ဇူလိုင်-၁၉၊၂၀၂၆။ဖိုးသား/People’s Spring
မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ် စစ်ကြောင်းထိုးနေတဲ့ကြားက အာဇာနည်နေ့ အခမ်းအနားကို တော် လှန်ရေးအင်အားစုတွေ ကျင်းပခဲ့ပါတယ်။
ဒီကနေ့ ကျရောက်တဲ့ (၇၉)နှစ်မြောက်အာဇာနည်နေ့ အတွက် ” အာဇာနည်တိုင်းသမိုင်းမသေ” ကြွေးကြော်သံနဲ့ ပြုလုပ်တဲ့ အာဇာနည်နေ့အခမ်းအနားကို မြိုင်မြို့နယ်ရှိ 8+အညာမြေစစ်ဆင်ရေးအဖွဲ့ နဲ့ မြိုင်ဒေါင်းမင်းမြေပြင်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဦးဆောင်ကာ မြိုင်မြို့နယ်တိုက်နယ်(၃) အုပ်ချုပ်ရေးမှူးတွေနဲ့ ကျောင်းသား၊ကျောင်းသူတွေ တက်ရောက်ခဲ့ပါတယ်။
“စစ်မိစ္ဆာအာဏာရှင်တွေဟာ ရုပ်ထုတွေကို ဖျက်ဆီးတိုင်း သမိုင်းဟာကွယ်သွားမယ်လို့ ထင်ယောင်ထင်မှားဖြစ်နေပုံရပါတယ်။ သူတို့ထင်မြင်ချက်ဟာ တတ်တတ်စင်အောင် လွှဲမှားတယ်။ဒီကနေ့ ဖြစ်ရပ်တွေက စကားပြောနေပါပြီ ။သွေးနဲ့ရေးတဲ့သမိုင်းတွေဟာ ကမ္ဘာတည်သရွေ့ အမြဲတည်တံ့နေတယ်။ဘယ်လို အမိန့်အာဏာနဲ့မှ ဒီသမိုင်းတွေကို ဖျောက်ဖျက်လို့မရပါဘူး”လို့ အခမ်းအနားစီစဉ်သူတစ်ဦးက ပြောပါတယ်။

Public Service Announcement
အာဇာနည် (၉) ဦးအပါအဝင် လွတ်လပ်ရေး၊ တန်းတူရေးနဲ့ ဒီမိုကရေစီအတွက် ခေတ်အဆက်ဆက် ပေးဆပ်ခဲ့ကြတဲ့ အာဇာနည်သူရဲကောင်းတွေရဲ့ သတ္တိဂုဏ်၊ ကျေးဇူးဂုဏ်တွေ မမေ့လျော့ဖို့လည်း သူက တိုက်တွန်းပါတယ်။
လက်တလော မြိုင်မြို့နယ်အနောက်ခြမ်းကို စစ်တပ်က အင်အား ၆၀၀ ၀န်းကျင်နဲ့ စစ်ကြောင်းထိုးနေတဲ့အပြင် လေကြောင်းတိုက်ခိုက်မှုတွေပါရှိနေတာကြောင့် သေခံ ပြည်သူထောင်နဲ့ချီ နေရပ်စွန့်ခွာတိမ်ရှောင်နေရပါတယ်။
မြိုင်နဲ့ ပေါက်မြို့နယ်က စစ်တပ်ရဲ့ စခန်းနဲ့နယ်မြေတွေကို ပြီးခဲ့တဲ့လက တော်လှန်ရေးတပ်တွေ သိမ်းပိုက်ခဲ့ပြီးနောက် ပခုက္ကူမြို့ အခြေစိုက် တပ်မ(၁၀၁)ကနေ စစ်တပ်က တန်ပြန်ထိုးစစ်ဆင်လာတာပါ။
အထူးသဖြင့် ပေါက်နဲ့ မြိုင်လမ်းမကြီး ဘေးတလျှောက်က ကျေးရွာတွေကို စစ်ကြောင်းတွေ၀င်ရောက်ပြီး မီးရှို့တာ၊လူသတ်တာနဲ့ ဒေသခံတေါရဲ့ ပစ္စည်းတွေ သိမ်းဆည်းနေပါတယ်။
အရပ်ဘက်စစ်ရှောင်ကူညီသူတွေ စုဆောင်းထားတဲ့ အချက်အလက်တွေအရ ဇူလိုင် ၁၃ ရက် ကနေ ဇူလိုင် ၁၅ ရက်အထိ သက်ကြီးရွယ်အိုတွေနဲ့ သတ်လတ်ပိုင်းအရွယ် အမျိုး သား စုစုပေါင်း ၅ဦးကို စစ်တပ်စစ်ကြောင်းက သတ်ဖြတ်ခဲ့ပါတယ်။
ဒါ့အပြင် ထောက်ရှာပင်၊ ကန်နက်၊လက် ခုပ်ပင်၊မြင်းကိုးသစ်နဲ့ ကိုင်းတောမရွာက နေအိမ်တွေကိုမီးရှို့ခဲ့ပြီးဝါးရင်းချိုင်ရွာက နေအိမ်တွေကို မွှေနှောက်ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။
လက်ရှိမှာ မြိုင်မြို့အနောက်ခြမ်း (၁၅)မိုင်၀န်းကျင် အကွာက ကျွဲတွင်းနဲ့ဂွေးကုန်းကျေးရွာတွေမှာ စစ်တပ်စစ်ကြောင်း ရောက်နေတဲ့အပြင် လေကြောင်းကပါ ရိက္ခာထုပ်တွေပို့ခဲ့ပါတယ်။
အဲဒါကြောင့် စစ်တပ်စစ်ကြောင်း ရှေ့ဆက်တိုးနိုင်ပြီး ပေါက်နဲ့ မြိုင်မြို့နယ် စပ်ကြားက ရေနံနယ်မြေတွေကို ဦးတည်လာနိုင်တယ်လို့ ဒေသတွင်းတော်လှန်ရေးတပ်တွေနဲ့ နီးစပ်သူတွေက ခန့်မှန်းပါတယ်။


















































