မေ-၂၀၊ ၂၀၂၆။ ထားမြတ်/People’s Spring
တနင်္သာရီတိုင်း၊တနင်္သာရီမြို့နယ်၊မောတောင်မြို့ကို ထိန်းချုပ်ထားတဲ့တော်လှန်ရေးတပ်ဖွဲ့တွေ မြို့ကနေ ဆုတ်ခွာလိုက်ရပြီး အာဏာသိမ်းစစ်တပ်က ပြန်လည်ထိန်းချုပ်ထားကြောင်းတော်လှန်ရေးသတင်းရင်းမြစ်အချို့ကအတည်ပြုပါတယ်။
ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်-ထားဝယ်ခရိုင် တပ်မဟာ(၄) နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေဟာ မောတောင်မြို့ကို ၂၀၂၅ နိုဝင်ဘာမှာ သိမ်းပိုက်နိုင်ခဲ့ပြီး စစ်တပ်က မောတောင်ပြန်ရဖို့ လေကြောင်းပစ်ကူ၊ စစ်အင်အားအများအပြားနဲ့ ပြန်ထိုးစစ်ဆင်ခဲ့ရာ ၂၀၂၆ခုနှစ် မေလ ၁၉ရက်မှာ မြို့ကို ပြန်ထိန်းချုပ်နိုင်ခဲ့တာဖြစ်ပါတယ်။
မောတောင်မြို့ စစ်တပ်ပြန်ထိန်းချုပ်သွားတာကို KNU မြိတ်ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက အတည်ပြုပါတယ်။

Public Service Announcement
ကရင်တော်လှန်ရေးသတင်းရင်းမြစ်တစ်ဦးကလည်း ရန်သူက မောတောင်မြို့ကို ပြန်ရသွားပြီလို့ ပြောပါတယ်။
“သူတို့လူ(စစ်အင်အား)လည်းသုံးများတယ်။ပြီးတော့ လေယာဉ်နဲ့ လာကြဲတယ်။ ရန်သူကတော့ သေလူများတယ်။လူအင်အားသုံးတယ်။ သူများကလေး(အဓမ္မ စစ်သားစုဆောင်းထားတဲ့ တပ်သားသစ်တွေ)သေပေမယ့်သူတို့ ဘာမှ စိတ်မပူဘူးလေ။ရန်သူကတော့ နေရာရရင်တော်ပြီ လူသေရင်သေပါစေ အဲဒီလိုမျိုးပေါ့”လို့ကရင်တော်လှန်ရေး သတင်းရင်းမြစ်က ပြောပါတယ်။
စစ်တပ်ဟာ အခုလို စစ်အင်အားသုံးပြီး KNU ကို ဆွေးနွေးပွဲလာဖို့ ဖိအားပေးမှု တခုဖြစ်တယ်လို့လည်း သူက သုံးသပ်ပါတယ်။
“KNUကတော့ လုံး၀ မသွားဘူးအရက်၁၀၀ဖြစ်ဖြစ် အရက် ၂၀၀ဖြစ်ဖြစ်။ ကျနော်တို့ KNUက နှစ်ပေါင်း ၇၀ ကျော် ရန်သူကို တိုက်နေတာလေ။ အနှစ် ၇၀ ကျော် ရန်သူက KNUကို တိုက်လို့ မရတာ အရက် ၁၀၀ က ဘာမှ မဟုတ်ဘူးလေ” လို့ ကရင်တော်လှန်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ ဝါဒဖြန့် မီဒီယာတွေက မောတောင်မြို့ကို ပြန်ထိန်းချုပ်နိုင်တဲ့ မှတ်တမ်းဓာတ်ပုံတွေဖော်ပြထားပြီးမြို့ကို ၁၅ရက်ကြာ စစ်ဆင်ရေးအတွင်း ပြန်လည်သိမ်းပိုက်နိုင်ခဲ့တာလို့ ဆိုပါတယ်။
စစ်ဆင်ရေး ၁၅ ရက်တာ အတွင်း တိုက်ပွဲကြီးငယ် အကြိမ် ၂၀၀ ကျော်ဖြစ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ တော်လှန်ရေးရဲဘော်တွေကျဆုံးထိခိုက်နဲ့ လက်နက်သိမ်းရ ရှိခဲ့ကြောင်း စစ်တပ်က ဝါဒဖြန့်ထားပေမယ့် သီးခြားအတည်ပြုချက်မရှိပါဘူး။
KNU ပူးပေါင်းတပ်ဟာ မောတောင်မြို့သိမ်းစစ်ဆင်ရေးကို ၂၀၂၅ နိုဝင်ဘာလလယ်က ဖော်ဆောင်ခဲ့ရာ ၃ရက် သာကြာမြင့်ခဲ့တာပါ။ နိုဝင်ဘာ ၁၁ရက်မှာ KNU ပူးပေါင်းတပ်က မောတောင်မြို့သိမ်း ထိုးစစ်စတင်ခဲ့ရာ တိုက်ပွဲ ၄ရက်မြောက်နေ့ နိုဝင်ဘာ ၁၄မနက်မှာ သိမ်းနိုင်ခဲ့တာပါ။စခန်းသိမ်းတိုက်ပွဲမှာ စစ်တပ်ထံက ၁၂၀ မမ လက်နက်ကြီးအပါအဝင် လက်နက်မျိုးစုံ အများအပြားသိမ်းရခဲ့သလို စစ်သုံ့ပန်း ၄၃ ဦးဖမ်းမိခဲ့ပါတယ်။
















































