ဇူလိုင်-၁၆၊၂၀၂၆။ကိုဒီး/People’s Spring
ကော်ဘရာစစ်ကြောင်းစစ်ဆင်ရေးမှူး ဗိုလ်မှူးဒါဘောဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေ ဆုတ်ခွာပေးလိုက်တဲ့ လေးကေ့ကော်မြို့သစ်အနောက်ဘက်နားကရဲကုန်းနေရာကိုစစ်တပ်စစ်ကြောင်းဝင်ရောက်လာချိန်မှာတော်လှန်ရေးတပ်တွေကတိုက်ခိုက်ရာ အမှတ်(၁၃)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၃)လက်အောက်ခံ စစ်ကြောင်းတစ်ကြောင်းလုံးသေဆုံးခဲ့တယ်လို့ လူထုနွေဦးရဲ့ကရင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
ဇူလိုင် ၁၆ရက် နေ့လယ် ၁၂နာရီခန့်မှာစကခ (၁၃)လက်အောက်ခံ ခမရ(၅၅၆)တပ်ရင်း ဒုတပ်ရင်းမှူး ဗိုလ်မှူးတင်ကို ဦးစီးတဲ့ စစ်ကြောင်းကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ခဲ့ရာမှာ ဒုတပ်ရင်းမှူး ဗိုလ်မှူးတင်ကိုအပါအဝင် စစ်ကြောင်းတစ်ခုလုံးနီးပါး သေဆုံးခဲ့ပြီးစစ်သုံ့ပန်းအချို့ကိုလည်းဖမ်းမိကာ လက်နက်ခဲယမ်းတွေလည်းသိမ်းဆည်းရရှိတယ်လို့ အထက်ပါစစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။

ဒါ့အပြင် ကရင်နယ်ခြားစောင့်တပ်(BGF)က ဗိုလ်မုတ်သုန်အဖွဲ့က တပ်ခွဲမှူး ၁ဦးအပြင် စစ်ကူတိုက်ပေးနေတဲ့ တိုးတက်သော ဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မတော် (DKBA)က ဗိုလ်ဘိခွဲထွက်အဖွဲ့က တပ်သားတွေလည်း သေဆုံးတယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

Public Service Announcement
“သူတို့(စစ်တပ်)က ရဲကုန်းကိုရပြီးဆိုပြီး ပျော်နေတယ်လေ။ထောင်ခြောက်ပေါ့။ အမှန်တော့ အင်အားအလုံးအရင်းနဲ့တက်လာတိုင်း တော်လှန်ရေးအဖွဲ့တွေက ကြောက်သွားမယ် ထင်တာကိုး ။ ဟပေးလိုက်ရော ဝိုင်းတက်လာတဲ့အချိန်မှာ တော်လှန်ရေးအဖွဲ့တွေက ဝိုင်းတွယ်လိုက်တာ”လို့ ကရင်သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
တိုက်ပွဲဟာ ဇူလိုင် ၁၆ ရက်နေ့လယ် ၁၂နာရီလောက်က ရဲကုန်းနေရာ အကျော်မှာ တိုက်ပွဲပြင်းထန်ခဲ့တာလို့ ဆိုပါတယ်။
အဲဒီတိုက်ပွဲအတွင်း စစ်သုံးပန်း ၄ ဦးလည်း ဖမ်းမိပြီး လက်နက်ခဲယမ်းတွေလည်း ဗိုလ်မှူးဒါဘောဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းရခဲ့တယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။စစ်သုံ့ပန်း ၄ ဦးစလုံးဟာ စစ်တပ်ကအဓမ္မစုဆောင်းထားတဲ့စစ်မှုထမ်းသင်တန်းဆင်း ပြည်သူ့စစ်(ပစ)တပ်သားလေးဦးဖြစ်ပါတယ်။
စစ်တပ်က စစ်ကြောင်းတစ်ခုလုံးပျက်တဲ့အထိ တိုက်ခိုက်ခံရလို့ ဒီကနေ့မှာ ဂျက်ဖိုက်တာ၊ Y12 တွေနဲ့ အဆက်အပြတ် ဗုံးလာကြဲခဲ့တယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
ဇူလိုင် ၇ရက် ညနေပိုင်းလောက်ကစတဲ့ မြဝတီမြို့တောင်ဘက်ခြမ်းကဖလူးနဲ့ မင်းလက်ပံဒေသ တစ်ကျော့ပြန်တိုက်ပွဲဟာ စစ်တပ်က သေဆုံးနဲ့ ဒဏ်ရာရသူတွေနဲ့ အထိနာနေပါတယ်။
