မေ ၇၊ ၂၀၂၆။ ထားမြတ်/People’s Spring
ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၅) ဖာပွန်ခရိုင်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီးစောကလယ်ဒိုဟာ မေလ ၆ရက်မှာ လူကြီးရောဂါနဲ့ ကွယ်လွန်သွားကြောင်း ကရင်သတင်းရင်းမြစ်က ပြောပါတယ်။
ဒုဗိုလ်မှူးကြီးစောကလယ်ဒိုဟာ အသက်အရွယ် ကြီးပြီဖြစ်သလို ကျန်းမာရေးမကောင်းဖြစ်နေတာ ကြာပြီလို့ ပြောပါတယ်။
“စိတ်မကောင်းဘူး။ သူက နေမကောင်းနေတာ ကြာပြီ” လို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement
ဒုဗိုလ်မှူးကြီးစောကလယ်ဒိုဟာ ကျန်းမာရေးအားနည်းနေတဲ့ကြားက သတင်းဖြေကြားမှုတွေ ပြုလုပ်ပေးနေတာလို့ ပြောပြပါတယ်။
“ကျနော်တို့အဖူးကလယ်ဒိုမရှိတော့တာဟာကျနော်တို့အတွက်ကြီးမားတဲ့ဆုံးရှုံးမှုကြီးတစ်ခုဖြစ်တယ်။သူဟာတိုင်းပြည်,လူမျိုးခေါင်းဆောင်၊ တော်လှန်ရေးတာဝန်ဝတ္တရားတွေပေါ်သစ္စာရှိသောသူတစ်ယောက်ဖြစ်သလို ကျနော်
တို့အတွက်ပုံသက်သေကောင်းဖြစ်စေတဲ့သူဖြစ်တယ်။ ကျန်ရှိသောကျနော် တို့မျိုးဆက်သစ်များလည်း အဖူးကဲ့သို့တိုင်းပြည်လူမျိုး တော်လှန်ရေးအပေါ်သစ္စာရှိသောလူများဖြစ်ပါစေ။ သူဟာ မိခင်အစည်းအရုံးအတွင်းသစ္စာရှိစွာရပ်တည်သောသူဖြစ်တယ်။ ဤဆုံးရှုံးမှုအတွက် မိသားစု လုပ်ဖော်ကိုင်ဖက်များနဲ့ အတူ အထူးဝမ်းနည်းကြေကွဲမိပါတယ်”လို့ ကရင် သတင်းရင်းမြစ်က ပြောပါတယ်။
ဒုဗိုလ်မှူးကြီးစောကလယ်ဒို သေဆုံးမှု ဖြစ်ရတဲ့ အကြောင်းအရင်းကို တရားဝင် ထုတ်ပြန်မှု မရှိသေးပေမယ့် ကရင်သတင်းရင်းမြစ်ရဲ့ ပြောပြချက်အရ ဒုဗိုလ်မှူးကြီးစောကလယ်ဒိုဟာ ဆီးချိုရောဂါ ခံစားနေရတာလို့ ဆိုပါတယ်။
ကရင်သဘာ၀ပတ်ဝန်းကျင်နဲ့ လူမှုရေးဆိုင်ရာ လှုပ်ရှားမှု ကွန်ရက်(KESAN)ကလည်း ဒုဗိုလ်မှူးကြီး စောကလယ်ဒိုကွယ်လွန်မှုအပေါ် ဝမ်းနည်းကြေကွဲကြောင်း ထုတ်ပြန်ထားပါတယ်။
