ဇူလိုင် ၁၂၊ ၂၀၂၆။ ထားမြတ်/People’s Spring
အာဏာသိမ်းစစ်တပ်ရဲ့ သင်္ဘောအုပ်စုကို အသေခံဒရုန်းနဲ့ တိုက်ခိုက်ခဲ့တဲ့ ရုပ်သံမှတ်တမ်းကို စစ်ရေးသတင်းရင်းမြစ်အချို့က လူမှုကွန်ရက်မှာ ဖော်ပြလာရာ စစ်သင်္ဘောကို ထိခိုက်အောင် တိုက်ခိုက်နိုင်ခဲ့တာ တွေ့ရပါတယ်။
ဇူလိုင် ၁၁ ရက်ညပိုင်းက ထွက်ပေါ်လာတဲ့ အဲဒီ ရုပ်သံမှာ တောတွင်းတနေရာက တက်လာတဲ့ အသေခံဒရုန်းတစီးဟာ မြစ်ကြောင်းအတိုင်း မောင်းနှင်နှေတဲ့ စစ်ကောင်စီသင်္ဘောအုပ်ထဲက တွန်းသင်္ဘောတစီးကို တိုက်ခိုက်ခဲ့တာ တွေ့ရပါတယ်။
ဒါနဲ့ပတ်သက်ပြီး ကချင်စစ်ရေးသတင်းရင်းမြစ်က “ ချင်းတွင်းမြစ်ဘက် တိုက်ကြတယ် ကြားတယ်” လို့ ပြောပါတယ်။ တိုက်ခိုက်မှုကို PDF တပ်တွေ တိုက်ခိုက်တာလို့လည်း သူက ပြောပါတယ်။

Public Service Announcement
လတ်တလော ကချင်ဒေသ ဧရာ၀တီမြစ်ကြောင်းဘက် စစ်သင်္ဘောတွေ တိုက်ခိုက်တဲ့ ဖြစ်ရပ်မရှိဟုလည်း သူက ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု ၊ စစ်ရာဇဝတ်မှု တွေအပါအဝင် အချက်အလက်တွေ ထောက်လှမ်း စစ်ဆေးမှု ပြုလုပ်နေတဲ့ TNISOကလည်း ဇူလိုင် ၁၁ရက်ညပိုင်းမှာ ဖော်ပြခဲ့ရာ စစ်တပ်ရဲ့ ကုန်တင်သင်္ဘောကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာဟာ မင်းကင်းမြို့နယ် ချင်းတွင်းမြစ်ကြောင်းမှာလို့ အသိပေးထားပါတယ်။
ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ သင်္ဘောအုပ်စုကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ရာ တွန်းသင်္ဘော စက်ခန်းထဲကို ဒရုန်းဝင်ရောက်သွားခဲ့တာ လို့ ဖော်ပြထားပါတယ်။
“ကုန်ပစ္စည်းတင်သင်္ဘောတွေဟာ တွန်းသင်္ဘောအကူအညီနဲ့ မြစ်ကြောင်းအတိုင်း ဆန်တက်ရတာဖြစ်လို့ တွန်းသင်္ဘောကို တိုက်ခိုက်တာဟာ မှန်ကန်တဲ့ ရွေးချယ်မှု တခု ဖြစ်ပါတယ်။ဒီတိုက်ခိုက်မှုဟာ မင်းကင်းမြို့နယ်ထဲမှာ ဖြစ်ပွားခဲ့တယ်ဆိုတာကို TNISO က စစ်ဆေးအတည်ပြုနိုင်ပါတယ်။ အချိန်ကိုတော့ စိစစ်ဆဲ ဖြစ်ပါတယ်။ဒီသင်္ဘောအုပ်စုဟာ ကလေးဝ၊ ဖောင်းပြင်၊ ဟုမ္မလင်းဘက်ဆီ ပစ္စည်းပို့ဖို့ ဖြစ်တယ်လို့ စစ်တပ်လော်ဘီတွေက ဖြန့်ဝေနေတာလည်း တွေ့ရပါတယ်။လက်ရှိမှာ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်နေတဲ့ စစ်တပ်ရဲ့ အခြား သင်္ဘောအုပ်စုလည်း ရှိနေပါတယ်။ ဒီဗီဒီယိုပါ မြင်ကွင်းကတော့ မင်းကင်းမြို့နယ်ထဲက ချင်းတွင်းမြစ်ကြောင်းပေါ်မှာ ဖြစ်ပွားခဲ့တာပါ” လို့ TNISOက ရေးသားထားပါတယ်။
မင်းကင်းဒေသ တော်လှန်ရေးအင်အားစုတွေကလည်း ဒေသတွင်း စစ်ရေး အခြေအနေကို အသိပေးထားရာ ကနီမြို့ ဆိပ်ကမ်းမှ ဆန်တက်လာသော စစ်ကောင်စီ ရဲ့ အင်အား ၊ လက်နက်ခဲယမ်း ဒရုန်း ရိက္ခာတွေပါ ဖလက်သံခွန် သင်္ဘော(၂၄)စီးနဲ့ တိုက်ခိုက်ရေး စစ်သင်္ဘော ၂ စီး စုစုပေါင်း ၂၆ စီးအုပ်စုဟာ မင်းကင်းမြို့နယ်မှ ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာနေကြောင်း ပြီးခဲ့တဲ့ ရက်ပိုင်းတွေမှာ အသိပေးထားပါတယ်။ အဲဒီ စစ်သင်္ဘောအုပ်စု ၂၆ စီးရဲ့ ရှေ့ပွိုင့်ဟာ ကလေးဝမြို့ ဆိပ်ကမ်းသို့ ရောက်ရှိဆိုက်ကပ် ကျောက်ချနေတယ်လို့လည်း ဖော်ပြထားပါတယ်။
စစ်သင်္ဘောအုပ်စု ဖြတ်သန်းစဉ် ကနီနဲ့ မင်းကင်းမြို့နယ်အစပ်အရောက် ဇူလိုင် ၇ရက် ညနေပိုင်းမှာ တော်လှန်ရေးတပ်တွေက တိုက်ခိုက်ခဲ့ပါသေးတယ်။ လက်နက်ကြီး၊ လက်နက်ငယ်၊ စနိုက်ပါတွေနဲ့ ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ ချင်းတွင်းနွေဦး တော်လှန်ရေးအင်အားစုက အသိပေးထားပါတယ်။
အဲဒီ စစ်သင်္ဘောအုပ်စုဟာ ဟုမ္မလင်းမြို့နယ်အထိ ဆန်တက်မယ့်အနေအထားလို့ သုံးသပ်ထားပါတယ်။ အဲဒီ စစ်သဘောအုပ်စု ကနီနယ်ဖြတ်သန်းစဉ်မှာ တော်လှန်ရေးအင်အားစုတွေက တိုက်ခိုက်ခဲ့သလို စစ်ကောင်စီကလည်း မြစ်ကမ်းဘေး ရွာတွေကို ရမ်းသမ်းပစ်ခတ်ခဲ့လို့ ဒေသခံတွေ တိမ်းရှောင်ခဲ့ကြရပါတယ်။
ရုပ်သံ – Paw Luh Reaction

















































