ဇွန်-၂၈၊၂၀၂၆။ဟာနာဆန်/People’s Spring
စစ်မှုထမ်း ပေါ်တာဆွဲတာကို ထောက်ခံခဲ့တဲ့ ပေါက်ကိုယ်တော်ဟာ သူ့ရဲ့ဆွေမျိုးလူငယ်တစ်ဦး ပေါ်တာဆွဲခံလိုက်ရပြီး သာမန်စစ်မှုထမ်းမဟုတ်ဘဲ အမြဲတမ်းစစ်သားအဖြစ် ထည့်သွင်းခံလိုက်ရကြောင်း ၎င်းက ပြောပါတယ်။
အာဏာသိမ်းစစ်တပ်ကို ထောက်ခံတဲ့ ပျူခေါင်းဆောင် ပေါက်ကိုယ်တော်ဟာ စစ်မှုထမ်းပေါ်တာဆွဲတဲ့ဖြစ်စဥ်တွေကို ဒီကနေ့ ဇွန်လ ၂၈ ရက်မနက်ပိုင်းမှာ ၎င်းရဲ့ Tiktok အကောင့်ကနေ ပြောဆိုခဲ့ရာ ၎င်းရဲ့ဆွေမျိုး ပေါ်တာဆွဲခံလိုက်ရတဲ့အကြောင်း ထည့်သွင်းပြောဆိုခဲ့တာပါ။
“စစ်မှုထမ်းမဆွဲဘူးလားဆိုတော့ ဆွဲတယ်။ လက်တွေ့ကချင်ပြည်နယ်၊ ရွှေကူမြို့က စစ်မှုထမ်းအဆွဲခံရတယ်။ဦးဇင်းနဲ့ကို အမျိုးမကင်းဘူး။ ဦးဇင်းရဲ့ ကျေးဇူးတွေလည်းရှိတယ်။”လို့ ပေါက်ကိုယ်တော်က ပြောပါတယ်။

Public Service Announcement
ပေါ်တာဆွဲခံလိုက်ရဲ့ ၎င်းရဲ့ဆွေမျိုးဟာ ဘွဲ့ရတစ်ဦးဖြစ်ပြီး တပ်ထဲထည့်ချိန်မှာတော့ ၆ တန်းလို့ စာရင်းသွင်းကာ သာမန်စစ်မှုထမ်းထဲမဟုတ်ဘဲ သန္ဓေတပ်သား(အမြဲတမ်းတပ်သား)အဖြစ် ထည့်သွင်းခံလိုက်ရကြောင်း ပေါက်ကိုယ်တော်က ပြောပါတယ်။
“လူငယ်သဘော စစ်မှုထမ်းဆွဲတာ လက်ခံလို့ရတယ်။ ခက်တာက လက်ခံလို့မရတာက ထီးတော်မိုးကဆွဲသွားတာ။ ထီးတော်မိုးက ဘယ်လိုတုန်းဆိုတော့ ဒီဘွဲ့ရပြီးသားလူတစ်ယောက်ကို စစ်မှုထမ်းမထည့်ဘဲ သန္ဓေထည့်တယ်။ သန္ဓေကို ခြောက်တန်းဆိုပြီးမှ ထည့်လိုက်တယ်။ အမှန်က ဘွဲ့ရပြီးသား။ ထည့်ပါ။ ဒီနေရာကမိတယ်ဆိုထည့်လိုက် ဘာမှမဖြစ်ဘူး။ ဘွဲ့ရလည်း ဘွဲ့ရအလျောက် ညအချိန်မတော်အချိန်တော် လူစုနဲ့ဟုတ်လား။ လိုက်ရတဲ့သူကလည်း ကြည်ကြည်ဖြူဖြူလက်ခံတယ်။ ဒါပေမဲ့ ဘွဲ့ရပြီးသားကို ခြောက်တန်းတို့ ခုနှစ်တန်းတို့ ထည့်တာကြီးကျ နည်းနည်း များသလားလို့။”လို့ ပေါက်ကိုယ်တော်က ပြောပါတယ်။
သန္ဓေတပ်သားဆိုတာဟာ ကိုယ်တိုင်ဆန္ဒအလျောက် ဝင်ရောက်လာတဲ့ ပုံမှန်တပ်ဖွဲ့ဝင် (အမြဲတမ်းတပ်သား)တွေကို ခေါ်ဆိုတာဖြစ်ပါတယ်။ စစ်မှုထမ်းတွေနဲ့ ကွာခြားတာကတော့ စစ်မှုထမ်းတွေဟာ ၂ နှစ် သက်မှတ်ချက်ရှိပြီး သန္ဓေတပ်သားကတော့ ၂ နှစ်မကတော့ဘဲ သက်မှတ်ထားတဲ့ ပင်စင်ယူရမယ့်အရွယ်အထိ တပ်ထဲနေရတော့မှာ ဖြစ်ပါတယ်။
ပေါက်ကိုယ်တော်ဟာပေါ်တာဆွဲတာကို လက်ခံတဲ့အပြင် လိုအပ်ရင် ၎င်းတို့ကိုယ်တိုင် ပေါ်တာဆွဲပေးနိုင်ကြောင်းနဲ့ ဇာတ်ပွဲကြည့်သူတွေကို ပေါ်တာဆွဲဖို့ တိုက်တွန်းခဲ့ဖူးပါတယ်။


















