“ကျွန်ုပ်တို့ချစ်ခင်လေးစားရသော ခေါင်းဆောင် ဒုတိယဗိုလ်မှူးကြီး စောကလယ်ဒိုကွယ်လွန်သွားသည့်အ ပေါ် များစွာဝမ်းနည်းကြေကွဲရပါသည်။ ဒုတိယဗိုလ်မှူးကြီး စောကလယ်ဒို၏ ဦးဆောင်မှု၊ ရဲရင့်မှုနှင့် ပေးဆပ်မှုတို့အတွက် ၎င်းအားကျွန်ုပ်တို့ ထာဝစဥ် အောက်မေ့သတိရနေမည် ဖြစ်ပါသည်။ ၎င်း၏ မိသားစုနှင့်မိတ်ဆွေသူငယ်ချင်းများနည်းတူ ကျွန်ုပ်တို့လည်း ဝမ်းနည်းကြေကွဲရကြောင်း ပြောကြားလိုပါသည်”လို့ KESAN က ဖော်ပြထားပါတယ်။
ဒုဗိုလ်မှူးကြီးစောကလယ်ဒိုဟာ စစ်ကောင်စီရဲ့ ကရင်ဒေသခံ ပြည်သူတွေကို ပစ်မှတ်ထား လေကြောင်း ဗုံးကြဲတိုက်ခိုက်မှု အခြေအနေတွေ၊ KNU ဖာပွန်ခရိုင်အတွင်း စစ်ရေး အခြေအနေတွေ ရှင်းလင်းဖြေကြားပေးလေ့ရှိသလို နိုင်ငံရေးဆိုင်ရာ အမြင်သဘောထားတွေကိုလည်း ထုတ်ဖော်ပြောကြားပေးလေ့ရှိပါတယ်။
မြန်မာနှစ်ဆန်းတရက်နေ့ ဧပြီ ၁၇ရက်မှာ ဒုဗိုလ်မှူးကြီးစောကလယ်ဒိုနဲ့ People’s Spring ရဲ့ အမေးအဖြေ ကဏ္ဍမှာ အာဏာသိမ်းစစ်တပ်ကို စုစည်းညီညွတ်စွာ တွန်းလှန်ကြဖို့ ဒုဗိုလ်မှူးကြီးစောကလယ်ဒိုက ပြောကြားခဲ့သလို ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ပြည်သူလူထုရွေးကောက်ထားတဲ့ အစိုးရ ခေါင်းဆောင်တွေ နဲ့ မတရားဖမ်းဆီးခံထားရသူတွေ လွတ်မြောက်ရေး ပြည်သူတရပ်လုံးမှာ တာဝန်ရှိကြောင်း ဖြေကြားခဲ့ပါတယ်။
“အခုတက်လာတဲ့ အတုအယောင် အစိုးရပေါ့နော်။အတုအယောင်ဖြစ်တဲ့ ဒီစစ်အစိုးရက လူထုကို ပထမအနေနဲ့ အမျိုးမျိုး ဖိနှိပ်ညှင်းပမ်းပြီး နောက်ဆုံးကျ ပြန်လည်ချော့သိပ်တဲ့သဘော နဲ့ ခေါ်ယူစည်းရုံးသွားဖို့ သူ့ရဲ့ နည်းပရိယာယ်ကအဲဒီလို မျိုးရှိတဲ့အပေါ် လူထုအနေနဲ့ သတိထားပြီး ကြံ့ကြံ့ခံမယ်။ကြံ့ကြံ့ခံ မနေရင်တော့ဒီအတိုင်းပဲ ဆက်လက်ပြီးတော့ မျိုးဆက် တဆက်ပြီးတဆက် အဲဒီလိုပဲ ခံရမယ်လေ။ အဲဒါကြောင့်မို့ အခု ကြံ့ကြံ့ခံပြီး ဒီဟာကို သူတို့ ဘယ်လောက်ပဲ လုပ်လုပ် စုစုစည်းစည်းနဲ့ သူတို့ကိုတွန်းလှန်လို့ရတဲ့အထိ လုပ်ဆောင်သွားရမယ်လို့ပဲ ကျနော်အနေနဲ့ တော့ ဒီလိုပဲ လူထုကို တိုက်တွန်းချင်တယ်” လို့ ဒုဗိုလ်မှူးကြီး စောကလယ်ဒိုက ပြောကြားခဲ့ပါတယ်။