အဲဒီနောက်ပိုင်းမှာ တော်လှန်ရေးတပ်ဖွဲ့တွေက ရဲကုန်းနေရာကနေ ဆုတ်ခွာပေးလိုက်တဲ့အခါ စစ်တပ်စစ်ကြောင်းက နေရာဝင်ယူ တပ်စွဲခဲ့တာ ဖြစ်ပါတယ်။ ရဲကုန်းနေရာဟာ စစ်ရေးအတွက် အရေးမပါတဲ့နေရာဖြစ်တဲ့အတွက် တော်လှန်ရေးတပ်တွေက လှည့်စားပြီး ဆုတ်ခွာပေးလိုက်တဲ့အပေါ် စစ်တပ်ထောက်ခံသူတွေက ရဲကုန်းနေရာကို သိမ်းရပြီဆိုပြီး အောင်ပွဲခံခဲ့ကြပါသေးတယ်။
ဇူလိုင် ၁၆ ရက်မှာတော့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ဦးဆောင်တဲ့တော်လှန်ရေးတပ်တွေက ချေမှုန်းတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ လူထုနွေဦးရဲ့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။
မြဝတီမြို့တောင်ဘက်ခြမ်းက ဖလူးနဲ့ မင်းလက်ပံဒေသကို လေးရက်နဲ့သိမ်းပိုက်မယ်ဆိုပြီးအင်အား ၂၀၀၀ ကျော်နဲ့ တက်လာတဲ့ စစ်တပ်ဟာ တိုက်ပွဲစဖြစ်တဲ့နေ့မှာပဲ တော်လှန်ရေးတပ်တွေရဲ့တိုက်ခိုက်မှုကြောင့် အထိနာခဲ့တာဖြစ်ပါတယ်။
ဖလူးနဲ့ မင်းလက်ပံကျေးရွာကို သိမ်းရရင်အုပ်ချုပ်ခွင့်ပေးမယ်လို့ စစ်တပ်က မက်လုံးပေးပြီး တိုးတက်သော ဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မတော် (DKBA)က ဗိုလ်ဘိခွဲထွက်အဖွဲ့ ကအင်အား ၁၀၀ ကျော် နဲ့ ကရင်နယ်ခြားစောင့်တပ် (BGF) က ဗိုလ်မုတ်သုန်ခွဲထွက်အဖွဲ့ကအင်အား ၂၀၀ ခန့်ကိုပါ စစ်ကူခေါ်ကာ ဇူလိုင် ၇ရက်မှာ တကျော့ပြန်ထိုးစစ်ဆင်လာတာ ဖြစ်ပါတယ်။
စစ်တပ်နဲ့ DKBA ၊BGF ပူးပေါင်းအဖွဲ့ဟာ ဖလူးနဲ့ မင်းလက်ပံဒေသကို ဇူလိုင် ၁၀ရက်နေ့ အပြီးသိမ်းပိုက်ဖို့ ညွှန်ကြားချက်နဲ့ ထိုးစစ်ဆင်လာတာလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ၁၀ရက်ကြာတဲ့အထိ စစ်တပ် ပူးပေါင်းတပ်တွေက ရှေ့မတိုးနိုင်သေးဘဲ အထိနာနေတာ ဖြစ်ပါတယ်။
မြဝတီမြို့တောင်ဘက်ခြမ်းက တိုက်ပွဲကို စစ်တပ်ရဲ့အမှတ်(၂)စစ်ဗျူဟာမှူး၊တပ်မ(၂၂)တပ်မမှူး ဗိုလ်မှူးကြီး ကျော်ထင်အေး က ဦးစီးကွပ်ကဲနေတာလို့ စုံစမ်းသိရပါတယ်။
တိုက်ပွဲမှာ အထိနာပြီးတဲ့နောက် စစ်တပ်ဟာ KNU/KNLAကို ထိုင်းအစိုးရက ဖိအားပေးဖို့အတွက်ထိုင်းနိုင်ငံဘက်ခြမ်းကို ကျည်ကျအောင် တမင်းရည်ရွယ်ချက်ရှိရှိနဲ့ ပစ်ခတ်နေတယ်လို့လည်း ကရင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
ဇူလိုင် ၁၀ ရက်မှာလည်း စစ်တပ်က ပစ်ခတ်လိုက်တဲ့ မပေါက်ကွဲသေးတဲ့ လက်နက်ကြီးကျည်ဟာ တာချ်ခရိုင် မဲဆောက်မြို့က ထိုင်းဘုန်းကြီးကျောင်းအတွင်း ကျရောက်ခဲ့လို့ ထိုင်းစစ်တပ်က ဖယ်ရှားခဲ့ရပါသေးတယ်။
မြဝတီမြို့တောင်ဘက်ခြမ်းက တိုက်ပွဲတွေအတွင်း စစ်တပ်က အမှတ်(၁၃)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၃)နဲ့ ရဲတပ်ရင်းကိုပါ စစ်ကူခေါ်ယူ အင်အားဖြည့်တင်းထားပါတယ်။
စစ်တပ်ဟာ မြဝတီမြို့တောင်ဘက်ခြမ်းက ဒေသတွေကို စိုးမိုးနိုင်ဖို့အတွက် မင်းလက်ပံ၊ ဖလူးကြီး၊ ဖလူးလေး ကျေးရွာတွေကို ပြန်သိမ်းဖို့ ပြီးခဲ့တဲ့ ၂၀၂၅ အောက်တိုဘာကတည်းက စစ်ကြောင်း ၃ ကြောင်းနဲ့ ထိုးစစ်ဆင်ပေမယ့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ ဖြတ်တောက်တိုက်ခိုက်မှုကြောင့် ရှေ့မတိုးနိုင်ပဲဖြစ်နေတာပါ။


















































