Connect with us

Hi, what are you looking for?

သတင်း

မြဝတီ​တောင်ဘက် ရဲကုန်းတိုက်ပွဲ စစ်တပ်စစ်​ကြောင်းတစ်​ကြောင်းလုံး​ချေမှုန်းခံရ

ခမရ(၅၅၆)တပ်ရင်း ဒုတပ်ရင်းမှူး ဗိုလ်မှူးတင်ကို ၊BGF ဗိုလ်မုတ်သုန်အဖွဲ့က တပ်ခွဲမှူး ၁ဦး နဲ့ DKBAဗိုလ်ဘိခွဲထွက်ကတပ်ဖွဲ့ဝင်​တွေအပါအဝင်စစ်​ကြောင်းတစ်ခုလုံး​နီးပါးသေဆုံးပြီး စစ်သုံ့ပန်း ၄ ဦးဖမ်းမိ

စစ်သုံ့ပန်း​လေးဦး ။ဓါတ်ပုံ-​ပေးပို့

ဇူလိုင်-၁၆၊၂၀၂၆။ကိုဒီး/People’s Spring

ကော်ဘရာစစ်ကြောင်းစစ်ဆင်ရေးမှူး ဗိုလ်မှူးဒါဘောဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေ ဆုတ်ခွာပေးလိုက်တဲ့ လေးကေ့ကော်မြို့သစ်အနောက်ဘက်နားကရဲကုန်းနေရာကိုစစ်တပ်စစ်​​ကြောင်းဝင်ရောက်လာချိန်မှာတော်လှန်ရေးတပ်တွေကတိုက်ခိုက်ရာ အမှတ်(၁၃)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၃)လက်အောက်ခံ စစ်​ကြောင်းတစ်​ကြောင်းလုံးသေဆုံးခဲ့တယ်လို့ လူထု​နွေဦးရဲ့ကရင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

ဇူလိုင် ၁၆ရက် နေ့လယ် ၁၂နာရီခန့်မှာစကခ (၁၃)လက်​အောက်ခံ ခမရ(၅၅၆)တပ်ရင်း ဒုတပ်ရင်းမှူး ဗိုလ်မှူးတင်ကို ဦးစီးတဲ့ စစ်ကြောင်းကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ခဲ့ရာမှာ ဒုတပ်ရင်းမှူး ဗိုလ်မှူးတင်ကိုအပါအဝင် စစ်ကြောင်းတစ်ခုလုံးနီးပါး သေဆုံးခဲ့​ပြီးစစ်သုံ့ပန်းအချို့ကိုလည်းဖမ်းမိကာ လက်နက်ခဲယမ်း​တွေလည်းသိမ်းဆည်းရရှိတယ်လို့ အထက်ပါစစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။

(စစ်တပ်စစ်​ကြောင်းထံမှ သိမ်းဆည်းရရှိတဲ့လက်နက်ခဲယမ်း​တွေ။ဓါတ်ပုံ-​ပေးပို့ )

ဒါ့အပြင် ကရင်နယ်ခြားစောင့်တပ်(BGF)က ဗိုလ်မုတ်သုန်အဖွဲ့က တပ်ခွဲမှူး ၁ဦးအပြင် စစ်ကူတိုက်ပေးနေတဲ့ တိုးတက်သော ဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မတော် (DKBA)က ဗိုလ်ဘိခွဲထွက်အဖွဲ့က တပ်သားတွေလည်း သေဆုံးတယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“သူတို့(စစ်တပ်)က ရဲကုန်းကိုရပြီးဆိုပြီး ပျော်နေတယ်လေ။ထောင်ခြောက်ပေါ့။ အမှန်တော့ အင်အားအလုံးအရင်းနဲ့တက်လာတိုင်း တော်လှန်ရေးအဖွဲ့တွေက ကြောက်သွားမယ် ထင်တာကိုး ။ ဟပေးလိုက်ရော ဝိုင်းတက်လာတဲ့အချိန်မှာ တော်လှန်ရေးအဖွဲ့တွေက ဝိုင်းတွယ်လိုက်တာ”လို့ ကရင်သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

တိုက်ပွဲဟာ ဇူလိုင် ၁၆ ရက်နေ့လယ် ၁၂နာရီလောက်က ရဲကုန်းနေရာ အကျော်မှာ တိုက်ပွဲပြင်းထန်ခဲ့တာလို့ ဆိုပါတယ်။

အဲဒီတိုက်ပွဲအတွင်း စစ်သုံးပန်း ၄ ဦးလည်း ဖမ်းမိပြီး လက်နက်ခဲယမ်းတွေလည်း ဗိုလ်မှူးဒါဘောဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းရခဲ့တယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။စစ်သုံ့ပန်း ၄ ဦးစလုံးဟာ စစ်တပ်ကအဓမ္မစု​ဆောင်းထားတဲ့စစ်မှုထမ်းသင်တန်းဆင်း ပြည်သူ့စစ်(ပစ)တပ်သား​လေးဦးဖြစ်ပါတယ်။