အာဏာသိမ်းစစ်တပ်က ဟန်ပြ တွေ့ဆုံဆွေးနွေးရေးတွေ ဖိတ်ခေါ်တာကို ညီညွတ်စွာ သပိတ်မှောက်ဖို့လည်း ဒုဗိုလ်မှူးကြီးစောကလယ်ဒိုက တိုက်တွန်းခဲ့ပါတယ်။
“သူတို့ ခေါ်မယ့် ဒီတွေ့ဆုံဆွေးနွေးရေးကတော့ ပြည်ထောင်စုကို ဖွဲ့စည်းတည်ဆောက်ဖို့ မဟုတ်ဘဲနဲ့ စစ်အာဏာရှင် တွေရဲ့ သက်ဆိုးရှည်ဖို့ အတွက်လောက်ပဲ တွေ့ဆုံဆွေးနွေးမှုမျိုးလုပ်မယ်ဆိုရင်တော့ ဘာအဓိပ္ပါယ်မှ မရှိဘူး။ အကယ်၍ သူတို့ ခေါ်မယ်ဆိုရင်တော့ ဘာအဓိပ္ပါယ်မှ မရှိဘူးပေါ့။ အကယ်၍ သူတို့ ခေါ်လည်း ဒီ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းဥပဒေရဲ့ အောက်မှာပဲ ခေါ်မယ်ဆိုလို့ရှိရင် တော့ဒါကလုံး၀ယုံကြည်လို့မရတဲ့ အခြေအနေမှာ ရှိနေတယ်” လို့ ဒုဗိုလ်မှူးကြီးစောကလယ်ဒိုက ပြောကြားခဲ့ပါတယ်။
မကြာမီက ဖွဲ့စည်းခဲ့တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ အနေနဲ့ ထိထိရောက်ရောက်တက်ညီလက်ညီ လုပ်ဆောင်သွားပါက စစ်မှန်တဲ့ဖက်ဒရယ်ပြည်ထောင်စု တကယ်ဖြစ်လာမယ်လို့ ယုံကြည်ကြောင်းလည်း သူက ပြောပါတယ်။ ဦးဆောင်ကောင်စီမှာ ကျန်တိုင်းရင်းသားလူမျိုးစုတွေ စုစုစည်းစည်း လုပ်ဆောင်သွားဖို့လည်း သူက တိုက်တွန်းထားပါတယ်။
ပြည်သူတွေအနေနဲ့ နှစ်ပေါင်းများစွာ ဒုက္ခဆင်းရဲ မျိုးစုံ ကြုံတွေ့ခဲ့ရပြီးဖြစ်လို့ အခက်အခဲတွေ ကြံ့ကြံ့ခံပြီး ညီညွတ်ခိုင်မာတဲ့ စတ်နဲ့တွန်းလှန်ပါက အခက်အခဲတွေ ကျော်လွှားနိုင်မယ်လို့လည်း သူက ပြောကြားခဲ့ပါတယ်။
“ကျနော်တို့ ပြီးခဲတဲ့ ကာလမှာကျနော်တို့ ခံစားခဲ့ရတဲ့ ဒုက္ခ ဆင်းရဲအမျိုးမျိုးကို ကျနော်တို့ ကျော်လွှားလာခဲ့ပြီးတော့ အခု နှစ်သစ်ကူးမှာ ဆက်လက်ပြီးတော့ အခက်အခဲတွေကို ကြံ့ကြံ့ခိုင်နိုင်ပြီးတော့ အင်အားတွေရရှိနိုင်ပါစေ။ ရရှိလာတဲ့ အင်အားကို စုစည်းပြီးတော့မှ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်နိုင်ကြပါစေလို့ ဆုတောင်းပေးပါတယ်။” လို့ ဒုဗိုလ်မှူးကြီးစောကလယ်ဒိုက ပြောကြားခဲ့ပါတယ်။
















































