Connect with us

Hi, what are you looking for?

သတင်း

ကမ္ဘာ့ဩဇာကြီး ခေါင်းဆောင်များ ကျဆုံးနေချိန်တွင် အာဆီယံ၏ ငြိမ်းချမ်းရေးပုံစံကို စံနမူနာယူရန် တီမောသမ္မတ တိုက်တွန်း

ကမ္ဘာလုံးဆိုင်ရာလုံခြုံရေး နှင့် ငြိမ်းချမ်းရေးကို ထိန်းသိမ်းရာတွင် အင်အားကြီးနိုင်ငံများနှင့် ကုလသမဂ္ဂတို့ ကြီးကြီးမားမား ကျဆုံးနေကြောင်း တီမောလက်စ်တေနိုင်ငံ သမ္မတ ဟိုဆေးရာမို့စ် ဟော်တာ (José Ramos-Horta) က ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပြီး၊ နိုင်ငံတကာအနေဖြင့် အာဆီယံ (ASEAN) ၏ ပဋိပက္ခဖြေရှင်းရေး နည်းလမ်းများကို စံနမူနာယူသင့်ကြောင်း တိုက်တွန်းပြောကြားခဲ့သည်။

ဓါတ်ပုံ- Getty Images

“မြန်မာ့ပြည်တွင်းစစ်ဟာအာဆီယံရဲ့အောင်မြင်မှု သမိုင်းကြောင်းတွေထဲက အမည်းစက်တစ်ခုပဲ ဖြစ်ပါတယ်”

— ဟိုဆေးရာမို့စ်သမ္မတဟော်တာ

​မေ-၃၁၊၂၀၂၆/People’s Spring

ကမ္ဘာလုံးဆိုင်ရာလုံခြုံရေး နှင့် ငြိမ်းချမ်းရေးကို ထိန်းသိမ်းရာတွင် အင်အားကြီးနိုင်ငံများနှင့် ကုလသမဂ္ဂတို့ ကြီးကြီးမားမား ကျဆုံးနေကြောင်း တီမောလက်စ်တေနိုင်ငံ သမ္မတ ဟိုဆေးရာမို့စ် ဟော်တာ (José Ramos-Horta) က ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပြီး၊ နိုင်ငံတကာအနေဖြင့် အာဆီယံ (ASEAN) ၏ ပဋိပက္ခဖြေရှင်းရေး နည်းလမ်းများကို စံနမူနာယူသင့်ကြောင်း တိုက်တွန်းပြောကြားခဲ့သည်။

စင်ကာပူနိုင်ငံတွင်ကျင်းပပြုလုပ်သည့် ရှန်ဂရီလာ လုံခြုံရေးဆွေးနွေးပွဲ (Shangri-La Dialogue) ၌ နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင်လည်းဖြစ်သူ တီမောသမ္မတက မိန့်ခွန်းပြောကြားရာတွင် ထိုသို့ ထည့်သွင်းပြောဆိုခဲ့ခြင်း ဖြစ်သည်။

သမ္မတ ရာမို့စ်ဟော်တာကယူကရိန်း၊ဂါဇာ၊လက်ဘနွန်နှင့် အီရန်တို့တွင် ဖြစ်ပွားနေသည့် စစ်ပွဲများကို ထောက်ပြကာ လက်ရှိ ကမ္ဘာ့အခင်းအကျင်းများကို ထိန်းကျောင်းနေသည့် အင်အားကြီးနိုင်ငံများကို ဝေဖန်ခဲ့သည်။

Public Service Announcement

Public Service Announcement

အထူးသဖြင့်ကုလသမဂ္ဂလုံခြုံရေးကောင်စီ(UN Security Council)သည်လက်တွေ့တွင် အသက်မဲ့နေပြီး မည်သို့မျှ အသုံးမဝင်တော့သည့် အခြေအနေ (Moribund and Irrelevant) သို့ ရောက်ရှိနေပြီဖြစ်ကြောင်း၊ အဖွဲ့ဝင်နိုင်ငံအသစ်များ တိုးချဲ့ခြင်း သို့မဟုတ် ဗီတိုအာဏာကို ကန့်သတ်ခြင်းမျှဖြင့် ဤအကျပ်အတည်းကို ကျော်လွှားနိုင်မည်မဟုတ်ကြောင်း၎င်းကဆိုသည်။

ကမ္ဘာကြီးကမောက်ကမဖြစ်နေချိန်တွင် အာဆီယံသည် စိတ်ရှည်သည်းခံမှုနှင့် လက်တွေ့ကျသော သံတမန်ရေးရာ ပူးပေါင်းဆောင်ရွက်မှုများကြောင့် စံပြနမူနာဖြစ်နေကြောင်း၎င်းကချီးကျူးခဲ့သည်။

၎င်း၏နိုင်ငံဖြစ်သောတီမောလက်စ်တေ သည် အတိတ်က အင်ဒိုနီးရှား၏ ကျူးကျော်မှုကြောင့် လူပေါင်းတစ်သိန်းကျော်သေဆုံးခဲ့သည့် ခါးသီးသော သမိုင်းကြောင်းရှိခဲ့သော်လည်း၊ ယနေ့အချိန်တွင် နှစ်နိုင်ငံအကြား အလွန်ရင်းနှီးသည့် မိတ်ဖက်များ ဖြစ်လာခဲ့ကြောင်း ဥပမာပေးကာ “သမိုင်းက နိုင်ငံများကို အကျဉ်းမချထားသင့်ဘဲ၊ နှလုံးသားနှင့်စိတ်ကူးစိတ်သန်းများကိုလည်းပိတ်လှောင်မထားသင့်ကြောင်း”လေးလေးနက်နက်တိုက်တွန်းသွားခဲ့သည်။