စစ်တပ်က စစ်ကြောင်းတစ်ခုလုံးပျက်တဲ့အထိ တိုက်ခိုက်ခံရလို့ ဒီကနေ့မှာ ဂျက်ဖိုက်တာ၊ Y12 တွေနဲ့ အဆက်အပြတ် ဗုံးလာကြဲခဲ့တယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

ဇူလိုင် ၇ရက် ညနေပိုင်းလောက်ကစတဲ့ မြဝတီမြို့တောင်ဘက်ခြမ်းကဖလူးနဲ့ မင်းလက်ပံဒေသ တစ်​ကျော့ပြန်တိုက်ပွဲဟာ စစ်တပ်က သေဆုံးနဲ့ ဒဏ်ရာရသူတွေနဲ့ အထိနာနေပါတယ်။

အဲဒီနောက်ပိုင်းမှာ တော်လှန်ရေးတပ်ဖွဲ့တွေက ရဲကုန်းနေရာကနေ ဆုတ်ခွာပေးလိုက်တဲ့အခါ စစ်တပ်စစ်ကြောင်းက နေရာဝင်ယူ တပ်စွဲခဲ့တာ ဖြစ်ပါတယ်။ ရဲကုန်းနေရာဟာ စစ်ရေးအတွက် အရေးမပါတဲ့နေရာဖြစ်တဲ့အတွက် တော်လှန်ရေးတပ်တွေက လှည့်စားပြီး ဆုတ်ခွာပေးလိုက်တဲ့အပေါ် စစ်တပ်ထောက်ခံသူတွေက ရဲကုန်းနေရာကို သိမ်းရပြီဆိုပြီး အောင်ပွဲခံခဲ့ကြပါသေးတယ်။

ဇူလိုင် ၁၆ ရက်မှာတော့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ဦး​ဆောင်တဲ့​တော်လှန်​ရေးတပ်တွေက ချေမှုန်းတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ လူထုနွေဦးရဲ့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။

မြဝတီမြို့တောင်ဘက်ခြမ်းက ဖလူးနဲ့ မင်းလက်ပံဒေသကို လေးရက်နဲ့သိမ်းပိုက်မယ်ဆိုပြီးအင်အား ၂၀၀၀ ကျော်နဲ့ တက်လာတဲ့ စစ်တပ်ဟာ တိုက်ပွဲစဖြစ်တဲ့နေ့မှာပဲ ​တော်လှန်​ရေးတပ်​တွေရဲ့တိုက်ခိုက်မှု​ကြောင့် အထိနာခဲ့တာဖြစ်ပါတယ်။

ဖလူးနဲ့ မင်းလက်ပံကျေးရွာကို သိမ်းရရင်အုပ်ချုပ်ခွင့်ပေးမယ်လို့ စစ်တပ်က မက်လုံးပေးပြီး တိုးတက်သော ဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မတော် (DKBA)က ဗိုလ်ဘိခွဲထွက်အဖွဲ့ ကအင်အား ၁၀၀ ​ကျော် နဲ့ ကရင်နယ်ခြားစောင့်တပ် (BGF) က ဗိုလ်မုတ်သုန်ခွဲထွက်အဖွဲ့ကအင်အား ၂၀၀ ခန့်ကိုပါ စစ်ကူခေါ်ကာ ဇူလိုင် ၇ရက်မှာ တကျော့ပြန်ထိုးစစ်ဆင်လာတာ ဖြစ်ပါတယ်။

စစ်တပ်နဲ့ DKBA ၊BGF ပူးပေါင်းအဖွဲ့ဟာ ဖလူးနဲ့ မင်းလက်ပံဒေသကို ဇူလိုင် ၁၀ရက်နေ့ အပြီးသိမ်းပိုက်ဖို့ ညွှန်ကြားချက်နဲ့ ထိုးစစ်ဆင်လာတာလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ၁၀ရက်ကြာတဲ့အထိ စစ်တပ် ပူးပေါင်းတပ်တွေက ရှေ့မတိုးနိုင်သေးဘဲ အထိနာနေတာ ဖြစ်ပါတယ်။

မြဝတီမြို့တောင်ဘက်ခြမ်းက တိုက်ပွဲကို စစ်တပ်ရဲ့အမှတ်(၂)စစ်ဗျူဟာမှူး၊တပ်မ(၂၂)တပ်မမှူး ဗိုလ်မှူးကြီး ကျော်ထင်အေး က ဦးစီးကွပ်ကဲနေတာလို့ စုံစမ်းသိရပါတယ်။

