Connect with us

Hi, what are you looking for?

သတင်း

မလေးရှားသွားတဲ့ ရိုဟင်ဂျာဒုက္ခသည် ၂၇၀ကျော် ပင်လယ်ပြင်မှာ ပျောက်ဆုံးနေ

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ဆင်တက်မော်ကျေးရွာကနေ မလေးရှားကို စက်လှေနဲ့ သွားခဲ့ကြတဲ့ ရိုဟင်ဂျာဒုက္ခသည် ၂၇၀ကျော်ဟာ ပင်လယ်ပြင်အတွင်း ပျောက်ဆုံးနေပြီး အခုထိ အဆက်အသွယ်မရသေးဘူးလို့ ဒေသခံရိုဟင်ဂျာတွေက ပြောပါတယ်။

(ပင်လယ်ပြင်အတွင်း ရိုဟင်ဂျာဒုက္ခသည်အချို့ကိုတွေ့ရစဥ်။ ဓာတ်ပုံ - Reuters)

ဇူလိုင်-၂၇၊ ၂၀၂၆။ ခိုင်မြတ်/People’s Spring

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ဆင်တက်မော်ကျေးရွာကနေ မလေးရှားကို စက်လှေနဲ့ သွားခဲ့ကြတဲ့ ရိုဟင်ဂျာဒုက္ခသည် ၂၇၀ကျော်ဟာ ပင်လယ်ပြင်အတွင်း ပျောက်ဆုံးနေပြီး အခုထိ အဆက်အသွယ်မရသေးဘူးလို့ ဒေသခံရိုဟင်ဂျာတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လကုန်ပိုင်းမှာ ဆင်တက်မော်ကျေးရွာကနေ စက်လှေနှစ်စီးနဲ့ ထွက်ခွာသွားခဲ့ကြတာဖြစ်ပြီး နှစ်စီးလုံး နစ်မြုပ်တာဖြစ်နိုင်ကာ အခုထိ အဆက်အသွယ်မရသေးတာလို့ ဆိုပါတယ်။

“လူ၂၇၀ ကျော်၊ ၂၈၀ လောက်ပါမယ်။ အဆက်အသွယ် လုံး၀မရဘူး။ အဖမ်းခံရတဲ့သတင်းတွေလည်း မကြားတော့ သေသွားတာပဲဖြစ်နိုင်တယ်။ ပုံမှန်ဆိုရင် မလေးရှားကို ရက်ပိုင်းပဲ သွားရတာ။ အခုထိ အဆက်အသွယ်မရတာက သေသွားလို့ပဲဖြစ်မယ်”လို့ ဆင်တက်မော် ရိုဟင်ဂျာဒုက္ခသည်စခန်းမှ ဒုက္ခသည်တစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

မလေးရှားနိုင်ငံဆီ ထွက်ခွာသွားတဲ့စက်လှေမှာ ပေါက်တောမြို့နယ် ဆင်တက်မော်၊ အနောက်ရဲစတဲ့ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေက ဒုက္ခသည်တွေအပြင် ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ စစ်တွေ၊ မြေပုံမြို့နယ်တို့က ရိုဟင်ဂျာတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

စစ်တွေမြို့ခံတစ်ဦးကတော့ စစ်တွေကမ်းခြေမှာ ရိုဟင်ဂျာအလောင်းအချို့ မျှောပါတွေ့ရှိတာတွေ ရှိခဲ့တယ်လို့ ဆိုပြီး အဲဒီအလောင်းတွေဟာ မလေးရှားထွက်ခွာတဲ့ ရိုဟင်ဂျာတွေရဲ့ အလောင်းဟုတ်၊ မဟုတ်ကိုတော့ အတည်မပြုနိုင်ဘူးလို့ ဆိုပါတယ်။

“ရေကြီးတဲ့အချိန်တုန်းက စစ်တွေကမ်းခြေမှာ အလောင်းတွေရတယ်။ သုံးလောင်းလား၊ လေးလောင်းလားမသိဘူး။ ရဲက တွေ့တာပါ။ မူဆလင်အလောင်းတွေပဲ၊ စက်လှေပျက်ပြီး မျောလာတာဖြစ်နိုင်တယ်”လို့ စစ်တွေမြို့ခံတစ်ဦးက ပြောပါတယ်။

မြေပုံမြို့နယ်မှာ နေထိုင်တဲ့ရိုဟင်ဂျာတစ်ဦးကလည်း အခုအဆက်အသွယ်ပြတ်နေတဲ့ စက်လှေမှာ သူ့ဆွေမျိုးအချို့ ပါသွားခဲ့ပြီး အလောင်းတွေ့တယ်လို့ သတင်းကြားရတယ်လို့ ဆိုပါတယ်။ “ညီတွေ၊ တူတွေ ပါသွားကြတယ်။ ဒုတိယ တခေါက်သွားတဲ့လှေမှာပါ။ အလောင်းတွေ တွေ့တယ်လို့တော့ တဆင့်စကား ကြားရတယ်။ စက်လှေက ဧရာ၀တီဘက်မှာ ပျက်တာပြောတယ်”လို့ သူက ဆိုပါတယ်။

