ မိခင်ဖြစ်သူရဲ့ အခြေအနေမှန်နဲ့ လက်ရှိ တည်နေရာကို လွတ်လပ်တဲ့ အဖွဲ့အစည်း တစ်ခုခုက ဆန်းစစ် အတည်ပြုပေးပြီးတာမျိုး မရှိမချင်း စစ်တပ် ပြောသမျှကို သူ့အနေနဲ့ ယုံမှာမဟုတ်ကြောင်းလည်း ကင်မ်က ဆိုပါတယ်။
“ နေရာပြောင်းပေးတာဟာလွတ်မြောက်ခြင်းမဟုတ်ပါဘူး။ မေမေဟာ ယနေ့ထိ ဓားစာခံ hostage အဖြစ် ထိန်းသိမ်းထားခံနေရပါတယ်။ICRC သို့မဟုတ် UN Working Group on Enforced or Involuntary Disappearances လို အမှီအခိုကင်းတဲ့ အဖွဲ့အစည်းတွေက သူမရဲ့ အခြေအနေ နဲ့ နေထိုင်ရပုံကို အတည်ပြုမပေးမချင်း၊ အခုပြောနေတဲ့အရာတွေကို ကျွန်တော် မယုံနိုင်ပါဘူး။ယုံကြည်စိတ်ချရပြီး လွတ်လပ်အမှီအခိုကင်းတဲ့ အဖွဲ့အစည်းများက အတည်ပြုတဲ့သက်သေ proof of life ကို ပြပါ” လို့ကင်မ်က သူ့ရဲ့ဖေစ်ဘွခ်မှာလည်းထပ်မံရေးသားထားပါတယ်။
တော်လှန်ရေး အစိုးရဖြစ်တဲ့ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)ရဲ့ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် ဦးနေဘုန်းလတ်ကလည်း ကင်မ်နဲ့ သဘောထား တူညီတဲ့ သံသယ မှတ်ချက်မျိုး NPRဆီ ပေးခဲ့ပါတယ်။ စစ်တပ်ဟာ ဒေါ်အောင်ဆန်းစုကြည်ကို ဓားစာခံ တစ်ယောက်လို ဆက်ဆံနေတာသာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးမှုနဲ့ နိုင်ငံတကာ အသိအမှတ်ပြုမှုကို အလဲအထပ် သဘောမျိုး လုပ်ယူချင်နေတာဖြစ်ကြောင်း သူက ပြောကြားသွားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ပြောင်းလဲလိုက်တဲ့ ကြေညာချက် အပြီးကတည်းက သူနဲ့ လူချင်းတွေ့ခွင့်ရဖို့ ရှေ့နေတွေက ကြိုးပမ်းနေပေမယ့် လက်ရှိ အချိန်ထိတော့ မအောင်မြင်သေးပါဘူး။ နေအိမ်အကျယ်ချုပ်အဖြစ် ပြောင်းလဲထားရှိကြောင်း တရားဝင် မကြေညာခင် ရက်ပိုင်းအလို ဧပြီ ၂၅ ရက်နေ့မှာ တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိက မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့ကြောင်း ဧရာဝတီ သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
“ NPRနဲ့အင်တာဗျူးမှာ ပြောခဲ့သလိုပဲ၊ ဖေဖေဟာ မေမေထောင်ထဲမှာရှိနေတဲ့အချိန်မှာ နောက်ဆုံးအကြိမ် မတွေ့နိုင်ဘဲ ဆုံးပါးသွားခဲ့ပါတယ်။ ကျွန်တော်ကတော့ မေမေ့ကို ပြန်တွေ့ချင်ပါတယ်၊ သူနေကောင်းနေရဲ့လားလို့ သိချင်ပါတယ်” လို့ ကင်မ်အဲရစ်ကရေးသားထားပါတယ် ။
ကိုးကား-NPR



















