သို့သော်လည်းအာဆီယံသည် ပြီးပြည့်စုံသောအဖွဲ့အစည်းတစ်ခု မဟုတ်ကြောင်း ထောက်ပြကာ တောင်တရုတ်ပင်လယ်အရေး နှင့် မြန်မာ့ပြည်တွင်းစစ် ပြဿနာကို သမ္မတက ပွင့်ပွင့်လင်းလင်း ဝေဖန်ခဲ့သည်။

“မြန်မာ့ပြည်တွင်းစစ်ဟာ အာဆီယံရဲ့ အောင်မြင်မှု သမိုင်းကြောင်းတွေထဲက အမည်းစက်တစ်ခုပဲ ဖြစ်ပါတယ်” ဟု သမ္မတဟော်တာက သုံးနှုန်းပြောကြားခဲ့သည်။

လက်ရှိ မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော တိုက်ပွဲများသည် ဘယ်သူမှအနိုင်ရရှိမည်မဟုတ်ဘဲ တိုင်းပြည် နှင့် ပြည်သူများကိုသာ ပျက်စီးစေမည့် “အင်အားကုန်ခမ်းစေမယ့် စစ်ပွဲ” (War of exhaustion)သာဖြစ်ကြောင်း၎င်းကဆိုသည်။

အာဆီယံ၏တူညီဆန္ဒ ၅ ချက် (Five-Point Consensus) သည် ကောင်းမွန်သော်လည်း လက်ရှိတွင် စစ်တပ်၊ တိုင်းရင်းသားလက်နက်ကိုင်များနှင့် ဒီမိုကရေစီအတိုက်အခံများအပါအဝင် အဖွဲ့အစည်းအားလုံးသည်မည်သည့်ကြိုတင်ကန့်သတ်ချက်မျှမထားဘဲ “လူသားအချင်းချင်း” အနေဖြင့် စားပွဲဝိုင်းတွင် တွေ့ဆုံဆွေးနွေးကြရန် လိုအပ်နေပြီဖြစ်ကြောင်း တိုက်တွန်းခဲ့သည်။

ထို့အပြင်တောင်တရုတ်ပင်လယ်အရေးတွင်လည်းတင်းမာမှုများ လျော့ကျစေရန်အတွက် အဆိုပါဒေသကို “ငြိမ်းချမ်းရေးဇုန်” (Zone of Peace) အဖြစ်ကြေညာရဲသည့်သတ္တိမျိုးခေါင်းဆောင်များတွင် ရှိသင့်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

တီမောလက်စ်တေနိုင်ငံသည်ဆယ်စုနှစ်တစ်ခုကျော် ကြိုးပမ်းခဲ့ပြီးနောက် ပြီးခဲ့သည့်နှစ်ကမှ အာဆီယံ၏ ၁၁ ခုမြောက် အဖွဲ့ဝင်နိုင်ငံအဖြစ် တရားဝင် ဝင်ရောက်ခွင့် ရရှိခဲ့ခြင်းဖြစ်သည်။

သမ္မတ ရာမို့စ် ဟော်တာက အာဆီယံသည် မတူကွဲပြားမှုများကိုပပျောက်အောင်လုပ်ဆောင်ခြင်းမျိုးမဟုတ်ဘဲ၊ ကွဲပြားနေလင့်ကစားအတူတကွ ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အထကို ဖန်တီးပေးနိုင်ခဲ့ခြင်းကြောင့် ကမ္ဘာကြီးအနေဖြင့် အာဆီယံထံမှ သင်ခန်းစာယူရန် လိုအပ်ကြောင်း ပြောကြားကာ မိန့်ခွန်းကို နိဂုံးချုပ်ခဲ့သည်။

ကိုးကားCNA

ဆက်စပ်သတင်းများ

သတင်း

သင့်တော်အောင်ချိန်ညှိထားတဲ့ ထိတွေ့ ဆက်ဆံမှုတွေကို မြန်မာနဲ့ ပြန်လည် စတင်သင့်ကြောင်း ထိုင်းဝန်ကြီးချုပ် အနူတင် ချန်ဝီယာကူက ပြောကြားခဲ့ပါတယ်။

သတင်း

အီရန်နဲ့ ဆွေးနွေးမှု အသစ်တွေကို ဩဂုတ် ၃ ရက်နေ့မှာ နောက်တစ်ကျော့ ပြန်စနိုင်ဖို့ ရည်ရွယ်ထားကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှု အောင်မြင်ဖို့ အကောင်းမြင် မျှော်လင့်ထားကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

သတင်း

အာဏာသိမ်း စစ်တပ်ကို ထိပ်သီး အစည်းအဝေးတွေ တက်ရောက်ခွင့်ကနေ ဆက်လက် တားဆီး ပိတ်ပင်ထားမယ့် အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ရဲ့ ဆုံးဖြတ်ချက်ကို အာဆီယံ လူ့အခွင့်အရေးဆိုင်ရာ လွှတ်တော် အမတ်များ အစုအဖွဲ့ (APHR)က ကြိုဆိုလိုက်ပါတယ်။