တိုက်ပွဲမှာ အထိနာပြီးတဲ့​နောက် စစ်တပ်ဟာ KNU/KNLAကို ထိုင်းအစိုးရက ဖိအားပေးဖို့အတွက်ထိုင်းနိုင်ငံဘက်ခြမ်းကို ကျည်ကျအောင် တမင်းရည်ရွယ်ချက်ရှိရှိနဲ့ ပစ်ခတ်နေတယ်လို့လည်း ကရင်စစ်ရေးသတင်းရင်းမြစ်တွေက ​ပြောပါတယ်။

ဇူလိုင် ၁၀ ရက်မှာလည်း စစ်တပ်က ပစ်ခတ်လိုက်တဲ့ မပေါက်ကွဲသေးတဲ့ လက်နက်ကြီးကျည်ဟာ တာချ်ခရိုင် မဲဆောက်မြို့က ထိုင်းဘုန်းကြီးကျောင်းအတွင်း ကျရောက်ခဲ့လို့ ထိုင်းစစ်တပ်က ဖယ်ရှားခဲ့ရပါသေးတယ်။

မြဝတီမြို့တောင်ဘက်ခြမ်းက တိုက်ပွဲတွေအတွင်း စစ်တပ်က အမှတ်(၁၃)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၃)နဲ့ ရဲတပ်ရင်းကိုပါ စစ်ကူခေါ်ယူ အင်အားဖြည့်တင်းထားပါတယ်။

စစ်တပ်ဟာ မြဝတီမြို့တောင်ဘက်ခြမ်းက ဒေသတွေကို စိုးမိုးနိုင်ဖို့အတွက် မင်းလက်ပံ၊ ဖလူးကြီး၊ ဖလူးလေး ကျေးရွာတွေကို ပြန်သိမ်းဖို့ ပြီးခဲ့တဲ့ ၂၀၂၅ အောက်တိုဘာကတည်းက စစ်ကြောင်း ၃ ကြောင်းနဲ့ ထိုးစစ်ဆင်ပေမယ့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ဦး​ဆောင်တဲ့ တော်လှန်ရေးပူး​ပေါင်းတပ်​တွေ ဖြတ်​တောက်တိုက်ခိုက်မှု​ကြောင့် ​ရှေ့မတိုးနိုင်ပဲဖြစ်​နေတာပါ။

ဆက်စပ်သတင်းများ

သတင်း

ထိုင်း - မြန်မာနယ်စပ်မြို့ဖြစ်တဲ့ကရင်ပြည်နယ် ၊ မြဝတီမြို့မှာပြီးခဲ့တဲ့ ရက်သတ္တပတ်တွေကစတင်ပြီးအာဏာသိမ်းစစ်တပ်နဲ့ လက်ဝေခံ ပြည် သူ့စစ်အဖွဲ့ကနေ့ခင်းကြောင်တောင်ပေါ်တာဆွဲသလို ညပိုင်းတွေမှာလည်း ကားတွေနဲ့ ပတ်ပြီး ပေါ်တာဆွဲနေတယ်လို့ မြို့ခံသတင်းရင်းမြစ်တွေဆီကသိရပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြ၀တီခရိုင်၊ ကျောက်ခက်နယ်မြေအနီးရှိသဲဖြူချောင်းရွာဝန်းကျင်မှာထိုးစစ်ဆင်လာနေတဲ့အာဏာသိမ်းစစ်တပ်စစ်ကြောင်းနဲ့ KNU ပူးပေါင်းတပ်တို့ လက်ရှိအောက်တိုဘာလဆန်းပိုင်းမှာတိုက်ပွဲတွေပြန် လည်ဖြစ်ပွားနေတယ်လို့ ကရင်သတင်းရင်းမြစ်ကပြောပါတယ်။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၊ကြိုး၀ကျေးရွာမှာ အထိုင်ချပြီး ရခိုင်ရိုးမဘက်တက်ဖို့ကြိုးပမ်းမယ့် အာဏာသိမ်းစစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရာ အထိနာပြီး မင်းတုန်းမြို့ဘက်ပြန်ဆုတ်သွားတယ်လို့ သရက်ခရိုင်အမှတ် (၄) တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ခမောက်ကြီးမြို့နယ်မှာစစ်တပ်စစ်ကြောင်း ဝင်လာလို့ကြောက်လန့်ပြီး ထိုင်းနိုင်ငံဖက်ကို ထွက်ပြေးတဲ့ စက်လှေ တိမ်းမှောက်ပြီးဒေသခံနှစ်ဦးသေဆုံးသွားတယ်လို့ ကော့သောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကထုတ်ပြန်ပါတယ်။

Trending

Facebook