ရခိုင်ပြည်နယ်အတွင်းက ရိုဟင်ဂျာဒုက္ခသည်တွေဟာ ဒေသတွင်း စားဝတ်နေရေးကြပ်တည်းတာကြောင့် ဒေသခံ ပွဲစားတွေနဲ့ ချိတ်ဆက်ပြီး မလေးရှား၊ အင်ဒိုးနီးရှားစတဲ့နိုင်ငံတွေဆီ စက်လှေတွေနဲ့ ဘင်္ဂလားပင်လယ်ပြင်နဲ့ အန်ဒမန်ပင်လယ်ပြင်တို့ကို ဖြတ်ကာ ခက်ခက်ခဲထွက်ခွာနေကြတာပါ။ ရိုဟင်ဂျာတွေကို ခေတ်အဆက်ဆက်အစိုးရတွေဟာ ရွာပြင်၊ စခန်းအပြင်မထွက်ရဘဲ စခန်းတွင်း လှောင်ပိတ်ထားခဲ့ကြတာကြောင့် ရခိုင်ကနေ ပြင်ပဆီ ခက်ခက်ခဲခဲထွက်ခွာနေခဲ့ကြတာဖြစ်ပါတယ်။

၂၀၂၃ ရခိုင်ဒေသ တိုက်ပွဲတွေနောက်ပိုင်း အာရက္ခတပ်တော်(AA)ကတော့ ဒေသခံရိုဟင်ဂျာတွေကို ခရီးသွားလာခွင့်၊ ရွှေ့ပြောင်းအလုပ်လုပ်ခွင့်တို့ ပေးထားပေမယ့် တိုက်ပွဲနောက်ဆက်တွဲ စီးပွားရေးကြပ်တည်းတာ၊ အာဏာသိမ်းစစ်တပ်က နိုင်ငံတကာအကူအညီကန့်သတ်ထားတာတို့ကြောင့် ပြည်ပထွက်ခွာမှုတွေ ဆက်ရှိနေတယ်လို့ ဆိုပါတယ်။

“အခု ကယ်ဆယ်ရေးတွေလည်း မရတော့ဘူး လုံး၀။ မိသားစုစားဖို့က အဆင်မပြေတော့ဘူးလေ။ ငါးဖမ်းဖို့ဆိုရင်လည်း ပင်လယ်မှာ စစ်တပ်ကရှိလို့ အဆင်မပြေ။ ငတ်ကြတယ်။ အဲလိုဆိုတော့ မလေးရှားကို သွားတဲ့သူတွေ များလာတာ။ အောင်အောင်မြင်မြင်ရောက်သွားတဲ့သူတွေလည်း ရှိတယ်” လို့ မြေပုံမြို့နယ် ရိုဟင်ဂျာဒုက္ခသည်စခန်းမှ ရိုဟင်ဂျာအမျိုးသမီးတစ်ဦးက ပြောပါတယ်။

ရိုဟင်ဂျာတစ်ဦးအတွက် မလေးရှားနိုင်ငံထိ ပို့ဆောင်ပေးမယ့်စရိတ်၊ ပွဲစားခအနေနဲ့ ကျပ်သိန်းရာဂဏန်းထိ ပေးကြရကာ ပွဲစားတွေထဲမှာ ရိုဟင်ဂျာတွေနဲ့ ရခိုင်ကုန်သည်တွေလည်း ပါဝင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကုလသမဂ္ဂရဲ့ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR)နဲ့ ရွှေ့ပြောင်းနေထိုင်သူများဆိုင်ရာအဖွဲ့(IOM)တို့ကလည်း အခုလို လှေနစ်မြုပ်မှုဖြစ်စဉ်တွေကြောင့် ရိုဟင်ဂျာငါးရာကျော်သေဆုံးနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ဧပြီလအအတွင်းကလည်း ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေ တင်ဆောင်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ပိုင်း တက္ကနာ့ဖ်မြို့ကနေ မလေးရှားနိုင်ငံဆီ ထွက်လာခဲ့တဲ့ လူ ၂၅၀ ကျော်ပါ စက်လှေတစ်စီးဟာလည်း အဆက်အသွယ်ပြတ်တောက်၊ ပျောက်ဆုံးနေခဲ့ပါသေးတယ်။

ဆက်စပ်သတင်းများ

သတင်း

အမေရိကန်၊ ဩစတေးလျနဲ့ မလေးရှားနိုင်ငံတို့မှာ ပြည်ပရောက် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားသူတွေ စုပေါင်းပြီး (၇၉) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနားနဲ့ လူထုသပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (ဇူလိုင် ၁၉) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

ရေဆက်တက်နေတဲ့ရခိုင်ပြည်နယ်၊ဘူးသီးတောင်မြို့မှာ ရေနစ်နေတဲ့ ဆယ်နှစ်အရွယ်ရိုဟင်ဂျာကလေးငယ်တဦးကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်(ULA/AA)လက် အောက်ခံကယ်ဆယ်ရေးအဖွဲ့က ကယ်ဆယ်နိုင်ခဲ့တယ်လို့​​ဒေသခံအချို့က​ပြောပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)ရဲ့ထိုးစစ်ကိုရင်ဆိုင်နေရတဲ့ အာဏာသိမ်းစစ်တပ်ဟာ စစ်တွေမြို့အဝင် ဂိတ်တွေကို တင်း ကြပ်ထားပြီး မြို့ထဲဝင်မယ့် ရိုဟင်ဂျာတွေကိုငွေတောင်းတာ၊ ရိုက်နှက်စစ်ဆေးတာတွေ လုပ်နေတယ်လို့ မြို့ခံတွေ နဲ့ ရိုဟင်ဂျာတွေက ပြောပါတယ်။

သတင်း

ရခိုင်ပြည်နယ်ဘူးသီးတောင်မြို့နယ်အတွင်းက လူနေကျေးရွာတွေအပါအဝင် နေရာလေးခုထက်မနည်းကို အာဏာသိမ်းစစ်တပ်က ဂျက်ဖိုက်တာသုံးစီး၊ ထောက်ပို့လေယာဉ် Y 12 တစီးတို့နဲ့ ဗုံးကြဲခဲ့တာ​ကြောင့်ရိုဟင်ဂျာကလေးငယ်တ ဦး ဒဏ်ရာအပြင်းအထန်ရသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။