ဇွန်-၁၁၊၂၀၂၆။ဇော်ရမ်း/People’s Spring
ရန်ကုန်မြို့မှာဇွန်လ၁၁ရက်နေ့လယ် ၁၂နာရီ ၁၈မိနစ်ခန့်က ငလျင်လှုပ်သွားပြီးအထပ်မြင့်အဆောက်အအုံတွေမှာပါသိသိသာသာ ခံစားလိုက်ရတယ်လို့မြို့ခံတွေကပြောပါတယ်။
ရန်ကုန်မြို့မှာရှိတဲ့ စမ်းချောင်း၊လှိုင်၊ကမာရွတ်၊လသာ၊ ဒေါပုံ၊ သာကေတ၊ တောင်ဥက္ကလာ၊မြောက်ဥက္ကလာ၊ကြည့်မြင့်တိုင်မြို့နယ်တွေမှာ ငလျင်လှုပ်တာကို သိသိသာသာခံစားလိုက်ရတယ်လို့ မြို့ခံတွေကလူမှုကွန်ယက်မှာရေးသားထားကြပါတယ်။ လှုပ်ခတ်မှုသိသာတယ်လို့လည်း ပြောကြပါတယ်။
ငလျင်သတင်းတွေထုတ်ပြန်ပေးနေတဲ့ Earthquake Application မှာတော့ ရန်ကုန်တိုင်းနဲ့ဆက်စပ်နေတဲ့ ပင်လယ်ဝအနီးမှာရစ်ခ်တာစကေး ၄အဆင့် ငလျင်လှုပ်သွားတယ်လို့ ဖော်ပြထားပါတယ်။

Public Service Announcement
ရန်ကုန်တိုင်း၊ တွံတေးမြို့အနီး၊ မြေအောက်အနက် ၁၀ ကီလိုမီတာခန့်ကိုဗဟိုပြုပြီး ရစ်ခ်တာစကေး ၄.၀ အဆင့်ဖြင့် အင်အားအနည်းငယ်ရှိတဲ့မြေငလျင်တစ်ခု လှုပ်ခတ်သွားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊လူမှုရေးရာ၊အလုပ်သမားနဲ့လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)ကထုတ်ပြန်ထားပါတယ်။
လှိုင်မြို့နယ်မှာဇွန်လ၆ရက်မနက်ပိုင်းကလည်းငလျင်လှုပ်သလို မြေလွှာလှုပ်ရှားမှုဖြစ်ပေါ်ခဲ့လို့ ဒေသခံတွေ စိုးရိမ်ခဲ့ကြရပါတယ်။
ရန်ကုန်မြို့ကိုသက်ရောက်စေခဲ့တဲ့ငလျင်တွေ ပြီးခဲ့တဲ့မေလအတွင်း မကြာခဏလှုပ်ရှားခဲ့လို့မြို့ခံတွေအကြားစိုးရိမ်မှုတွေရှိနေပါတယ်။ကွမ်းခြံကုန်းမြို့အနီးမြန်မာ့ကမ်းရိုးတန်းအနီးမှာ မေလ ၂၂ရက်ကရစ်ခ်တာစကေး ၄.၂ အဆင့်ရှိတဲ့ ငလျင်၊ မေလ ၁၈ ရက် မနက်ကကျောက်တန်းမြို့အနီးမြန်မာ့ကမ်းရိုးတန်းမှာ မြေအောက်အနက် ၁၀ ကီလိုမီတာခန့်ကိုဗဟိုပြုပြီး ရစ်ခ်တာစကေး ၅ဒဿမ၃အဆင့်ငလျင်လှုပ်ခဲ့လို့ ရန်ကုန်မြို့မှာသိသိသာခံစားခဲ့ရပါတယ်။
ရန်ကုန်မြို့ဟာဒေးဒရဲ ပြတ်ရွှေ့ကြောင့်ငလျင်လှုပ်ရှားနိုင်သလိုရန်ကုန်မြစ်ဝအနီးရှိ ပြတ်ရွေ့တွေနဲ့ထိုးစိုက်ဇုန်ကြောင့်လည်းငလျင်လှုပ်နိုင်တယ်လို့ ပညာရှင်တွေက သတိပေးထားပါတယ်။ပဲခူးမြို့အနီးကစစ်ကိုင်းပြတ်ရွေ့ရဲ့တောင်ဘက်စွန်းပိုင်းလှုပ်ရှားပါကလည်း ရန်ကုန်မြို့မှာ ငလျင် လှုပ်စေပါတယ်။


















































