ဇွန်-၁၇၊ ၂၀၂၆။ ဖိုးသား/People’s Spring
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ စစ်မှုထမ်းစုဆောင်းခံရသူတွေက ပျူစောထီးတွေကို ရိုက်နှက်ပြီး ထွက်ပြေးလွတ်မြောက်လာတယ်လို့ သတင်းရရှိပါတယ်။
လွတ်မြောက်လာတဲ့ စစ်မှုထမ်းစုဆောင်းခံရသူ ခုနှစ်ဦးကို ကူညီစောင့်ရှောက်ထားတယ်လို့ ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)တာ၀န်ရှိသူက ဆိုပါတယ်။
“ပျူအစောင့် သုံးယောက်ကို ရိုက်နှက်ပြီး ထွက်ပြေးလာတာ။ ဖြစ်စဉ်က အခုလ ၁၄ ရက်နေ့က”လို့ သူက ပြောပါတယ်။

Public Service Announcement
စစ်မှုထမ်းစုဆောင်းခံရသူတွေကို ရေဦးမြို့ပေါ် အထက ၂ မှာ စစ်တပ်က ထားရှိပြီး အဲဒီကတဆင့် အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ)ကို ပို့ဆောင်တယ်လို့ အသိပေးပါတယ်။
ထွက်ပြေးလွတ်မြောက်လာသူတွေထဲမှာ မှတ်ပုံတင်လုပ်ရင်း ဖမ်းဆီးခံရတာ၊ ခရီးသွားရင်း ဖမ်းခံရတာနဲ့ နေအိမ်ပေါ်တက်ပြီး စစ်မှုထမ်းစုဆောင်းခံရသူတွေ ဖြစ်တယ်လို့ သိရပါတယ်။
“တစ်ယောက်က ရေဦးမြို့မှာ မှတ်ပုံတင်သွားလုပ်ရင်းအဖမ်းခံရ။ နောက်တစ်ယောက်က ခရီးသွားရင်း စစ်ကိုင်းမှာ ကားပေါ်က ဆွဲချ ခံရ။ကျန်ငါးယောက်က အိမ်ထဲအထိဝင်ရောက်ပြီး ပေါ်တာအဆွဲခံရတာ”လို့ လွတ်မြောက်လာတဲ့ စစ်မှုထမ်းစုဆောင်းခံရသူခုနှစ်ဦး အကြောင်းကို ရေဦး ပကဖ တာ၀န်ရှိသူက ရှင်းပြပါတယ်။
၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလကစပြီး ပြည်သူ့စစ်မှုထမ်းဥပဒေကို အာဏာသိမ်းစစ်တပ်က အသက်သွင်းခဲ့ပြီးနောက် အပတ်စဉ်တစ်ခုကို လူ ၅,၀၀၀ နှုန်းနဲ့ အဓမ္မတပ်သားသစ်စုဆောင်းမှုက လက်ရှိမှာ အပတ်စဉ် ၂၅အထိ ရောက်နေပြီဖြစ်ပါတယ်။


















































